ကျောက်မဲမြို့ အဝင် ခိုမုန်းရွာအထိ တိုက်ပွဲဖြစ်ပွားလာပြီး ကျောက်မဲကို TNLA လက်လွှတ်ရဖွယ်ရှိ

စက်တင်ဘာ ၂၉၊ ၂၀၂၅
Shy V (VOM)
TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ အဝင် ခိုမုန်းရွာ အထိ ဒီနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ပိုင်းကစ တိုက်ပွဲ ဖြစ်ပွားလာ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“တိုက်ပွဲက ခိုမုန်း အထိ ရောက်ရှိ လာပြီ ဆိုပါတော့။ TNLA ဘက်က ပြန် ပစ်သံတော့ သိပ်မကြားရဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ခိုမုန်းရွာဘက် စစ်မရှောင်နိုင်တဲ့ ဒေသခံတွေရှိနေသေးပြီး လေယာဉ် ဗုံးကြဲချခဲ့ သံပါ ကြားရပေ‌မယ့် အခြေအနေ မသိနိုင်သေးဘူးလို့ သူက ပြောပါတယ်။
“ခိုမုန်းရွာ တောင်ဘက် ဒရုန်းဗုံးကြဲသွားတယ် သိပ်မကြာသေးဘူး။ ခိုမုန်းက မြို့‌တွင်းနဲ့ ၂ မိုင်လောက်ပဲဝေးတာ။ ပြည်ထောင်စု လမ်းမ ပေါ်ပဲ” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ခိုးမုန်းတောင်ဘက် ဒရုန်းဗုံးကြဲချခဲ့သလို နေ့လယ်ခန့်ကလည်း လုံဝယ်ရွာအနီး စီပီကုန်းဘက် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားသံတွေကြားနေရပြီး Y-12 ဗုံးကြဲ တိုက်ခိုက်သွားတာလည်း ရှိတယ်လို့ သူက ပြောပါတယ်။
TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့ဘက်က ဆုတ် ပစ်ပစ် နေတာတွေ့ရပြီး နလအ တပ်ဘက်ကတော့ ကျောက်မဲ အဝင် ဆိုင်းဘုတ်ကို လှမ်းမြင်နေရတဲ့ အနေအထား ရောက်လာပြီဖြစ်ကာ ကောလိဟိုတယ်ကိုပါ ဒရုန်းနဲ့ တိုက်ခိုက်တာရှိကြောင်း၊ ပြည်ထောင်စုလမ်းမ စခန်းသာဘက်လမ်းကြောင်းနဲ့ မိုင်းတင်းဘက်လမ်းကြောင်း တွေကနေ ပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ နလအ တပ်ဖွဲ့နဲ့ နီးစပ်သူတွေရဲ့ ဆိုရှယ်မီဒီယာတွေမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က နလအ တပ်ဖွဲ့က စခန်းသာ နဲ့ မိုင်းတင်း ဖြတ်လမ်းပေါ် က ပင်တီးရွာရှိ ပင်တီးဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့သလို မိုင်းတင်းရွာ အနီးက နမ့်ဆော့ရွာကိုလည်း လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
နလအ တပ်ဖွဲ့ ဘက်ကတော့ လေကြောင်း၊ ဒရုန်း တွေကို အဓိက သုံး လမ်းကြောင်းရှင်းပြီးမှ မြေပြင် စစ်ကြောင်း ထိုးလိုက်လာတဲ့ ပုံစံဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ကစ နလအ တပ်ဖွဲ့ ဟာ ကျောက်မဲမြို့နယ်အတွင်း တန်ပြန် ထိုးစစ်ဆင်နေကာ ကျောက်မဲမြို့နယ်အတွင်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေတာ တလ ခန့်ကြာပြီဖြစ်ပြီး ဒေသခံ သောင်းချီ တိုက်ပွဲလွတ်ရာ ရှောင်တိမ်းကြရကာ စစ်ရှောင်ကာလ ကြာလာတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံနေကြရတယ်လို့ ဆိုပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW