မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဟောင်း၊ ရုပ်သံပညာရှင် ဆရာကြီး ဒေါက်တာ ဦးမြင့်သိန်းဖေ ကွယ်လွန်

အောက်တိုဘာ ၂ – ၂၀၂၅
SN (VOM)
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သလို ဝါရင့် ရုပ်မြင်သံကြားဆိုင်ရာ ပညာရှင်တယောက်လည်း ဖြစ်တဲ့ ဆရာကြီး ဒေါက်တာ ဦးမြင့်သိန်းဖေဟာ ဒီက‌နေ့ အောက်တိုဘာ ၂ ရက်၊ မနက် ၁၁ နာရီ ၅၇ မိနစ်ဝန်းကျင်မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစုဝင်တွေက အသိပေးထားပါတယ်။
ဆရာဦးမြင့်သိန်းဖေ ကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ မန္တလေးတိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့် က “ဆရာ ဦးမြင့်သိန်းဖေက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ၊ ကျွန်တော်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (မန္တလေးတိုင်း) ဗီဒီယို အ‌ခြေခံအဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူ လုပ်ကိုင်ခဲ့စဉ်က မကြာခဏ တွေ့ဆုံဖြစ်ကြပါတယ်။ တွေ့ဆုံတဲ့အခါတိုင်း ဆရာက ဓါတ်ပုံဗီဒီယိုအကြောင်းတွေ အမြဲသင်ကြား ပြောပြခဲ့တာပါ။ ဒီနေ့ ဆရာကြီး ကွယ်လွန်ကြောင်း ကြားရတော့ ဆရာကြီးရဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။ ဆရာကြီး ကောင်းမွန်မြင့်မြတ်သော ဘုံဘဝသို့ ရောက်ရှိပါစေ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဦးမြင့်သိန်းဖေဟာ ကွယ်လွန်ချိန်မှာ အသက် (၈၄) နှစ် ရှိပြီဖြစ်တယ်လို့ သိရပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ၂၀၀၇ ခုနှစ်ကနေ၂၀၁၂ ခုနှစ်အထိ တာဝန်ယူခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ရုပ်ရှင်ဆင်ဆာအဖွဲ့ အတွင်းရေးမှူး၊ မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ်အဖွဲ့ မြှင့်တင်ရေးမှူး တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဆရာ ဒေါက်တာဦးမြင့်သိန်းဖေ ကွယ်လွန်ခြင်းအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကလည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။
ဆရာ ဦးမြင့်သိန်းဖေဟာ အမျိုးသား ယဉ်ကျေးမှု အနုပညာတက္ကသိုလ် (ရန်ကုန်) နဲ့ အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှာ အချိန်ပိုင်းပါမောက္ခ၊ ဒေသကောလိပ် ရုပ်ရှင်လုပ်ငန်း အတတ်ပညာဌာနမှာ အချိန်ပိုင်း ကထိကအဖြစ် ရုပ်ရှင်နဲ့ ဓာတ်ပုံပညာတွေ သင်ကြား ပို့ချခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် မြန်မာနိုင်ငံ ဓာတ်ပုံအသင်းမှာလည်း သင်တန်းနည်းပြ၊ ဓာတ်ပုံအကဲဖြတ် အဖွဲ့ဝင် တာဝန်တွေ ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ဝဿန်ရုပ်ရှင်ပွဲတော် ဆုရွေးချယ်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ်လည်း ပါဝင် ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ဆရာ ဦးမြင့်သိန်းဖေကို Doctors of Arts အမည်နဲ့ ၂၀၁၇ ခုနှစ်မှာ အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ် (ရန်ကုန်) က Ph.D ဘွဲ့ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW