ထိုင်းမှာ မြန်မာလုပ်သား ၁၄၅၀ ကို အသိမပေးဘဲ အလုပ်ထုတ်မှု နစ်နာကြေးရရှိရေး သံရုံးက ညှိနိူင်းပေးနေ

စက်တင်ဘာ ၃၀၊၂၀၂၅
GG (VOM)
ထိုင်းရောက် မြန်မာလုပ်သား ၁၄၅၀ ကို ထိုင်းစက်ရုံဘက်က ကြိုတင်အသိမပေးဘဲ ဒီနေ့စက်တင်ဘာ ၃၀ ရက်နေ့မနက်ပိုင်းမှာ အလုပ်ကနေ ရပ်နားလိုက်တာကြောင့် မြန်မာလုပ်သားတွေ စက်ရုံဝန်းထဲမှာပဲ အစာငတ်ခံဆန္ဒပြပြီး နစ်နာကြေးရဖို့ တောင်းဆိုနေကြ တယ်လို့သိရပါတယ်။
စက်ရုံကတော့ ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ ခယ်ကွန်း Cal-Comp စက်ရုံဖြစ်ပြီး လက်ရှိမှာ အလုပ်သမားတွေနဲ့စက်ရုံတာဝန်ရှိသူတို့အကြားပြေလည်မှုရရှိဖို့ မြန်မာသံရုံးတာဝန်ရှိသူတွေက ညှိနူင်းမှုပြုလုပ်ပေး နေကြောင်း ၊ အလုပ်သမားတွေကတော့ အကြောင်းအရင်းမရှိဘဲ ကြိုတင်သတိမပေးဘဲ အလုပ်ထုတ်တဲ့အပေါ် နစ်နာကြေးကို လုပ်ခလစာနဲ့ တပါတည်းရှင်းပေးဖို့ တောင်းဆိုနေကြတာဖြစ်တယ်လို့သိရပါတယ်။
စက်ရုံဘက်ကတော့ နစ်နာကြေးကို အောက်တိုဘာ ၃ ရက်မှစပြီး အောက်တိုဘာ ၃၀ ရက်အတွင်းမှာ ပေးဖို့ ညှိနိူင်းနေတာကြောင့် စက်ရုံနဲ့အလုပ်သမားအကြားအဆင်မပြေသေးတာလို့သိရပါတယ်။
” နစ်နာကြေးကို ရှေ့လမှာမှပေးမယ်။ပေး တဲ့အခါ ဘဏ်အကောင့်ရှိသူကို အကောင့်ထဲထည့်ပေးမယ်။အကောင့်မရှိရင်စက်ရုံဝန်းထဲမှာ ကောင်တာဖွင့်ပေးမယ့်လာထုတ်ပေါ့ပြောတယ်။ စက်ရုံကထွက်ပြီးရင် ရဖို့ကမသေချာဘူး။မရတော့တဲ့အခါ ကျွန်တော်တို့အလုပ်သမားကလည်း လူတွေစုမရတော့ဘူး။ဒါကြောင့်နစ်နာကြေးကိုအခုလစာနဲ့တခါတည်းပေးဖို့ညှိနေကြတယ်။” လို့ အလုပ်သမား တယောက်ကပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ အလုပ်သမားတွေက စက်ရုံကို အလုပ်လုပ်ဖို့ လာရောက်ချိန်မှာ စက်ရုံမှတာဝန်ရှိသူတွေက အလုပ်ကနေထွက်ဖို့ လက်မှတ်ရေးထိုးခိုင်းခဲ့တာဖြစ်ကြောင်း ၊ အလုပ်ကနေရပ်နားခံလိုက်ရတဲ့အပေါ် အလုပ်သမားတွေက ကျေနပ်မှုမရှိတဲ့အတွက် စက်ရုံဝန်းထဲမှာပဲ အစာအငတ်ခံ နေထိုင်ကာ ညှိနိူင်းဖြေရှင်းနေကြတာ ဖြစ်တယ်လို့သိရပါတယ်။
“အလုပ်ကထုတ်တယ်ပြောပြီး ကျွန်တော်တို့ကို သောက်ရေလည်းပေးမသောက်တော့သလို အိမ်သာလည်းသွားမရတော့ဘူး။မသွားခိုင်းတော့ဘူး။အမိုးအောက်တွေမှာနေမရအောင်လည်း အမိုးတွေလိုက်ဖျက်ပြီး စက်ရုံထဲက အတင်းထွက်ခိုင်းနေတယ်။ သံရုံးကတော့ရောက်နေတယ်။ အခြေအနေမထူးသေးဘူး။တနေကုန်အစာငတ်ခံရေငတ်ခံပြီး နေနေကြတာပါ။အကူအညီတောင်းထားတဲ့ အဖွဲ့တွေလည်းအထဲမဝင်ရဘူးသိရတယ်။ “လို့ နောက်ထပ် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
လက်ရှိ ခယ်ကွန်းစက်ရုံမှာတော့ ထိုင်းအာဏာပိုင်တွေလည်းရောက်ရှိနေသလို သံရုံတာဝန်ရှိသူတွေပါရောက်နေကြောင်း ၊ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ M.H.A.C မဟာမိတ်အဖွဲ့ ကိုတော့ အထဲဝင်ခွင့်မပေးဘူးလို့သိရပါတယ်။
အဆိုပါ ခယ်ကွန်းစက်ရုံမှာ မြန်မာအလုပ်သမား ၅၀၀၀၀ အထက်ဝင်ရောက်လုပ်ကိုင်မှုရှိကြောင်းနဲ့ အဆိုပါစက်ရုံဟာ ယခင်ကလည်း မြန်မာလုပ်သားတွေကို အချိန်သုံးလလောက်သာခန့်အပ်ပြီး အလုပ်ထုတ််ပယ်တာမျိုးတွေရှိခဲ့ဖူးကြောင်း ထိုင်းရောက်မြန်မာလုပ်သားတွေက ပြောဆိုနေကြပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေထဲမှာ ယခုလို အလုပ်အကိုင်အဆင်မပြေမှုတွေ၊ ငွေကြေးဖြတ်တောက်ခံရမှုတွေ၊ လုပ်ခလစာအပြည့်အဝမရရှိတာတွေ၊ အချိန်ပိုကြေး အပြည့်အဝမရတာ စတဲ့အလုပ်သမားနဲ့စက်ရုံအကြား မပြေလည်မှုတွေအပြင် တရားမဝင်ဝင်ရောက်လာတဲ့အထောက်အထားမဲ့ မြန်မာတွေကို ဆက်တိုက်ဖမ်းဆီးနေပေမယ့်လည်း နေ့စဥ်နဲ့အမျှ ထိုင်းနိုင်ငံကို မြန်မာလုပ်သားတွေ ဝင်ရောက်မှုရှိနေတယ်လို့သိရပါတယ်။
စက်တင်ဘာလ ၂၉ ရက်ကလည်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ အိမ်စီးကားတစီး တိမ်းမှောက်ပြီး မြန်မာလုပ်သား ၂၈ ယောက်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။
လက်ရှိမှာ ထိုင်းအစိုးရက အထောက်အထားမဲ့ဝင်ရောက်ဖို့ကြိုးစားတဲ့မြန်မာတွေကို ဆက်တိုက်အဖမ်းဆီးကြမ်းလာတဲ့အပြင် ထိုင်းနိုင်ငံထဲမှာရောက်ရှိပြီး CI မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံစာအုပ်နဲ့ တရားဝင်အလုပ်လုပ်ခွင့်ရနေတဲ့ အထောက်အထား မဲ့မြန်မာလုပ်သားတွေကို CI ကနေ Passport for Job (PJ)ပြောင်းပါကလည်း ထိုင်းနိုင်ငံအတွင်းသာသွားလာခွင့်ရှိကြောင်းကန့်သတ်ထားပါတယ်။
ဓာတ်ပုံ – မြန်မာလုပ်သား

Related posts

Leave a Comment

VOM News

FREE
VIEW