အောက်တိုဘာ ၁၊ ၂၀၂၅
GG (VOM)
နိုင်ငံ့ဝန်ထမ်း၊အငြိမ်းစားဝန်ထမ်း၊ နေ့စားလုပ်သားတွေကို ထောက်ပံကြေးထပ်မံတိုးမြှင့်ပေးလိုက်မှုနဲ့အတူ ကုန်စျေးနူန်းတွေ ပိုပြီး မြင့်တက်လာမှာကို ပြည်သူတွေကစိုးရိမ်နေကြတယ်လို့သိရပါတယ်။
ယခုလို ဝန်ထမ်းတွေကို ထောက်ပံကြေး တိုးပေးခြင်း ၊လစာတိုးမြှင့်ပေးတိုင်း အခြေခံစားသောက်ကုန်ပစ္စည်းအပါအဝင် ကုန်ပစ္စည်းစျေးနူန်းတွေပါ မြင့်တက်လာလေ့ရှိတာကြောင့် ကုန်စျေးနူန်းတက်မှာကို စိုးရိမ်နေကြတာဖြစ်တယ်လို့သိရပါတယ်။
” သူတို့တိုးတာက သောင်းဂဏန်းလေးတိုးတာ။ ရတော့လည်းဝန်ထမ်းတွေပဲရတာ။သူတို့လစာတိုးတိုင်းကုန်စျေးနူန်းအနည်းနဲ့အများတော့လိုက်တက်တယ်လေ။ ကုန်စျေးနူန်းလိုက်တက်ရင် ပြည်သူအကုန်လုံးခံရတယ်။မတိုးစေချင်လို့ ပြောတာမဟုတ်ပါဘူး ။ဝန်ထမ်းတွေလည်း လစာတွေတိုးစေချင်ပါတယ်။အဲဒီလိုပဲ ကုန်စျေးနူန်း မတက်အောင်လည်း လုပ်ပေးစေချင်ပါတယ်။အခုကရတဲ့လစာနဲ့ ကုန်တာနဲ့မမျှဘူး။” လို့ ပြည်သူတယောက်ကပြောပါတယ်။
အောက်တိုဘာ ၁ ရက်ကစပြီးနိုင်ငံ့ဝန်ထမ်းတွေ နဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)ဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးအဖြစ် ၃၀၀၀၀ ကျပ်ကို တတိယအကြိမ်မြောက်အဖြစ် လစဥ်ခံစားခွင့်ပြုလိုက်သလို နေ့စားအလုပ်သမားတွေကိုလည်း တရက်ကို ၁၀၀၀ ကျပ် အပို ထောက်ပံ့ကြေး ထပ်မံပေးအပ်မှာဖြစ်ပါတယ်။
ဝန်ထမ်းတွေကို လစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် ၂၀၂၃ ခုနှစ်မှာ ပထမအကြိမ် ၃၀၀၀၀ ကျပ် ထောက်ပံံ့ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ဒုတိယအကြိမ် ၃၀၀၀၀ ကျပ်၊ ၂၀၂၅ ခုနှစ် အောက်တိုဘာမှာ တတိယအကြိမ်အဖြစ် ၃၀၀၀၀ ကျပ်ကို အပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုလိုက်တာဖြစ်ပါတယ်။
ခုလို လစာအပြင်ထောက်ပံ့ကြေးတွေ နှစ်အလိုက်တိုးမြှင့်ပေးနေပေမယ့်လည်း ကြီးမြင့်လာတဲ့ကုန်စျေးနူန်းကြောင့် ဝန်ထမ်းတွေအနေနဲ့ လောက်ငှမှုပင်မရှိဘူးလို့ ဆိုကြပါတယ်။
” ခုလို တိုးပေးတာတော့ကျေးဇူးတင်ပါတယ်။မပေးလည်းဘာမှမတတ်နိုင်ဘူးလေ။တိုးပေးတော့ပိုရတာပေါ့။ကျွန်မဆိုအခု ထပ်တိုးတာနဲ့ဆိုရင် ၃၃၀၀၀၀ ကျော်ရပြီပေါ့။သားအမိနှစ်ယောက်ထဲကို မပိုလျှံပါဘူး။စားစရိတ် ၊ဆေးဝါး၊ အသုံးအဆောင်ပစ္စည်း ၊ သာရေးနာရေးနဲ့ဆိုတော့မလောက်ပါဘူး။ကုန်စျေးနူန်းကလည်းကြည့်အုံးလေ ဆီတပိဿာကို အရင်ကလို ၂၅၀၀ ၊ ၃၀၀၀ မှမရတာ။ဝန်ထမ်းတွေရွှေလုပ်နိုင်ဖို့ဆိုတာ အဝေးကြီးဖြစ်သွားပါပြီ။ရတဲ့လစာကို မသုံးဘဲစုရင်တောင် တနှစ်ကို ရွှေတကျပ်သားမရနိုင်တာလေ။” လို့ ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတယောက်ကပြောပါတယ်။
အငြိမ်းစား ဝန်ထမ်းတွေကိုလည်း ယခုအောက်တိုဘာ ၁ ရက်ကစပြီး အပိုထောက်ပံ့ကြေးအဖြစ် ၃၀၀၀၀ ကျပ်ထပ်တိုးခံစားခွင့်ပြုလိုက်တာဖြစ်ပြီး ၂၀၂၄ ခုနှစ်တုန်းက ပထမအကြိမ်အဖြစ် ထောက်ပံကြေး ၃၀၀၀၀ ကျပ်ခံစားခွင့်ပြုခဲ့တာကြောင့် ခုဆိုရင် အငြိမ်းစားဝန်ထမ်းတွေက အပိုထောက်ပံ့ကြေးအဖြစ် ၆၀၀၀၀ ကျပ်ရရှိနေပြီဖြစ်ပါတယ်။
” မူလတန်းကျောင်းအုပ် အငြိမ်းစားပါ။အရင်က ၁၁၀၀၀၀ လောက်ရတယ်။မနှစ်က ၃၀၀၀၀ တိုးတယ်။ဒီတကြိမ်ထပ်တိုးဆိုတော့ ၁၇၀၀၀၀ ကျော်လောက်ရပြီပေါ့။ခုလိုတိုးပေးတာ ကျေးဇူးတင်ပါတယ် ။ ပင်စင်လစာနဲ့စားသောက်နေရတဲ့အဘိုး အဘွားတွေအတွက် အဆင်ပြေတာပေါ့။ပင်စင်လာစာတွေတိုးသလို ကုန်စျေးနူန်း ထပ်မတက်အောင်လည်း လုပ်ဖို့လိုပါတယ်။လစာတွေတိုးပြီဆိုရင် ကုန်စျေးနူန်း တက်မှာလူတွေက ကြိုကြောက်နေရတယ်။” လို့ အငြိမ်းစားဝန်ထမ်းမိသားစုဝင်တယောက်ကပြောပါတယ်။
နေ့စားဝန်ထမ်းတွေကလည်း ယခု ၁၀၀၀ ကျပ်ထပ်တိုးခံစားခွင့်ပြုလိုက်တဲ့အတွက် ယခုဆိုရင် သုံးကြိမ်မြောက်အထိ ထောက်ပံကြေးတိုးပေးလိုက်တာကြောင့် တရက်ကို နေ့စားလုပ်အားခ ၇၈၀၀ ကျပ်အထိ အောက်တိုဘာ ၁ ရက်ကစပြီး ရရှိကြမှာဖြစ်ပါတယ်။
နေ့စားအလုပ်သမားတွေအနေနဲ့ကတော့ ယခုလို ထောက်ပံ့ကြေးအဖြစ်တိုးပေးမယ့်အစား ခေတ်နဲ့လျော်ညီတဲ့ လုပ်အားခအဖြစ် တရက်လုပ်ခကို ၁၂၀၀၀ ကျပ်လောက်အထိ တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
” တရက် ၇၈၀၀ ရသွားပေမယ့်လည်း အဲဒါက ဆန်တပြည်နဲ့ ဟင်းတဆယ်သား ဖိုးလောက်ပဲ ရပါတယ်။ အခုဖြစ်နေတဲ့ ကုန်စျေးနူန်းအရဆိုရင် တရက် ၁၀၀၀၀ ရရင်တောင် မိသားစု ၄ ယောက်အိမ်ကမလောက်ပါဘူး။ တရက်လုပ်အားခကို ၁၂၀၀၀ ကျပ်လောက်အထိ တိုးသတ်မှတ်ပေးစေချင်တယ်။”လို့ စက်ရုံအလုပ်သမားတယောက်ကပြောပါတယ်။
နလအ ကတော့ နိုင်ငံ့ဝန်ထမ်းတွေ စားဝတ်နေရေးသက်သာချောင်ချိရေးအတွက် လစာအပြင် ယခုလိုအပိုထောက်ပံ့ကြေးတွေ ထပ်မံတိုးပေးနေ တာဖြစ်ပြီး ယခုထပ်တိုးခံစားခွင့်ပြုလိုက်တဲ့အပို ထောက်ပံ့ကြေးကို အောက်တိုဘာလကုန်မှာရရှိမယ့် လစာမှာစတင်ခံစားခွင့်ရှိကြမှာဖြစ်ပါတယ်။
ဝန်ထမ်းတွေ နဲ့ နေ့စားလုပ်သားတွေကတော့ လက်ရှိ မြင့်တက်နေတဲ့ အခြေခံစားသောက်ကုန်စျေးနူန်းတွေကြောင့် ရရှိတဲ့လုပ်ခ လစာနဲ့ မလောက်ငှတဲ့အတွက် ယခုလိုထောက်ပံ့ကြေးတိုးပေးတဲ့အပြင် လုပ်ခလစာကိုပါ တိုးမြှင့်ပေးဖို့လိုအပ်ကြောင်းပြောဆိုနေကြပါတယ်။
Photo: CJ
