အောက်တိုဘာ ၂၊ ၂၀၂၅
Shy V(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မန်တုံမြို့ မှာ ဒီနေ့ အောက်တိုဘာလ ၂ ရက်နေ့ မနက် ၇ နာရီကျော်ခန့်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရလို့ လူ ထိခိုက်သေဆုံးမှု ရှိကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
“နမ္မတူမှာ ရပ်ကွက် ၈ ပုဗ္ဗာ ဘုန်းကြီးကျောင်းနား ဂျက်ဖိုက်တာနဲ့ ဗုံး တလုံး ကြဲသွားတာ။ ဗုံးထိမှန်သွားသူတွေက ကျောက်မဲက စစ်ရှောင်တွေ။” လို့ ဒေသခံ မျိုးသား တယောက်က ပြောပါတယ်။
သိရသလောက် လေကြောင်းဗုံးကြောင့် လူ သုံးယောက် နေရာတင်သေဆုံးသွားပြီး နောက်တယောက်က ဆေးရုံရောက်မှသေဆုံးကာ လူ ခြောက်ယောက် ထိခိုက် ဒဏ်ရာရှိထားတယ်လို့ သူက ပြောပါတယ်။
နမ္မတူမှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရတာ ပထမဆုံးဖြစ်ပြီး လူနေအိမ် ၅ အိမ်ခန့်လုံးဝ ပျက်စီးသွားကာ အဲဒီ အနီးအနားက နေအိမ် တချို့လည်း ဗုံးအရှိန်ကြောင့် မှန်ကွဲတာတွေ၊ ထိခိုက် ပျက်စီးတာတွေ အများကြီးပဲလို့ ဆိုပါတယ်။
“မန်တုံမှာတော့ လူအထိအခိုက် မရှိဘူး။ စစ်တပ်ဝင်း အဟောင်း ထဲကျတာ။ ခလရ – ၁၃၀” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
မန်တုံမှာကြဲသွားတာက ဒီနေ့ အောက်တိုဘာလ ၂ ရက်နေ့ မနက် ၇ နာရီ ၂၅ မိနစ်နဲ့ ၃၀ မိနစ်တွေမှာ လေကြောင်းနဲ့ နှစ်ကြိမ် ဗုံး လေးလုံးကြဲသွားတာဖြစ်တယ်လို့ သူက ပြောပါတယ်။
TNLA ဘက်ကလည်း နမ္မတူနဲ့ မန်တုံ မြို့မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၃ ယောက် သေဆုံးပြီး ကလေးအပါအဝင် လူ ၆ ယောက် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ မနက် ၇ နာရီ ၂၀ မိနစ်က နမ္မတူမြို့မှာ ဗုံးတလုံး၊ မန်တုံမှာ ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်းနဲ့ နေအိမ် ၈ အိမ် ပျက်စီးခဲ့ကြောင်း သတင်းထုတ်ထားပါတယ်။
ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ကလည်း မိုးကုတ်မြို့ အနောက်ပိုင်း ရေထွက်ကြီးရွာမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရလို့ လူ တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် တအိမ် ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။
Photo Crd# PSLF/TNLA
