စက်တင်ဘာ ၂၈ – ၂၀၂၅
SS (VOM)
မကွေးတိုင်းအတွင်းရှိ မြို့နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေ မြင့်တက်မှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး စိုက်ခင်းတွေနဲ့ လမ်း၊ တံတား ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်းအတွင်းက ပေါက်၊ ဂန့်ဂေါ၊ ဆော၊ မင်းဘူး၊ စကု အစရှိတဲ့ မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း မိုးကြီးခဲ့တာကြောင့် မုန်းချောင်း၊ယောချောင်း၊ ဆားပွက်ချောင်း၊ မန်းချောင်းနဲ့ မြစ်သာမြစ်ရေ မြင့်တက်မှုတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့လောက်က စပြီး မိုးဆက်တိုက် ရွာလိုက်တာပေါ့။ မိုးတအားကောင်းခဲ့တာ။ ကျွန်တော်တို့ ဒီ ပေါက်မြို့ဘက်မှာဆိုရင် စိုက်ခင်းတွေ ပျက်စီးကုန်တာ ခန့်မှန်းခြေ ဧက ၁၀၀ ဝန်းကျင်လောက် ရှိတယ်။ အတိအကျဆို ဒီထက် များမယ်ထင်တယ်။ ယောချောင်းရေ လျှံကျလာတာကြောင့်ပေါ့။ ရေမြုပ်ပျက်စီးတာလည်း ရှိသလို ရေစီးကလည်းသန်တော့ ကမ်းပါးတွေပဲ့ကျလို့ တချို့တဝက် ပါသွားတဲ့ စိုက်ခင်းတွေ၊ နုံးတင်လို့ ပျက်စီးကုန်တဲ့ စိုက်ခင်းတွေလည်း ရှိတယ်” လို့ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် မနေ့ စက်တင်ဘာ ၂၇ ရက်မှာ ရေတိုက်စားမှုကြောင့် ယောချောင်းတံတား တဝက်နီးပါး ရေနစ်မြုပ်ကာ တံတားအဝင် မြေသား ပဲ့ကျမှု ဖြစ်ပေါ်ခဲ့တဲ့အတွက် ပန်းဆန်ကျေးရွာမှ ဒေသခံတွေ ကိုယ်ထူကိုယ်ထ ပြန်လည် ပြုပြင်ခဲ့ရပြီး လက်ရှိအချိန်အထိ ချောင်းရေလည်း မလျော့သေးဘူးလို့ သိရပါတယ်။
ဒါအပြင် ဂန့်ဂေါခရိုင်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ် (တောင်ပိုင်း) မှာရှိတဲ့ မြစ်သာမြစ်ဟာလည်း ရေပိုလွှဲက ဖောက်ချတဲ့ရေနဲ့ တခြား ချောင်းလက်တက်တွေက စီးဝင်လာတဲ့ ရေတွေကြောင့် ကမ်းလုံးပြည့် ရေလျှံနေပြီး မြစ်ကမ်းနံဘေးရှိ စိုက်ခင်းတွေ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ဆော – ကျောက်ထု လမ်းပိုင်းမှာလည်း စက်တင်ဘာ ၂၅ ရက်နေ့၊ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေတိုက်စားပြီး မြေပြိုမှု ဖြစ်ခဲ့တဲ့အတွက် ပျက်စီးသွားတဲ့ လမ်းပိုင်းကို ဒေသခံ ပြည်သူတွေက ကိုယ်ထူကိုယ်ထ ပြန်လည် ပြုပြင်လျက်ရှိတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့မှာတော့ ကားအသေးတွေ အချိန်အကန့်အသတ်နဲ့ ဖြတ်သန်းသွားလာလို့ ရရှိနေပြီဖြစ်တယ်လို့ သိရပြီး လတ်တလော အနေအထားအရ အဲဒီ လမ်းပိုင်းမှာ မြေပြိုမှုတွေ ထပ်မံ ဖြစ်ပေါ်နိုင်သေးတဲ့အတွက် လမ်းပြုပြင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်နေစဉ်အတွင်း အချိန်အကန့်အသတ်နဲ့သာ ဆိုင်ကယ်တွေနဲ့ ကားငယ်တွေကို ဖြတ်သန်းခွင့်ပြုမှာဖြစ်ကာ ကားကြီးတွေကိုတော့ ဖြတ်သန်းသွားလာခွင့် မပြုသေးဘူးလို့ သိရပါတယ်။
အဲဒီလိုပဲ မင်းဘူးခရိုင်၊ စကုမြို့မှာလည်း မိုးရွာသွန်းမှုကြောင့် မန်းချောင်းရေတက်ပြီး ရေကြီးခဲ့တဲ့အတွက် စပါးနဲ့ နှမ်းစိုက်ခင်းတွေ ပျက်စီးခဲ့သလို မင်းဘူးမြို့နယ်မှာလည်း ဆားပွက်ချောင်းရေ မြင့်တက်မှုကြောင့် ကျောက်တန်း ကျေးရွာအတွင်း ရေဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မင်းဘူးမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့မှ စတင်ကာ ရွှေစက်တော်ဘုရား အောက်စက်တော်ရာအတွင်း မန်းချောင်းရေ ဝင်ရောက်မှု ဖြစ်ပေါ်နေပြီး ရေအကျ နှေးနေတဲ့အတွက် လက်ရှိအချိန်အထိ ဘုရားပရဝုဏ်အတွင်း ရေကျန်နေသေးတယ်လို့ သိရပါတယ်။
လက်ရှိ မိုးလေဝသ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မိုး/ဇလဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၂၈ ရက်၊ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” ဟာ အနောက် – အနောက်မြောက်ဘက်ကို ရွေ့လျားလျက်ရှိပြီး ဆက်လက် တည်ရှိနေတယ်လို့ သိရပါတယ်။
ခန့်မှန်းချက်တွေအရ အဲဒီ တိုင်ဖွန်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး ဒီကနေ့ ညပိုင်းမှာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ကမ်းခြေဒေသတွေကို တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်နဲ့လည်းကောင်း၊ မနက်ဖြန် စက်တင်ဘာ ၂၉ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံနဲ့ လာအိုနိုင်ငံနယ်စပ်တို့ကို အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်နဲ့လည်းကောင်း၊ စက်တင်ဘာ ၃၀ ရက်နေ့မှာ လာအိုနိုင်ငံကို အပူပိုင်းမုန်တိုင်းငယ်အဖြစ်နဲ့ လည်းကောင်း ဖြတ်ကျော်နိုင်တယ်လို့ သိရပါတယ်။
မနေ့ စက်တင်ဘာ ၂၇ ရက်၊ ညနေ ၄ နာရီအချိန် ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်း သတိပေးချက်မှာတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေခြင်းအပြင် တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ဘူအလွိုင်” မှ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေနဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ လေထု မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် မနေ့ ညနေပိုင်းမှ လာမယ့် အောက်တိုဘာ ၃ ရက်နေ့အထိ နေရာအနှံ့အပြားမှာ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
မိုးရွာသွန်းနိုင်တဲ့ ဒေသတွေနဲ့ မိုးရွာသွန်းမှု အခြေအနေတွေကတော့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်း ပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် အဲဒီဒေသတွေက ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားကြစေလိုသလို ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်း ပျံသန်းရေးနဲ့ ဆည်မြောင်း တာတမံတွေအနေနဲ့လည်း လိုအပ်တာတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေး နှိုးဆော်ထားပါတယ်။
Photo – CJ
