စက်တင်ဘာ ၂၉ – ၂၀၂၅
SN (VOM)
လက်ရှိ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” ရဲ့ အရှိန်ကြောင့် လာမယ့် အောက်တိုဘာ ၁ ရက်နေ့ထိ မြန်မာနိုင်အတွင်းက နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” ဟာ မနေ့ စက်တင်ဘာ ၂၈ ရက်၊ ညပိုင်းမှာ ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်ခဲ့ပြီးဖြစ်ကာ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်၊ နေ့လယ်ပိုင်း အချိန်မှာတော့ လာအိုနိုင်ငံကို ရောက်ရှိနေပြီဖြစ်ကာ အပူပိုင်းမုန်တိုင်းအဆင့်နဲ့ အားလျော့လာတဲ့ အနေအထားမျိုးရှိတယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“အဲဒီမုန်တိုင်းက လာအိုနိုင်ငံအတွင်းမှာပဲ မုန်တိုင်းငယ်အဖြစ် အားလျော့သွားပြီးရင် လာအိုနဲ့ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေကို မုန်တိုင်းငယ်အဆင့်နဲ့ ဆက်ပြီးတော့ ဖြတ်မယ့်အနေအထားမျိုး ရှိတယ်။ ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ၊ မြစ်ဝကျွန်းပေါ် ဒေသတွေ၊ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေပေါ့။ ဒီဒေသတွေမှာတော့ နေရာ အနှံ့အပြားကနေ နေရာစိတ်စိတ် မိုးထစ်ချုန်းရွာပြီးတော့ နေရာကွက် မိုးကြီးတာတို့၊ ဒေသအလိုက် မိုးကြီးတာတို့ ဒါမျိုးလေးတွေ ဖြစ်နိုင်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် မုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေဟာ မြန်မာနိုင်ငံထဲမှာ လေပွေလှိုင်းအနေနဲ့ ဆက်လက် ဖြတ်သန်းမှာဖြစ်တဲ့အတွက် တချို့သော ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်တဲ့ ဖြစ်စဉ်တွေအပြင် လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်း ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သူက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်၊ နေ့လယ် ၁၂ နာရီအချိန် ထုတ်ပြန်တဲ့ နောက် ၄၈ နာရီအတွင်း ခန့်မှန်းချက်မှာလည်း အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” ဟာ အနောက် – အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို ရွေ့လျားသွားပြီးနောက် ဒီကနေ့ စက်တင်ဘာ ၂၉ ရက်၊ ညနေပိုင်းမှာ လာအိုနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသတွေကို အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အဖြစ်နဲ့လည်းကောင်း၊ စက်တင်ဘာ ၃၀ ရက်နေ့၊ မနက်ပိုင်းမှာ လာအိုနိုင်နဲ့ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေကို အပူပိုင်း မုန်တိုင်းငယ်အဖြစ်နဲ့လည်းကောင်း ဆက်လက် ဖြတ်ကျော်နိုင်တယ်လို့ သိရပါတယ်။
အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” မှ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် ဒီကနေ့ စက်တင်ဘာ ၂၉ ရက်၊ မနက်ပိုင်းမှ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့အတွင်း တိုင်းနဲ့ပြည်နယ် အနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ ဆက်လက် ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
မိုးရွာသွန်းနိုင်တဲ့ ဒေသတွေနဲ့ မိုးရွာသွန်းမှု အခြေအတွေကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးန်ုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့
သဘာဝ ဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် အဲဒီဒေသတွေက ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်တွင်း ရေကြောင်းသွားလာရေး၊ လေကြောင်း ပျံသန်းရေးနဲ့ ဆည်မြောင်း တာတမံတွေ အနေနဲ့လည်း လိုအပ်တာတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါအပြင် မုတ်သုံလေ ပြန်လည် ထွက်ခွာမှု အခြေအနေအနေနဲ့ လက်ရှိမှာ အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကနေ ဆုတ်ခွာခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေတယ်လို့ သိရပါတယ်။
Photo – DMH
