လွိုင်ကော်မှာ ရေကြီးမှုကြောင့် စပါးခင်း ဧက ၁၀၀ ထက်မနည်း နစ်မြုပ်နေ

အောက်တိုဘာ ၁ – ၂၀၂၅
SS (VOM)
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဘီလူးချောင်းရေ မြင့်တက်နေတဲ့အတွက် မြေနိမ့်ပိုင်း ရပ်ကွက်တွေအတွင်း ရေဝင်ရောက်နေပြီး စပါးစိုက်ခင်း ဧက ၁၀၀ ထက်မနည်း နစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်ဒေသအတွင်း ရေကြီးနေတာဟာ ၁၀ ရက်ဝန်းကျင် ကြာမြင့်နေပြီ ဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ကစလို့ မိုးဗြဲဆည်ကို ရေဖောက်ချခဲ့တဲ့အတွက် ဘီလူးချောင်း ရေလျှံတက်လာကာ ချောင်းနံဘေးက ရပ်ကွက်တွေအတွင်း ရေဝင်ရောက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“အခု ရေစိမ့်ဝင်နေတဲ့ နေရာတွေက အနိမ့်ပိုင်းတွေလည်း ဖြစ်သလို ချောင်းဘေးက ရပ်ကွက်တွေလည်းဖြစ်တယ်။ ချောင်းဘေး တောက်လျှောက်ကို ရေကြီးနေတာ။ စပါးခင်းတွေလည်း တော်တော်များများ နစ်ကုန်ပြီ။ ရိတ်သိမ်းရတော့မယ့် စပါးတွေပါ။ ဒီနှစ်ကတော့ ဘယ်လိုမှ ပြန်စိုက်လို့ မရနိုင်တော့ဘူး။ ဒီတိုင်း ထိုင်ကြည့်နေရုံပေါ့။ နှစ်ထပ်ဈေးဘက်မှာလည်း ရေဝင်နေတယ်။ မိုးကလည်း ဒီနေ့အထိကို သည်းသည်းမည်းမည်း ရွာနေတော့ ရေက ခုချိန်ထိ ဆက်တိုးနေတုန်းပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ လွိုင်ကော်မြို့အတွင်းက တောင်ဈေး၊ ရှမ်းပိုင်း၊ မင်းစု၊ ဒေါနိုးကူး၊ ဒေါဥခူ၊ ဒေါတမ၊ ရွှေတောင်၊ နမ့်ကွတ် အစရှိတဲ့ ရပ်ကွက်တွေအတွင်း ရေဝင်ရောက်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် ရေဝင်ရောက်‌ရာ အနိမ့်ပိုင်း ရပ်ကွက်တွေက ဒေသခံတွေဟာ အမြင့်ပိုင်း ရပ်ကွက်တွေအတွင်း ပြောင်းရွှေ့ နေထိုင်နေရပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်တာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
“အဓိက ကတော့ မိုးဗြဲဆည်ကနေ ရေတွေ ရောက်လာလို့ ရေကြီးတာပေါ့။ ဒီရက်ပိုင်း မိုးကြီးလိုက်တာလည်း ပါတယ်။ အကုန်ပေါင်းသွားတာပေါ့။ အဲဒါကြောင့် ရေက တော်တော်နဲ့ ပြန်မဆင်းတော့တာ။ တချို့ကတော့ မိုးဗြဲဆည် ရေလွှတ်နေတာက အင်းလေးက ဘုရားပွဲကြောင့်လို့ ပြောကြတယ်။ အဲဒီဘက် ရေတက်မှာစိုးလို့ ဒီဘက်ကို ရေလွှတ်ချနေတာပေါ့။ ဘီလူးချောင်း ဆိုတာကလည်း လွိုင်ကော်မြို့ တလျှောက်လုံးကို ဖြတ်စီးတာ ဆိုတော့၊ အခု မိုးကလည်း ကောင်းနေတုန်း ဆိုတော့ ရေထပ်တက်ဖို့ အလားအလာကလည်း ရှိနေတယ်။ ပြီးခဲ့တဲ့ နှစ်ကလို ရေကြီးတာမျိုးဖြစ်မှာ ကြောက်ရတယ်” လို့ သူက ပြောပါတယ်။
လွိုင်ကော်မြို့ဟာ မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်တတ်တဲ့အတွက် ကြိုတင် ကာကွယ်မှုတခု အနေနဲ့ မြို့တွင်းက ရေနုတ်မြောင်းတွေကို တူးဖော်ထားတာကြောင့် လက်ရှိအချိန်အထိ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလောက် ရေမကြီးသေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အတွင်းကလည်း ဖယ်ခုံအင်းနဲ့ မိုးဗြဲရေကာတာ ဖွင့်ချမှုကြောင့် ဘီလူးချောင်းအတွင်း ရေဝင်ရောက်ခဲ့ကာ ကယားပြည်နယ်အတွင်းက လွိုင်ကော်၊ ဘောလခဲနဲ့ ရှမ်းပြည်နယ် ဖယ်ခုံဘက်အခြမ်းတွေမှာ ရေကြီးရေလျှံမှု အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရပြီး စစ်ဘေးရှောင် သောင်းနဲ့ချီ ရေဘေးသင့်ကာ လယ်စပါး ဧက ထောင်နဲ့ချီ ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW