စက်တင်ဘာ ၂၈ – ၂၀၂၅
SS (VOM)
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ ဗိုလ်ချုပ်ကြီးခင်ညွန့် နေထိုင်ခဲ့ဖူးတဲ့ နေအိမ်မှာ မနေ့ စက်တင်ဘာ ၂၇ ရက်၊ ည ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်အတွင်း နေထိုင်သူတွေဆီက သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အဲဒီနေအိမ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်လောက်က နေထိုင်ခဲ့တာလို့ သိရပြီး လက်ရှိမှာတော့ လူမျိုးခြား မိသားစုတစုက အဲဒီအိမ်ကို ပိုင်ဆိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဟိုးအရင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းကတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် နေထိုင်ခဲ့တဲ့အိမ်ပေါ့။ ကျွန်တော်တို့ ကြားရသလောက်တော့ ဦးခင်ညွန့်ဆီက ဝန်ကြီး ဦးတင့်ဆန်းရဲ့ သားလားမသိဘူး၊ ဝယ်လိုက်တယ်ကြားတယ်။ သူတို့ အဲဒီမှာ ခဏနေသေးတယ်။ အခု နောက်ဆုံး ပိုင်ရှင်ကတော့ လူမျိုးခြားမိသားစု။ မနေ့ကတောင် မီးလောင်တော့ အဲဒီ အိမ်ပိုင်ရှင်တွေ ရောက်လာသေးတယ်” လို့ ရွှေတောင်ကြား ရပ်ကွက်အတွင်း နေထိုင်သူက ပြောပါတယ်။
မီးလောင်မှု ဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရ မရှိခဲ့ဘူးလို့ သိရပြီး လက်ရှိမှာ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်း စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
“မီးလောင်တဲ့အချိန် အိမ်မှာ လူမရှိဘူးလို့လည်း သိရတယ်။ အိမ်ပိုင်ရှင်တွေကလည်း အဲဒီအိမ်မှာ မနေကြဘူး။ အိမ်စောင့်တော့ ထားထားတယ်။ ဒါပေမယ့် မီးလောင်တဲ့အချိန် အဲဒီ အိမ်စောင့်လည်း မရှိဘူးလို့ သိရတယ်။ မီးက အိမ်အပေါ်ထပ်ကနေ လောင်တာ။ အပေါ်ထပ်တောင်မှ တခြမ်းစာလောက်ပါပဲ။ အောက်ဘက်ကို မီးနည်းနည်းကူးပဲတယ်” လို့ သူက ပြောပါတယ်။
အဲဒီ မီးလောင်မှု ဖြစ်ပွားရာနေရာကို တာမွေမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစီးနဲ့ ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီးတို့ ထွက်ခွာ မီးငြှိမ်းသတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီ မီးလောင်မှုဟာ မိနစ် ၂၀ ကျော်လောက်သာ ကြာမြင့်ခဲ့ပြီး ည ၁၁ နာရီ ၇ မိနစ်အချိန်မှာ မီးထိန်းနိုင်ခဲ့ကာ ည ၁၁ နာရီ ၁၆ မိနစ် ဝန်းကျင်မှာတော့ အပြီးသတ် မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ငါးလအတွင်း တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ မီးလောင်မှု ၆၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီးနဲ့ လျှပ်စစ်ကြောင့် မီးလောင်ကျွမ်းမှု အများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံတဝန်းလုံး မီးလောင်မှု အကြိမ်ရေ စုစုပေါင်း ၁၁၅၀ ကြိမ် ဖြစ်ပွားခဲ့ပြီး ၉၉ ယောက် သေဆုံးခဲ့ကာ ၁၃၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – MFSD
