ကျောက်မဲမြို့ကို နလအတပ်ဖွဲ့က အပြီးသတ် ပြန် ထိန်းချုပ်

​အောက်တိုဘာ ၂-၂၀၂၅
Shy V (VOM)
TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက နလအ တပ်ဖွဲ့က အပြီးသတ် ပြန်လည် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကျောက်မဲမြို့ထဲ စစ်တပ်က အကုန် ရသွားပြီ။ ခုမြို့ထဲ ပတ်ကြည့်နေတယ်။ နေရာ အကုန် ရပြီ လို့ ပြောလို့ ရပါပြီ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ကျောက်မဲမြို့မှာရှိတဲ့ မီးသတ်၊ ထွေအုပ်ရုံး၊ လဝက ရုံး၊ ဆေးရုံ စတဲ့ ဌာနဆိုင်ရာ ရုံးတွေ အပါအဝင် မြို့ထဲက နေရာအားလုံးကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
“ကျောက်မဲမြို့ကို ဒီနေ့ အောက်တိုဘာ ၁ ရက်နေ့မှာ စစ်တပ်က အပြည့်အဝ ပြန်လည် ထိန်းချုပ်လိုက်ပြီ။ မြို့ထဲ တပ်တွေ အခြေချပြီ။ ရှင်းလင်းရေးတွေ လုပ်နေတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
နလအ တပ်ဖွဲ့က ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း ကျောက်မဲ အဝင်ဝထိ စစ်ကြောင်းထိုး အနီးကပ် တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့ မနက်အစောပိုင်းမှာတော့ ရပ်ကွက် (၉ ) တိလင်ဘက်နဲ့ ရပ်ကွက် ( ၁) အုတ်ကျင်းဘက်ကနေ စတင် ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
ကျောက်မဲမြို့ကို ထိန်းချုပ်ပြီးနောက် သီပေါမြို့ဘက် နလအ တပ်ဖွဲ့က ထိုးစစ် ဆက်လက် ဆင်မယ့် အနေအထားတွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲမြို့နယ်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ကစ နလအ တပ်ဖွဲ့တွေ စတင်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ခဲ့ရာက တစ်နှစ်ကျော်အကြာ အခု ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းမှာ နလအ တပ်ဖွဲ့က ပြန်လည် သိမ်းပိုက် ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
Photo Crd# Telegram

Related posts

Leave a Comment

VOM News

FREE
VIEW