လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၁၃)

ဆူးငှက်

(၆)
၁၉၈၈ လူထုအရေးတော်ပုံကြီး နောက်ပိုင်း စာရေးဆရာအများစုမှာ ပိုမိုစုစည်းမိသွားကြသည်။ မဂ္ဂဇင်းတွေလည်း အသစ်အသစ်ထွက်ကြ။ ထွက်သမျှကလည်း မန္တလေးတက်ပြီး စာမူတောင်းကြ။ မန္တလေး၏ ပြောင်းလဲလာသော လူမှုဝန်းကျင်နှင့် ဈေးကွက်စီးပွားရေး၏ ဘေးထွက်အကြောင်းအရာတွေက ဝတ္ထုတို ကုန်ကြမ်းတွေ ဖြစ်လာသည်။ အချင်းချင်းလည်း ပိုမိုစုစည်းဖြစ်လာကြ၏။ ဆရာညီပုလေးတို့၏ ထီးပေါင်းကားစာအုပ်တိုက်ကလည်း လူထုတိုက်မှာ အခြေပြုကာ စာအုပ်တွေထွက်လာတော့ လူထုမှာ စုစည်းကြတာ ပိုစိပ်လာ၏။ သို့သော် အာဏာပိုင်၏ ဖိနှိပ်မှုက အပြင်းထန်ဆုံးကာလတွေမို့ မျက်ခြည်မပြတ် စောင့်ကြည့်ခံနေရသည့် လူထုတိုက်ဆီ အရိပ်ကိုပင် မနင်းဝံ့သူတွေနှင့်လည်း စည်းခြားသွား၏။ မည်သို့ဆိုစေ၊ ရှစ်လေးလုံး သတင်းစာကို အခြေပြု၍ ဒေါ်ဒေါ်အရိပ်အောက်တွင် သဘောထားတူကြသူများကတော့ ပိုလို့ စည်းလံးမိသွားကြ၏။

၁၉၈၉ ခုနှစ်၏ နောက်တစ်နေ့တွင် မွေးနေ့ဆွမ်းကပ်တစ်ခုကို အကြောင်းပြုပြီး နန်းရှေ့က သာသနာ့တက္ကသိုလ်တွင် စာရေး ဆရာတွေ ဆုံဖြစ်ကြသည်။ ဆရာညီပုလေး၊ ဆရာဝင်းစည်သူ၊ ဆရာကျော်ရင်မြင့်၊ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)၊ ဆရာသင့်နော် (ကိုသန်းဌေး-ဥတ္တရလွင်ပြင်) နှင့် ကျွန်တော်တို့ဖြစ်သည်။ ယခုနှစ်အတွင်း ကျရောက်သော ဒေါ်ဒေါ်လူထုဒေါ်အမာ၏ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ် ထုတ်ဝေခြင်း ငွေရတုသဘင်(၂၅နှစ်မြောက်) အမှတ်တရအစီအစဉ် ကျင်းပကြဖို့ တိုင်ပင်ဖြစ်ကြသည်။
ဒေါ်ဒေါ့် စာအုပ်တွေထဲက ကျွန်တော် အကြိုက်ဆုံးစာအုပ်ကို ရွေးပါဆိုလျှင် “ ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ကိုရွေးပါ့မည်။“ပြည်သူချစ်သော အနုပညာသည်များ” စာအုပ် က စာရေးဆရာ၊ သတင်းစာဆရာမကြီး လူထုဒေါ်အမာရေးသား ပြုစုခဲ့တဲ့စာအုပ်တွေထဲမှာ အထင်ရှားဆုံးစာအုပ်တစ်အုပဖြစ်သည်။ ဒေါ်ဒေါ်၏ “ပြည်သူချစ်သော အနုပညာသည်များ”စာအုပ်က ၁၉၆၄ခုနှစ် မေလ မှာ ပထမအကြိမ်ထုတ်ဝေပြီး ထိုနှစ် စက်တင် ဘာမှာ ဒုတိယအကြိမ်၊ ၁၉၆၇ဇူလိုင်မှာ တတိယ အကြိမ်၊ ၁၉၇၄မှာ စတုတ်္ထအကြိမ်နှင် နှစ်ပေါင်း ၂၀ ကျော်အကြာ ၁၉၉၇ ဒီဇင်ဘာရောက်မှ ပဉ်္စမ အကြိမ်အဖြစ် အကြိမ်ကြိမ်အုပ်ရေများစွာ ထုတ်ေ၀ ခဲ့ရတဲ့ စာအုပ်ဖြစ်သည်။

 

ပထမအကြိမ်ထုတ်သော ၁၉၆၄ခုနှစ်ဆိုသည်မှာ တော်လှန်ရေးကောင်စီတက်ပြီး တစ်နှစ်ကျော် ကြာအချိန်ပါ။ ထိုအချိန်မှာ သုံးစွဲနေသော ငွေစက်္ကူ တွေကိုလည်း တရားမဝင်ကြေညာ၊ တိုင်းပြည် မှာလည်း စီးပွားရေးလုပ်ငန်းကြီးများကို ပြည်သူပိုင် သိမ်းဆိုသော ကမောက်ကမအချိန်။ တစ်တိုင်း တစ်ပြည်လုံး စီးပွားရေးကျပ်တည်းနေချိန်ဖြစ်သည်။ ဒါပေမဲ့ ပထမအကြိမ် ရိုက်နှိပ်သော အုပ်ရေ ၃၅၀၀ က တစ်လကျော်အတွင်း ကုန်သွားအောင် ရောင်းရသည်။ ထို့ကြောင့် ထိုနှစ် စက်တင်ဘာလမှာပဲ ဒုတိယအကြိမ် ရိုက်နှိပ်ရပါသည်။ သုံးနှစ်ခြားပြီး ၁၉၆၇မှာ တတိယအကြိမ်။ နောက် ခုနစ်နှစ်ခြား ပြီး စတုတ်္ထအကြိမ် ရိုက်နှိပ်အပြီး နှစ်ပေါင်း ၂၀ ကျော် (တိတိကျကျဆိုရင် ၂၃နှစ်ခြားပြီး)မှ ပဉ်္စမ အကြိမ် ရိုက်နှိပ်ရသော စာအုပ်ဖြစ်သည်။
ဒေါ်ဒေါ်၏ ပြည်သူချစ်သောအနုပညာသည်များ စာအုပ်သည် ဈေးကွက်မှာလည်း ပရိသတ်၏ အားပေးမှုခံရသလို (အဲဒီအချိန်က) စာပေဗိမာန် စာပေဆုလည်း ချီးမြှင့်ခံရ၍ ပရိသတ်အကြိုက်နှင့် ထပ်တူမျှသော စာပေဆုဟု ပြောလို့ရသည်။

ကျွန်တော်အတွက် ပြည်သူချစ်သော အနုပညာသည်များ စာအုပ်နှင့်ပတ်သက်ပြီး အလွန်မှတ်မှတ်ရရရှိခဲ့ပါသည်။ ကျွန်တော်မွေးဖွားကြီးပြင်းရာ အရပ်က သဘင်သည်များ မဟုတ်သော်ငြား “သုခုမ”ပညာကို အတော်စိတ်ဝင်စား ကြိုက်နှစ်သက်တဲ့ နေရာပါ။ ရပ်ရွာဘုရားပွဲမှာ အရပ်ဇာတ်ကကြသည်။ ရပ် ကွက်ထဲမှာ အပျော်တမ်းခါးပြတ်တီးဝိုင်းလေး ထောင်ထာသည်။ ညနေချမ်း လက်ဖက်ရည်ကြမ်း ဝိုင်းမှာ ဇာတ်အကြောင်း၊ ဆိုင်းအကြောင်း၊ အငြိမ့် အကြောင်း၊ သီချင်းအကြောင်း၊ ဇာတ်ထုပ်ဇာတ် လမ်းအကြောင်း၊ ဧယင်ကျူးပညာအကြောင်း၊ သုခု မဆိုင်ရာ အကြောင်းခြင်းရာတွေကို ပြောကြဆိုကြသည်။ ဒါပေမဲ့ အရပ်စကားပေါ့။ ပါးစပ်ရာဇဝင် ပေါ့။ ကြားသိရတဲ့ သာမန် အချက်အလက်တွေပဲ ပေါ့။ ဝါသနာအရ ဇာတ်ဆိုမလွတ်တမ်း၊ အငြိမ့်ဆို မလွတ်တမ်း၊ဗလာဆိုင်းဆို မလွတ်တမ်းနားထောင် ကြည့်ရှုပြီး သူတို့ခါးပြတ်တီးဝိုင်းလေးက လေဘာ တီမမြရင်ရဲ့ “အလှူ့ရှင်”လည်း တီးနိုင်ရဲ့။ ဗေဒါကြီး ရဲ့ ဗျောညွန့်လည်းခေါက်နိုင်ရဲ့။ မြို့မက “ထပ်တစ်ရာလန်း”လည်း စည်းကိုက်ဝါးကိုက်ဟစ်နိုင်ရဲ့။ ထိုအကြောင်းအရာ၊ အချက်အလက်၊ အတွေ့အကြုံများကို လက်ဖက်ရည်ကြမ်းဝိုင်းမှာ ပြောကြ တော့ အိမ်ရှေ့ကဝိုင်းမို့ ကျွန်တော်က မကြားချင် အဆုံး။ ကိုယ်ကိုယ်နှိုက်ကလည်း ဝါသနာပါတော့ လူကြီးတွေကြား ဒူးကလေးတုပ်ပြီး နားထောင်တာ ပေါ့။ ဒီလိုနဲ့ “ထိလပ်ပိုးအူ”နားရည်ဝ။ “ရှစ်ဌာန သာလာယံ”နားရည်ဝ။ “ဗေဒါကြီးအငြိမ့်ညွန့်ပေါင်း”နားရည်ဝ။“လက်ရည်တစ်ပြင်တည်း”နားရည်ဝ။ “ရွှေ မောင်းတိုက်ရှေ့က ရေနွေးထည့်ပုလင်းခွံ၊ ရှမ်းပြည် ငှက်ဖျားနှင့်တုံးကျော်မ”နားရည်ဝ။ “ညချမ်းချိန်ခါ ဝယ်”နှင့် ပတ်္တာသုသာန်အဝင်ဝက အုတ်ကား၊ တိမ်လွှာမို့မိုလွင် နားရည်ဝဆဲ၊ ဆယ်အိမ်ပေါင်းမှ ရေဒီယိုတစ်လုံးမျှပင် မရှိသော ဘဝမို့ ဝမ်းကွဲအစ်ကို အပ်ချုပ်ဆရာရဲ့ အထည်ညှပ်ရင်း ချွဲချွဲနွဲ့နွဲ့ ပီပီ ပြင်ပြင်သီဆိုတဲ့သီချင်းတွေကိုပဲ စက်ခုံဘေးအိပ်ရာ ပေါ်က မှေးကာ နားထောင်ခံစားနေရတာပေါ့။

အဲဒီအချိန် ..
ခုနစ်တန်း ရှစ်တန်းသာသာ ကျောင်းစာအပြင် အနားမှာရှိသော စာအုပ်လေးတွေ ဆွဲငင်ကြည့်ရှုဖို့ ဝန်မလေးချိန်မို့ စက်ဆရာအိပ်ရာဘေးက အဖုံး ပြုတ်၊ အမှာစာပြုတ်၊ စာအုပ်ကျောဘက်မှာလည်း အဆုံးထိမပါ။ ကျွတ်နေတဲ့စာရွက် ဝါကျင့်ကျင့်တွေ အပ်ချည်တွေနဲ့ တွဲသီချုပ်ထားတဲ့ စာအုပ်လေး တစ်အုပ်ကောက်ယူအကြည့် …။

ဟုတ်ကဲ့ ..
ထို စာအုပ်လေးက ဒီကနေ့အထိ အိပ်ရာ ခေါင်းရင်းမှာ အမြဲထားပြီး မကြာခဏ ဖတ်ရ၊ ကြည့်ရ၊ ခံစားမျက်ရည်ဝဲရဆဲဖြစ်သော..
လူထုဒေါ်အမာရဲ့ ““ပြည်သူချစ်သော အနုပညာသည်များ”ဖြစ်ပါသည်။

ထိုစာအုပ်ကား ..“ဆူးငှက်”ဟူသော ကလောင် တစ်ချောင်းအတွက် ပင်စည်ပင်မသာမက ရေ သောက်မြစ်စာအုပ်လည်း ဖြစသည်။ ထိုစာအုပ် က ဇာတ်သဘင်ချစ်စိတ်၊ အငြိမ့်ချစ်စိတ်၊ ဂီတ ချစ်စိတ်၊ အနုပညာချစ်စိတ်၊ မန်္တလေးချစ်စိတ်၊ လူမျိုးနှင့် တိုင်းပြည်ချစ်စိတ်၊ အနုပညာရှင်၏ ဂုဏ် မာန၊ အတွေးအခေါ်၊ အယူအဆ၊ အကြံအစည်၊ အံ့မခန်းစိတ်ဓာတ်ကို သိရှိ ချစ်မြတ်နိုးစေခဲ့သည်။ ဒေါ်ဒေါ်၏ ခြေဖဝါးအောက်က မြေတစ်မှုန်မျှ ပညာ၊ လုံ့လနဲ့ ထပ်မံကာ “အနုပညာ”အပေါ် ခံစား တူးဆွ၊ သုတေသနပြုမိတာကလည်း ဒီစာအုပ် ကြောင့်ဖြစ်သည်။

ဒီလိုနဲ့ ၁၉၈၈ အရေးတော်ပုံကြီးပြီးသည့်နောက် ပြင်းထန်တဲ့ မုန်တိုင်းတွေ၊ လေနီကြမ်းတွေကြား ဒေါ်ဒေါ်သား ဆရာညီပု လေးလည်း မတရား ဖမ်းဆီးခံရ။ အားလုံးလိုလို ကစဉ့်ကလျား၊ ဆောက် တည်ရာမရ မတည်ငြိမ် ကြဆဲ၊ ၁၉၈၉ခုနှစ် မေလ မှာ “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ် ၂၅နှစ်ပြည့်ပြီဆိုတဲ့အသိကြောင့်ဒေါ်ဒေါ်ဦးဆောင်ပြီး အမရပူရတောင်လေး လုံးကျောင်းမှာပဲ အခမ်း အနားလေးကျင်းပဖြစ်ခခြင်းဖြစ်သည်။

တောင်လေးလုံးတွင် ကျင်းပသော “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ် ၂၅ နှစ်ပြည့် အထိမ်းအမှတ်ပွဲက မှတ်မှတ် ရရ ဖြစ်လှသည်။ နန်းတော်ရှေ့ဆရာတင်သား ရွှေနန်းတင် …၊ မြို့မငြိမ်းသား … ဦးရွှန်းမြိုင်(မြို့မ)တို့လည်း တက်ရောက်ကာ အမှတ်တရ စကားပြောကြ၏။ စာတမ်းတွေ ဖတ်ကြ …၊ ပြောကြ …၊ ဟောကြနှင့် ကျေးဇူးရှိသော စာအုပ်ကောင်းတစ်အုပ်ကို မည်သို့မည်ပုံ စိတ်ကူးရ ပြုစုထုတ်ဝေမှုနှင့်ပတ်သက်၍လည်း စာရေးသူ ဒေါ်ဒေါ်ကိုယ်တိုင်က မှတ်မှတ်ရရ ပြောပြသည်။

အခမ်းအနားလေး ဆိုငြား အမြုတေပမာသိပ်သည်းလှတဲ့ အနှစ်ချည်း မို့ တန်ဖိုးရှိလှချည့်။ ဒေါ်ဒေါ့် တူရင်းချာကြီးများ ဖြစ်သော ဆရာကြည်အောင်၊ ဆရာကိုလေး (အင်းဝဂုဏ်ရည်)တို့၏။ အမှတ်တရစကားတွေ၊ ကျွန်တော်သည် ယနေ့တိုင် မှတ်သားမိဆဲ ဒေါ်ဒေါ့်စကားတစ်ခွန်း ရှိပါ၏။ သတိတရ ပြန်ပြောပြပါရစေ။

ကဗျာဆရာ ကြည်အောင်က လူထုဂျာနယ်ထဲတွင် ထုံ့ပိုင်း ထုံ့ပိုင်း ရေးသားနေသော ဒေါ်ဒေါ်၏ အနုပညာသည်များ အကြောင်း အထ္ထုပ္ပတ္တိအစိတ်အပိုင်းတွေကို ပြည့်ပြည့်စုံစုံ ပြန်လည်ရေးသား၍ စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေရန် ဒေါ်ဒေါ့်ကို သူကိုယ် တိုင် တိုက်တွန်းခဲ့ကြောင်းနှင့် တကယ်တော့ “ပြည်သူချစ်သော အနုပညာသည်” များစာအုပ်သည် အထ္ထုပ္ပတ္တိစာပေစစ်စစ် မဟုတ်ကြောင်း အထ္ထုပ္ပတ္တိစာပေစစ်စစ်များအဖြစ် ကမ္ဘာမှာ အင်ဒရူးမော်ရွိုင်းနဲ့ မြန်မာမှာ ဦးဖေသိန်း(ရွှေဥဒေါင်း)ကို စံထားကြောင်း ..၊ အထ္ထုပ္ပတ္တိစာပေ တွင် ရေးသူကိုယ်နှိုက်က မိမိကိုယ်တိုင်ပင်ဖြစ်စေ ကိုယ့်အကြောင်းကို မချွင်းမချန် မညှာမတာ ရေးသင့်၊ ထုတ်ဖော်ဝံ့သည့် သတ္တိရှိရမည် ဖြစ်ကြောင်း …၊ အခု ပြည်သူချစ်သော အနုပညာသည်များ စာအုပ်မှာ ဒေါ်ဒေါ်က အရက်သောက်တာ၊ ဘိန်းရှုတာ၊ ဘယ်သီချင်းရေးဆရာ မြာပွေတာ စသည့်ကိစ္စများ မဖော်ထုတ်ကြောင်း၊ ဒီ့အတွက် အားမရကြောင်း … ပြောဆိုသည်။

ဒေါ်ဒေါ်က ကိုယ့်တူကိုယ့်သားက ဝေဖန်တာကို ပြုံး၍ နားထောင်သည်။ စမုံစပါးစေ့လေးတွေ ဝါးရင်း ခေါင်းတညိတ်ညိတ်နှင့် သဘောကျနေသည်။ “ဒီလို ပြောရဲဆိုရဲ၊ ကိုယ့်အမြင်ကို ထုတ်ဖော်ရဲမှပေါ့ …” ဟု အမူအရာမျိုး ဖြစ်သည်။ ကဗျာဆရာ၏ စကားအဆုံးမှ ဒေါ်ဒေါ်က ပြန်၍ ပြောပြသည်။

“ဟုတ်ပါတယ် … ဒီစာအုပ် အခုလို ထုတ်ဝေဖြစ်တာ ခုန … မောင်ကြည်အောင်ပြောသလို … သူ့တိုက်တွန်းချက် ပါပါတယ်။ ဒေါ်ဒေါ့် စာရေးစားပွဲအထိ သူရောက်လာပြီး ပူဆာတာပေါ့ကွယ်။ ဒါနဲ့ရေးဖြစ်၊ ထုတ်ဖြစ်ခဲ့တာ …။ ခုန မောင်ကြည်အောင် ပြောသလို ဒေါ်ဒေါ့်စာအုပ်ကို အထ္ထုပ္ပတ္တိစာပေလို့ ဒေါ်ဒေါ်ကိုယ်နှိုက်က မသတ်မှတ်ပါဘူး။ ဒေါ်ဒေါ်ရေးတဲ့ စေတနာက တစ်ခုတည်း …၊ ဒီဘက်ခေတ် စစ်ကြီးအပြီး လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်မီးနဲ့ ဆူဆူပူပူဖြစ်ပြီးနောက်ပိုင်း၊ နိုင်ငံခြားက ယဉ်ကျေးမှုတွေက တို့အပေါ် လွှမ်းမိုး လာတာကလး …။ တို့လူငယ်တွေမှာ ကိုယ့်ယဉ်ကျေးမှုပျောက်ပြီး … သူတို့ဟာကိုပဲ အထင်ကြီးကြတာ …။ ကြာရင် တို့အနုပညာ၊ တို့ယဉ် ကျေးမှု ပျောက်တော့မယ်။ ဒါကြောင့် ဒေါ်ဒေါ်က … တစ်ချိန်တုန်းက တို့ဆီမှာ တကယ့်ပရိသတ်၊ ပြည်သူပေါ့လေ …၊ သည်းသည်းလှုပ် ချစ်ခဲ့ကြပြီး ချစ်လောက်အောင်လည်း ထူးချွန်ခဲ့ကြတဲ့ အနုပညာရှင်တွေ ရှိခဲ့ဖူးတာကို ဒေါ်ဒေါ်က လူငယ်တွေသိအောင် ချပြချင်တာ …။ ဒီတော့ သူတို့တော်တာ …၊ ထူးချွန်တာတွေကို ရေးချင်တယ်။ ကဲ … မြို့မငြိမ်း အရက်သောက်တာ ဘိန်းရှုတာ ရေးပြလို့ ဘာအကျိုးရှိမှာ လဲ …၊ ဒါကိုသိလို့လဲ လူငယ်တွေအတွက် ဘာအကျိုးရှိမှာလဲ …၊ ဒေါ်ဒေါ့်ကလောင်က … အကျိုးမရှိတာတွေကို ရေးမှာမဟုတ်ဘူး၊ ဒေါ်ဒေါ်က ကောင်းတာပဲ ရေးချင်တယ်။ တော်တာ ထူးချွန်တာပဲ ရေးချင်တယ်…” ဟု ပြောခဲ့သည်။ အထူးသဖြင့် ဆရာကြည်အောင်၏ စောဒကတက်သော မေးခွန်းအပေါ် ဒေါ်ဒေါ်က “ငါ့တူတွေကဒီလို တော်တာနော်”ဆိုသော ဂုဏ်ယူအကြည့်နှင့်ပြုံးကာ ဖြေလိုက်သည့် အဖိုးတန်စကား။ဒါကိုကျွန်တော်ကယခုကဲ့သို့မှတ်သားထားလိုက်ဖူးရဲ့။

တကယ်တော့

“ပြည်သူချစ်သော အနုပညာသည်များ”ဟာ ရသဟန်ပါ အတ္ထုပ္ပတ္တိစာပေပါတဲ့။
ဒီလိုပဲ..

ကိသာဂေါတမီနဲ့ မုံညင်းစေ့
ထေရီထေရာနဲ့ ပြည့်တန်ဆာ
ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ
မှော်ဘီဆရာသိန်းရဲ့ ဟင်းလေးအိုး
စံထိုးလောက်တဲ့ အတ္ထုပ္ပတ္တိစာပေတွေပဲတဲ့။
ကမ္ဘာမှာလည်း ..
နှိုင်းယှဉ်ပြရင်
အင်းဂရီးမော်ရွိုင်းက ရှယ်လီ
ဂေါ်ကီက တော်စတွိုင်းနဲ့ ချက်ကော့
ဂျက်လန်ဒန်ကိုတော့ အိုင်ဗင်စတုန်းက
ရေးခဲ့ဖူးပေမယ့်
ရူးဆိုးရဲ့ ဖြောင့်ချက်ကျမ်းထဲမှာ
““အတ္ထုပ္ပတ္တိစာပေဟာ အမှန်မဟုတ်ဘူး””တဲ့။
ဒီတော့ ..
ဦးဖေသိန်းရဲ့ ရွှေဥဒေါင်း
ရွှေဥဒေါင်းရဲ့ “ဘဝတစ်သက်တာ”
ကွဲလွဲတာလေးတွေ ရှာကြည့်ပါ တဲ့။
ဆရာငြိမ်း၊ ဆရာတင်
မမြရင်အကြောင်း
ဒေါ်ဒေါ်ကလည်း အကောင်းချည်းရေးထား သတဲ့ ..။
(ကဗျာဆရာ-ကြည်အောင်)ရဲ့စကား
မှတ်သားတုန်လှုပ်စရာ။
ဒီတော့ ..ဒေါ်ဒေါ်က
ဂျပန်ခေတ်နဲ့စစ်ကြီးအတွင်း
သေခြင်းမလှကြတဲ့
မြန်မာ့အနုပညာသည်တွေကို
လွမ်းလည်းလွမ်း ..ချစ်လည်းချစ်မို့
(ဒေါ်ဒေါ်လွမ်းသလို..၊ ဒေါ်ဒေါ်ချစ်သလို)
အားလုံးလွမ်းစေ၊ ချစ်စေကြကြောင်းရယ်နဲ့
ကောင်းတာသာပြော၊ တော်တာသာရေးပါ သတဲ့။
ခေတ် ..၊ စနစ်နဲ့ စစ်ကြောင့်
နွံနစ်ခဲ့ရတဲ့(တို့ရဲ့)အနုပညာပတ္တမြား ..
(အဲဒီခေတ်က) လူငယ်တွေကြား
ဒေါ်ဒေါ်က ထုတ်ကြွားပြတာပါတဲ့..

ဟုတ်ပါတယ်။ ဒေါ်ဒေါ်က ..ခေတ်ကာလ အပြောင်းမှာ လူငယ်တွေက အနောက်တိုင်း မှ အထင်ကြီး၊ အနောက်တိုင်းမှ အတုခိုး၊ အနောက်တိုင်းမှ ဂုဏ်ယူနေကြလို့ တို့မှာ လည်း ဒီလိုအနုပညာရှင်ကြီးတွေရှိသကွဲ့ဆို ကာ လူငယ်တွေ နားဝင်အောင်ပြရတာမို့ ..သူတို့ ပုဂ္ဂိုလ်ရေးအားနည်းချက် အသေး အမွှားကို ရေးကြီးခွင်ကျယ် လုပ်ပြမနေပါဘူး တဲ့။ ဒါတွေရေးလို့ကော စာဖတ်ပရိသတ် အတွက် အကျိုးရှိပါ့မလားတဲ့။ ဒီလို ဖြေခဲ့တာ အမှတ်တရဖြစ်သည်။

၁၉၈၉မေလက ကျင်းပခဲ့သော “ပြည်သူချစ်သော အနုပညာသည်များ”စာအုပ်ထုတ်ဝေခြင်း ၂၅နှစ် မြောက် ငွေရတုပွဲကား အလွန်အဖိုးတန်လှပါ၏်။
ထိုပွဲမှာစာဖတ်ပရိသတ်(ဝါ) လူထု(ဝါ) ပြည်သူအကျိုးရှိသော စာများကို ဘယ်လိုပုံစံနှင့် ရေးသားကြမလဲဟူသော မေးခွန်းနှင့် အတူ တိကျရှင်းလင်းသည့် အဖြေတစ်ခုကို ဒေါ်ဒေါ်က ချပြခဲ့သည်။ ဒါကို ကျွန်တော် စာရေးစာပွဲတွင်ထိုင်တိုင်း နှလုံးသွင်း ဆင်ခြင်နေမိပါတော့သည်။

(ဆက်ရန်)
ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW