လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်‌အောက်မှာ (၁၂)

ဆူးငှက်
လက်ကမ်းစာစောင်သာသာ လက်ရေးသတင်းစာလေးပေမယ့် သတင်းစာ၏ ခေါင်းကြီးအားလုံးလိုလိုကို ဒေါ်ဒေါ်လူထုဒေါ် အမာက ရေးပေးသည်။ သတင်းစာအတွက်လိုအပ်သော အကြံဉဏ်နှင့် လမ်းညွှန်မှုတွေကိုသတင်းစာဆရာစာရေးဆရာမကြီး ဒေါ်ဒေါ်လူထု ဒေါ်အမာဆီကခံယူခဲ့ကြရသည်။ ညပိုင်း ၈နာရီ သတင်းအပြီး ဘီဘီစီအသံလွှင့်အစီအစဉ်တွေအပြီး ဒေါ်ဒေါ်က အယ်ဒီတာ့အာဘော်ခေါင်းကြီးကို ရေးပါသည်။ ဒေါ်ဒေါ်ရေးပေးတယ်ဆိုတာအယ်ဒီတာအဖွဲ့ဝင်(၃)ဦးလောက်ကလွှဲပြီးဘယ်သူမှမသိစေခဲ့။ မူရင်း ဒေါ်ဒေါ့်လက်ရေးကို သားဖြစ်သူ ဆရာညီပုလေး၊ ဒါမှမဟုတ် အတူနေ ဒေါ်ဒေါ့်တူ၊ တူမများက ပြန်ကူးရေးပြီး ည ၉နာရီခွဲဝန်းကျင်၊ ဒေါ်ဒေါ့်တူ ဖြစ်သူက သတင်းစာထုတ်သည့် သပိတ်စခန်းကို လာပြီး ကျွန်တော့် လက်ထဲထည့်သည်။ ကျွန်တော်က အယ်ဒီတာချုပ်ရုံးခန်းထဲ ဝင်ပေးပြီးမှ ဖောင်ပိတ်ကြရသည်။ ဒေါ်ဒေါ်မရေးဖြစ်သော ခေါင်းကြီး ၂ပုဒ်လောက်ကိုတော့ ကျွန်တော်တို့နဲ့ ရင်းနှီးပြီး အစ်ကိုကြီးတစ်ယောက်လို စောင့်ရှောက်ပေးသည့် ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ရေးပေးတာလည်း မှတ်မိသည်။ ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ရှစ်လေးလုံးသတင်းစာမှာ “ဒေါ်ခင်ခင်ထူး” ကလောင်နာမည်နှင့်ရော၊ “ဝတ်လုံတော်ရ မောင်သောင်းဖေ” ကလောင်နှင့်ရော၊ “ဗဟိုတရားရုံးရှေ့နေတစ်ဦး”၊ “ဥပဒေပညာရှင်တစ်ဦး”စသည့် ကလောင်တွေနဲ့ရော ဥပဒေရေးရာ ဆောင်းပါးတွေရေးပေးသည်။
နောက် ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာမြသောင်း၊ ဆရာကြည်အောင်၊ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)၊ ဆရာသိုက်ထွန်းသက်၊ ဆရာညီပုလေး၊ ဆရာရဲသျှမ်းတို့ကလည်း ကလောင်ဝှက်တွေနဲ့ ဆောင်းပါးတွေ ရေးကြသည်။ ကျွန်တော်က သတင်းဓာတ် ပုံတွေရိုက်၊ သတင်းတွေလိုက်၊ အင်တာဗျူးတွေရေးပေါ့လေ …။ ရှစ်လေးလုံးသတင်းစာမှာ ဆောင်းပါးတွေသာမက ကာတွန်းတွေကိုလည်း ကာတွန်းမောင်ဝင်းအောင်(မန္တလေး)၊ ကာတွန်းစိန်မိုဃ်း၊ ကာတွန်းစိန်အောင်၊ ကာတွန်းလေရူး၊ ကာတွန်းနေလင်းအောင်၊ ကာတွန်း မောင်ဝင်းမောင်(တမ္ပဝတီ)၊ ကာတွန်းဂျင်ကလိ၊ ရောင်ခြည်ဦး၊ ဗိုလ်မြ၊ မှတ်ကြီး၊ ခရု၊ အေးထွေး၊ အူဝဲ၊ L.T တို့က ရေးကြ၏။ ကာတွန်း မောင်ဝင်းအောင်(မန္တလေး) က့ တိုက်ပိုင်ကာတွန်းဆရာဖြစ်သည်။ ဖောင်ပိတ်ချိန်မှာ ထိုနေ့ ရေပန်းစားနေသော သတင်းနဲ့ဆက်စပ်သရော်သည့် သတင်းကာတွန်း ကို ချက်ချင်းရေးဆွဲပေးသည်။ အဲဒီကာလက သူ့ကာတွန်း၊ သူ့ကယ်ရီကေချားတွေက ကမ္ဘာကျော်ခဲ့ပါ၏။
ဒေါ်ဒေါ်လူထုဒေါ်အမာမှာ ကြီးပွားရေးဂျာနယ်၊ လူထုဂျာနယ်၊ လူထုသတင်းစာများမှာ အယ်ဒီတာ၊ ပင်တိုင်ဆောင်းပါးရှင်း၊ နိုင်ငံရေး ဝေဖန်သူများအဖြစ် ရေးသားကာ သတင်းစာထုတ်ဝေသူလည်း ဖြစ်ခဲ့တာမို့၊ ၁၉၆၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့မှာ လူထုသတင်းစာနောက် ဆုံးထုတ်ဝေခွင့်ရခဲ့ပြီးနောက် သတင်းစာနဲ့ အဆက်ပြတ်သွားပေမယ့် “ရှစ်လေးလုံး” မှာ သတင်းစာဆရာဘ၀ ပြန်လည်ရှင်သန်လာတယ် လို့ ဆိုရပါမည်။ မနက် ၆နာရီအချိန်လောက်ထိ သတင်းစာမရောက်သေး၊ မဖြန့်နိုင်သေးရင် ဒေါ်ဒေါ်စိတ်ပူနေပါပြီ။ ယောက်ယက်ခတ်နေ ပါပြီ။ ကျွန်တော်တို့ကတော့ အေးဆေး … ။ ဒီမှာတင် ဒေါ်ဒေါ်ဟာ ဒေါသမဖြစ်စဖူး ဖြစ်ပါ၏။ စာဖောင်ရိုက်သော ပုံနှိပ်တိုက်က ဘုရားကြီး နားမှာ၊ အဲဒီက စာဖောင်တွေ လူထုတိုက်ရောက်လာပြီးမှ ဖြတ်ကာ ဖောင်ကောက်၊ ဖောင်ခေါက်တာပါ။ “သတင်းစာဆိုတာ မနက်လင်း တာနဲ့ အိမ်ပေါက်စေ့ရောက်ရတာ …။ မနက်ဆွမ်းခံကိုယ်တော်နဲ့၊ ပဲပြုတ်သည်တွေထက် သတင်းစာက နောက်မကျရဘူး၊ ညက ဖောင်ပိတ် နောက်ကျတာလား၊ ဖလင်ထုတ်နောက်ကျတာလား၊ စက်ပျက်တာလား၊ သွားမစုံစမ်းကြဘူးလား၊ ဒီလိုပဲ ထိုင်စောင့်နေကြမှာလား” စသည်ဖြင့် ဆူပူပါတော့သည်။ ဆိုက်ကားနှင့် စာဖောင်တွေရောက်လာတော့ ထိုင်ခုံလေးဆွဲပြီး ဒေါ်ဒေါ်က ကိုယ်တိုင် ဖောင်ကောက်တော့တာပါပဲ။ ဒေါ်ဒေါ်ဟာ သတင်းစာအပေါ် အဲလောက်ထိ သံယောဇဉ်ကြီးကာ ပရိသတ်အပေါ် အဲလောက်ထိ သစ္စာရှိခဲ့သည်။ ရှစ်မျက်နှာ၊ လေးဖောင်၊ လက်ရေးစာစောင်လေးပေမယ့် ဒေါ်ဒေါ်၏ လုံ့လက မလျော့ခဲ့။ သတင်းစာကြီးတစ်စောင်ကဲ့သို့ လုံ့လဝီရိယရှိခဲ့တာ စံနမူနာဖြစ်သည်။
“ရှစ်လေးလုံး” သတင်းစာမှာ ရက် ၂၀ သာ ကြာခဲ့ပေမယ့်၊ သတင်းစာ မနက်ပိုင်းထွက်အပြီး နေ့လယ်ရောက်ရင်၊ ဒေါ်ဒေါ်က အယ်ဒီတာချုပ်ရယ်၊ သူ့သား ဆရာညီပုလေးရယ်၊ ကျွန်တော်ရယ်ကို သူ့စားပွဲရှေ့ခေါ်ပြီး သတင်းစာလေးကိုင်ကာ မျက်နှာဖုံးမှ ကျောဖုံးထိ တစ်မျက်နှာချင်းကြည့်ကာ အားနည်းအားသာချက်များကို တစ်ပုဒ်ချင်း ဝေဖန်အကြံပြု သုံးသပ်သင်ကြားပေးပါတော့သည်။ ဒါဟာ တစ်သက်နဲ့တစ်ကိုယ် တက်ဖူးတဲ့ သတင်းစာသင်တန်းပါပဲ။ သတင်းစာကိုကျင့်ဝတ်နဲ့လျော်ညီစွာမူဝါဒအတိုင်းသိက်္ခာရှိရေးအတွက်ဦးစားပေးသွန်သင်ခြင်း ဖြစ်ပါ၏။ တစ်နိုင်ငံလုံး အုန်းအုန်းကြွက်ညံမျှ စိတ်ပျက်သရော်ခဲ့ကြသော သမ္မတသစ် ဒေါက်တာမောင်မောင်၏ မိန့်ခွန်းကို သတင်းစာမျက်နှာဖုံးမှာ ကယ်ရီကေးချားနှင့် သရော်တာထက် အတွင်းစာမျက်နှာမှာ မထင်မရှား ပါသွားသည့် ဥက္ကဋ္ဌကြီး ဦးနေဝင်း၏ သူပိုင်ငွေ ၁၈သိန်းကျပ်နှင့် ညီမျှသော ဂျာမန်မတ်ငွေများကို ရန်ကုန်နိုင်ငံခြားငွေလွှဲဘဏ်ကတစ်ဆင့် ဆွစ်ဇာလန်မှာရှိသော သူ့ဘဏ်ငွေစာရင်းထဲ လွှဲပေးဖို့ အမိန့်ပေးတာ ပေါက်ကြားသွားပြီး ရန်ကုန်က ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ က ကန့်ကွက်ဆန္ဒပြကြသည့် သတင်းကို မျက်နှာဖုံးမှာ သိသာထင်ရှားအောင် သတင်းပေးတာက ပိုပြီး ထိရောက်ကြောင်း ညွှန်ပြခဲ့သည်။ အလားတူ သတင်းစာမှာ လက်တွေ့မဆန်တဲ့ ဂမ္ဘီရဆန်ဆန် သတင်းတွေ၊ ဗေဒင်ယတြာဖြင့် အရေးတော်ပုံကြီး ကူပံ့မှုသတင်းတွေ၊ သူရဲကောင်းဆန်ဆန် စတန့်လုပ်ပြတဲ့သတင်းတွေ၊ အခြေအမြစ်မရှိတဲ့ ရာဇဝတ်မှုခင်းဆိုင်ရာ ကောလာဟလသတင်းတွေ မပါအောင် သတိပေး သလို ပါသွားရင်လည်း နောက်နောင်မထည့်ဖို့ ဒေါ်ဒေါ်က ဆုံးမသည်။
“ဒီအချိန်က အရေးကြီးဆုံးအချိန်ကွယ့်၊ အရေးတော်ပုံနဲ့ အရေးတော်ပုံ လုပ်ငန်းစဉ်တွေမှာ နှောင့်နှေးစေမယ့်၊ သံသယဖြစ်စေမယ့်၊ လမ်းလွဲစေမယ့် သတင်းမျိုး မထည့်ကြပါနဲ့ကွယ်”လို့ ပြောဆိုသည်။ အရေးတော်ပုံကြီးဟာ တစ်လတိတိ ကြာပြီး စက်တင်ဘာလဆန်းရက်ရောက် တော့ သတင်းစာလည်း မျက်နှာဖုံးတိုင်း ဆန်္ဒပြစစ်ကြောင်းပုံချည်းဖြစ်နေတော့ အယ်ဒီတာအဖွဲ့အနေနှင့်အားမရဖြစ်နေကြသည်။ ပရိသတ်လည်း စိတ်ဝင် စားလောက်အောင် သတင်းစာကိုလည်း ဆွဲဆောင်မှုရှိအောင် ခေါင်းချင်းဆိုင်ကြ သည်။ ဒေါ်ဒေါ်မထင်မှတ်ဘဲ ပြောထားသော စကားတစ်ခွန်းအရ ၁၃၀၀ ပြည့် အရေးတော်ပုံကာလ မန်္တလေးအာဇာနည် ၁၇ ဦးနှင့် ပတ်သက်တာတွေ သမိုင်းမပျက် အောင် (အဲဒီအချိန် နှစ် ၅၀ တိတိကြာတဲ့ ၁၃၅၀ ပြည့်ကာလမှာ) ပြန်လည်ဖော်ထုတ် သင့်ကြောင်း နာကြားဖူးတာကြောင့် ကျွန်တော်တို့သည် နောက်ရက်ထွက်မည့် သတင်းစာမှာ အပြောင်းအလဲဖြစ်အောင် မန်္တလေး အာဇာနည် ၁၇ ဦးဗိမာန်ကို မျက်နှာဖုံး တင်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် တမ်္ပဝတီသူကြွယ်ကုန်းက အာဇာနည်ဗိမာန်ကို ဓာတ်ပုံရိုက်၊ လိုအပ်သော သမိုင်းအချက်အလက်များ ရှာဖွေရေးသား တယ်။ မန်္တလေး ၁၃၀၀ ပြည့်အရေးတော်ပုံ ရွှေရတုအထိမ်းအမှတ်ပေါ့ …။
ဒါကြောင့် ည ၈နာရီဝန်းကျင် မျက်နှာဖုံးအတွက် ဓာတ်ပုံချပေး၊အချက်အလက် စာသားတွေချပေး၊ အယ်ဒီတာချုပ်ထံ ခွင့်ပန်ပြီး အိမ်ပြန်ခဲ့သည်။ နောက်ရက် မနက် ရှစ်လေးလုံး သတင်းစာထွက်တော့ မျက်နှာဖုံးက မနေ့ညက ဆုံးဖြတ်ခဲ့တာ မဟုတ်တော့။ ညတွင်းချင်းပဲ မန်္တလေးနှင့် အလှမ်းမဝေးသော မြို့တစ်မြို့မှာ အရေးတော်ပုံအတွင်း ချက်ချင်းထင်ရှားလာသည့် ခေါင်းဆောင်တစ်ဦး ထောင်ကလွတ်လာကာလူထုတရားပွဲကြီးကျင်းပသော သတင်းကိုသတင်းဓာတ်ပုံများနှင့် ဝေေ၀ဆာဆာ ဖော်ပြထားသည့် မျက်နှာဖုံး ဖြစ်နေသည်။ ဒါဟာ သတင်းဦးပဲ၊ သတင်းထူးပဲ။ ညတွင်းချင်း အဲဒီမြို့ကို ခက်ခက်ခဲခဲသွား၊ ဓာတ်ပုံရိုက် သတင်းယူပြီး အမြန်ဆုံး ထည့်လိုက်တာ။ သူများထက်သတင်းဦးလို့ ထူးလို့ ကျွန်တော်တို့ အလွန်ဝမ်းမြောက် ပီတိဖြစ်နေကြသည်။ သတင်းစာလေးကိုင်ပြီး ကျေနပ်မဆုံးပါပဲ။ ထိုသို့ သူရဲကောင်းဆန်ဆန် ခေါင်းဆောင်တစ်ဦး ပေါ်လာတာကို ရှစ်လေးလုံးသတင်းစာက မျက်နှာဖုံးက ကောင်းချီးသြဘာပေး ရေးသားလိုက်ခြင်းအပေါ် ဒေါ်ဒေါ်က ဝေဖန်သည်။ “အရေးတော်ပုံ တိုက်ပွဲတွေဟာ လူထုမပါဘဲ မဖြစ် ဘူး။ လူထုက အဓိက အင်အားဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ရှေ့ရောက်လာတဲ့သူတစ်ဦးကို ဒီလောက် အမွှမ်းမတင်သင့်ဘူး။ လူထုအင်အားကို ဥပေက္ခာပြုရာရောက်တယ်။ ရှေ့မှာ သူ့သမိုင်းက အရှည်ကြီး ကျန်သေးတယ်။ သတင်းစာတစ်စောင်အနေနဲ့ ပုဂ္ဂိုလ် တစ်ယောက်နဲ့ပတ်သက်ပြီး သမိုင်းမသိဘဲ အဆုံးအဖြတ်မမြန်စေနဲ့၊ ချစ်သူမို့ မသာစေနဲ့၊ မုန်းသူမို့လည်း မနာစေနဲ့” တဲ့။ မှန်လိုက်လေ။ အဲဒီပုဂ္ဂိုလ်က ဆယ်စုနှစ်အတွင်းမှာပဲ လူထုနဲ့ဆန့်ကျင်တဲ့ဖက်၊ လူထုကို ဖိနှိပ်ပြီး ကိုယ်ကျိုးစီးပွားရှာတဲ့ ဖက်လုံးလုံးကြီး ရောက်သွားတာ ပါပဲ။
နောက် … အဲဒီကာလ သူခိုးမိလို့ အင်္ကျီချွတ်ပြီး တစ်နေကုန် နေပူလှန်း အပြစ်ပေးတဲ့ သတင်းတို့ …၊ အာဠဝီ စီလမ်းထိပ်မှာ ဝါးလုံးတိုင်ကြီးစိုက်ပြီး ဒီမိုကရေစီ မရမချင်း ဝါးလုံးတိုင်ထိပ်က မဆင်းဘဲ ဆန္ဒပြမယ်ဆိုတဲ့ တစ်ကိုယ်တော် စတန့်သတင်းမျိုးလည်း ဒေါ်ဒေါ် က မသုံးစေ၊ မဖော်ပြစေချင်ခဲ့။ “သတင်းဆိုတာ မှန်တယ်ဆိုတိုင်း ဖော်ပြစရာမလိုဘူး။ စာဖတ်ပရိသတ်အတွက် အကျိုးရှိရဲ့လား၊ အကျိုးမရှိရုံမက လတ်တလောဖြစ်ပေါ်နေတဲ့ တိုင်းပြည်အခြေအနေမှာ အဆိုးဖက်ရောက်စေသလား၊ ဒီလို စတန့်တွေကြောင့် တိုက်ပွဲလမ်းကြောင်းအတွက် အဟန့်အတား ဖြစ်စေသလား ဆိုတာတွေ ကြည့်ရမယ်။ ဒီအချိန်ဟာ သိပ်အရေးကြီးတဲ့အချိန်မို့၊ သတင်းထုတ်ပြန်မှုတွေဟာလည်း သိပ်အရေးကြီးတယ်။ သတိထားရမယ်” လို့ ဒေါ်ဒေါ်က ပြောသည်။
ဒါကြောင့်လည်း အဲဒီကာလ အရေးတော်ပုံ အရှိန်ရတာနှင့်အတူ၊ ကောလာဟလများ တန်ပြန်သပိတ် အစီအစဉ်များ၊ ရာဇဝတ်မှုခင်းများနှင့် အရေးတော်ပုံကို သိက္ခာချအပုပ်ချဖို့ ကြံစည်ကြမှုများ စတင်လာချိန်၊ မန္တလေးမြို့လယ်၊ ဘုန်းကြီးကျောင်းတိုက်ကြီးတစ်တိုက် ဘေးက သင်္ကန်းဝတ်တစ်ယောက် လမ်းလယ်ခေါင် သေဆုံးရတဲ့ ရာဇဝတ်မှုခင်းသတင်းကလည်း အုတ်အော်သောင်းတင်း ဖြစ်ခဲ့သည်။ ထိုသတင်းကို ရှစ်လေးလုံးသတင်းစာအနေနှင့် ကျွန်တော်ကိုယ်တိုင် အဖြစ်အပျက်ဖြစ်စဉ် အစအဆုံး ဓာတ်ပုံရိုက်ကာ ကိုသန့်ဇော်နှင့်အတူ သတင်းယူနိုင်ခဲ့ပါ၏။ ဒါပေမယ့် နောက်ရက်မနက်သတင်းစာမှာ ထိုသတင်းကို ကျွန်တော်တို့က လုံးဝမထည့်ခဲ့။ ထိုဓာတ်ပုံတွေ ရိုက်ထားသော ဖလင်နဂ္ဂတစ် တစ်လိပ်ကျော်နှင့် သတင်းဖြစ်စဉ် အစအဆုံး အစီရင်ခံစာကိုပဲ သက်ဆိုင်ရာ နယ်မြေသပိတ်ကော်မတီက ချက်ချင်း အပ်နှံခဲ့သည်။
“ရှစ်လေးလုံး” သတင်းစာ၏ မူဝါဒနှင့် ရပ်တည်ချက်ကို သိရှိနားလည်နေကြသည့် စာဖတ်ပရိသတ်က အဆိုပါ မှုခင်း ဖြစ်ပွားသော ညမှာပဲ၊ နောက်ရက်ထွက်မယ့် “ရှစ်လေးလုံး” သတင်းစာမှာ ဒီသတင်းမပါတဲ့ဘက်က လောင်းမယ်ဟု လောင်းကြေးထပ်ကြသတဲ့။ ကျွန်တော်က ရှစ်လေးလုံး တာဝန်လက်ပတ်နှင့် အစအဆုံး ဓာတ်ပုံရိုက် သတင်းယူနေတာ မြင်ရသော သာမန်ပရိသတ်ကတော့ နက်ဖြန်သတင်းစာမှာ ဒီသတင်း သေချာပေါက်ပါမှာဆိုပြီး လောင်းကြေး လိုက်ကြသတဲ့။
ဟုတ်ကဲ့ …။ ဒီသတင်းကို “ရှစ်လေးလုံး” သတင်းစာမှာ မပါတဲ့ဘက်က နောက်ရက်မနက်မှာ လက်ဖက်ရည်နဲ့ ထပ်တရာစားရ ကာ အနိုင်ရသွားကြတာလည်း အမှတ်တရဖြစ်သည်။ ဒါကလည်း သတင်းစာ လုပ်သက် ရက်အနည်းငယ်အတွင်း လူထုသတင်းစာ၏ ပြည်သူမျက်နှာပြု ရပ်တည်ချက်နှင့် ကျင့်ဝတ်ကို ဒေါ်ဒေါ်က သင်ကြားပေးလိုက်တာပဲ မဟုတ်ပါလား။ ထိုမျှမက စစ်အာဏာသိမ်းသည့် စက်တင်ဘာ၁၈ရက်မှာပင် တစ်နေရာရှောင်ကြပြီး ၁၉ရက်နေ့မနက် သတင်းစာကို မြို့လယ်ခေါင်က သံဆူးကြိုးပိတ် လမ်းမတွေပေါ် ဖြန့်ချိပြီး လူစုမကွဲဘဲ တရုန်းရုန်းလုပ်နေကြသည့် ကျွန်တော်တို့ကို ဒေါ်ဒေါ်ကပဲ ချက်ချင်းလူစုခွဲစေကာ အန္တရာယ်မှ ရှောင်ရှားခိုင်းခဲ့ပါ၏။
-ဝ- -ဝ- -ဝ-
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW