စက်တင်ဘာ ၂၉၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့သီတာရပ်ကွက်၊ ဆုတောင်းပြည့် ဘုရားအနီး လမ်းကြားမှာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က မိန်းကလေး တယောက် ဓားနဲ့ ထိုးသတ်ခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နားရဲ့ အောက်မှာ ဓားနဲ့ ထိုးထားတာ။ ခေါင်းပိုင်းလို့ ပြောလို့ ရတာပေါ့။ ဓားပြတော့ မဖြစ်နိုင်ဘူး။ ဆွဲကြိုးနဲ့ လက်စွပ် ရော ရှိသေးတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
သမီးရည်းစား ပြဿနာကြောင့် မဟုတ်ရင် မကျေနပ်သူ တယောက်ယောက် လက်စား ချေတာပဲ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
“သေဆုံးသွားတဲ့ သူ ဘယ်သူဆိုတာလည်း မသိရသေးဘူး။ ပိုင်ရှင် မသိရသေးဘူး။” လို့ အမျိုးသား တယောက်က ပြောပါတယ်။
သေဆုံးသွားတဲ့ မိန်းကလေး အလောင်းကိုတော့ လူမှုကူညီရေးအသင်းက ရေခဲတိုက် ကိုပို့ဆောင်ပေးထားတယ်လို့သိရတယ်ပြီးး သေဆုံးသွားတဲ့ အမျိုးသမီး ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို စုံစမ်း နေကြဆဲဖြစ်ကာ လူသတ်မှု ကျူးလွန်ခဲ့သူကိုလည်း ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မြစ်ကြီးနာမြို့မှာ မကြာခဏ လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှုတွေ ပိုပို ဖြစ်ပွားလာနေတာကြောင့် လုံခြုံမှု မရှိတော့ပဲ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd# ဒေသခံ
