သူတို့အိမ် အခန်း – ၁၅

 

ဆူးငှက်

မာရဂျမ်းတိုက်၊ ဒေါင်းတိုက်၊ ဒင်္ဂါးတိုက်၊ ရွှေမောင်းတိုက်၊ ဘာဘူတန်း၊
—————————————————————–

 

အခြေအနေအရ ဆွေထဲမျိုးထဲရှိ ခြေနင်းချုပ်သမားတွေက လုပ်သားစုပေါင်းအသင်းတွင် ဝင်ရောက် အစုထည့်ကာ ဆက်လက်လုပ်ကိုင်သူများရှိသလို ရှပ်ရှင်းခြေနင်းဆိုင်က လက်ကျန် ခြေနင်းအော်ဒါလေးတွေနှင့် အသစ် လာမှာသော ခြေနင်းအော်ဒါလေးတွေကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသူ တစ်ဦးကျန်ပါသေးသည်။ သူကို ကျွန်တော်တို့က ဦးကြီးချိုဟု ခေါ်သည်။ သူ့ဇနီးက ဒေါ်ကြီး ဒေါ်အုန်းရင်ဖြစ်သည်။

 

သူတို့ဇနီးမောင်နှံက သားသမီးမထွန်းကားပေ။ ထို့ကြောင့် ဒေါ်ကြီး ဒေါ်အုန်းရင်၏ ညီမရင်းဖြစ်သော ဒေါ်ဒေါ်လုံး၏ သားသမီးများကို တူတူမများပေမင့် သားသမီးများလို စောင့်ရှောက် ပြုစုသည်။ ဦးကြီးလှတင် ဒေါ်ဒေါ်လုံးတို့၏ သားသမီးများက ရေစက်ရုံကြီးနားက သူတို့အိမ်မှာ လိုက်မနေကြဘဲ စိုင်ပြွန်ဝင်းထဲက ဒေါ်ကြီးအုန်းရင်တို့ အိမ်မှာပဲ နေကြသတဲ့။ ဒေါ်ကြီးအုန်းရင်အိမ်ကနေ ဆရာကြီးဦးလှဝင်းကျောင်းသို့ တက်ကြပြီး ၄တန်းအောင်၍ အမှတ်၁ အ.ထ.က သို့ ပြောင်းရသောအခါမှ သူတို့အိမ်သို့ ပြန်နေကြသတဲ့။

 

ဒေါ်ကြီးအုန်းရင်အိမ်က ဦးလေးသောင်တိုက်၏ မြောက်ဘက်တည့်တည့်တွင်ရှိသည်။ ရေတွင်းကြီး၏ အနောက်ဘက် ကပ်ရက်ပေါ့။ ဝင်းထဲတွင် ဦးလှသောင်တိုက်ပြီးလျှင် ဒေါ်ကြီးအုန်းရင်အိမ်မှာပဲ လျှပ်စစ်မီးရှိသည်။ ဦးကြီးချိုက ခြေနင်းချုပ်ကာ ဒေါ်ကြီးအုန်းရင်ကလည်း ဆီဗျပ်ရွက်ကာ ဆီရောင်းသေးသည်။ ဒေါ်ကြီးအုန်းရင်က အသန့်အရှင်း အလွန်ကြိုက်သည်။ အိမ်ရှေ့တွင် စဉ့်အိုးကြီးတည်ကာ ရေအပြည့်ဖြည့်ုထားပြီး ပစ္စည်းတစ်ခုမကိုင်မီ လက်ဆေး ကိုင်ပြီးလက်ဆေး၊ အိမ်ထဲဝင်တိုင်း ခြေဆေး၊ အိမ်ရှေ့ ကွပ်ပျစ်ပေါ်တက်တိုင်းခြေဆေး အဝတ်နှင့် သုတ်သည်။

 

ဦးကြီးချိုက အိမ်လေးအရှေ့ဘက် ဇောင်းလေးထဲတွင် တတောက်တောက်နှင့် ခြေနင်းချုပ်သည်။ ထိုအသံကလွဲလို့ ဘာသံမှ မကြားရ။ ဒေါ်ကြီးအုန်းရင်က ခြေဆေးလိုက် လက်ဆေးလိုက် ထမင်းချက်လိုက် လက်ဆေးလိုက် ဟင်းချက်လိုက် ခြေဆေးလိုက် ရေချိုးလိုက် နှင့် နှုတ်ကလည်း ပြောစရာတွေ စီကာ သီကာ တတွတ်တွတ်ပြောဆိုနေသည်။ ဦးကြီးချိုက ဒေါ်ကြီးဒေါ်အုန်းရင် ပြောသမျှ ဘာမှ ပြန်မပြော၊ နားပဲထောင်နေသည်။

 

“ကိုချို ဒီဆီပုံးလေးကို ယူပြီး ဒေါင်းရိုးက အရှေ့တက် ဝါးတန်းရောက်လို့ ဦးကာက လက်ဖက်ခြောက်တိုက် ကျော်ရင် ရွှေဖီမန်း ကားသင်းရှိတယ်။ အဲ့ဒီအရှေ့ဘက် ကပ်ရက်က ခတ္တိယဝင်းထဲဝင်ပြီး အရှေ့ပေါက်က ထွက်လိုက်၊ အဲ့ဒီကနေ ကျောက်သွေးတန်းကို ဖြတ်ပြီး ရှင်ဘို့မယ်ဝင်းထဲ ဝင်လိုက်၊ ရှင်ဘို့မယ်က အရှေ့ထွက်ပြီး ယိုးဒယားနတ်စင်ဝင်းထဲ ပို့ပေးပါဦး” ဟု တရှည် တလျားမှာသောအခါ ဦးကြီးချိုက စိတ်မရှည်သောကြောင့် “ အုန်းရင်ရာ၊ ငါလည်းမန္တလေးသားပါဟ၊ အခုမှ တောက တက်လာတာ မဟုတ်ပါဘူး။ ယိုးဒယားနတ်စင်ဝင်းထဲ ဒီဆီပုံး ပို့ပေးပါဆို ပြီးတာ နင့်ဟာ ရှည်လိုက်တာ” ဟု ပြန်ပြောသည်။

 

ဒေါ်ကြီးဒေါ်အုန်းရင်က ၂၆လမ်းနှင့် ၈၃လမ်းထောင့်ဟု မပြော၊ ကာတစ်တိုက်ထောင့် လို့ပြောသည်။ ၂၆လမ်းနှင့် ၈၂လမ်းဟုမပြော ရိုးကုမ္ပဏီအတက်ဟု ပြောသည်။ ၂၆လမ်းနှင့် လမ်း၈၀ထောင့်ဟု မပြော ကြေးနန်းရုံ တောင်ပေါက်ဟု ပြောသည်။ ၂၆လမ်းနှင့် ၇၈လမ်းထောင့်ဟု မပြော ဓာတ်စက်ရုံထောင့်ဟု ပြောသည်။ ၂၉လမ်းနှင့် ၈၁လမ်းထောင့်ကို ဗဟိုမီးသတ်ဟု မပြော ရေစက်ရုံဟုပြောသည်။ သူ့တောင်ဘက်က ရဲစခန်းကို ယိုးဒယားဈေးဂတ်ဟု ပြောသည်။ ဒေါ်ကြီး ဒေါ်အုန်းရင် ခိုင်းလျှင် ရှေးမန္တလေး အခေါ်အဝေါ်တွေ သိထားမှ အဆင်ပြေသည်။ ကျော်လှိုင်ဘရားသားထောင့်တို့၊ ကျောက်ထိုးရုံကွေ့ တို့လည်း သိထားမှ၊ ထို့ပြင် မာရဂျမ်းတိုက်၊ ဒေါင်းတိုက်၊ ဒင်္ဂါးတိုက်၊ ရွှေမောင်းတိုက်၊ ဘာဘူတန်း၊ ပန်းဆိုးတန်း၊ ဒီဘိုးလမ်း၊ စတိုက်(စာတိုက်)တန်း၊ လက်ဆည်ကန် ဆိုတာတွေလည်း သိထားမှ။

 

ရေဒီယိုလေး တစ်လုံး
————————

ဝင်းထဲမှာ ဦးလေးသောင်တိုက်ကလွဲလျှင် ရေဒီယို ရှိတာကလည်း ဒေါ်ကြီးဒေါ်အုန်းရင်အိမ်နှင့် ဦးပုကွမ်းယာ ဆိုင်မှာပဲ ရှိသည်။ ဦးပုဆိုင်က ဝင်းအပြင်ဘက်မှာမို့ ရေဒီယို နား ကပ်ချင်လျှင် ဒေါ်ကြီးဒေါ်အုန်းရင်ကိုပဲ မျက်နှာချို သွေးရသည်။ အထူသဖြင့် အဘက ဗုဒ္ဓဟူးနေ့ စာဟော၊ ကြာသပတေးနေ့ ဆိုင်းအဖွဲ့ဖျော်ဖြေခန်းနှင့် စနေတစ်ပတ်ခြား ဇာတ်အဖွဲ့ အစီအစဉ်ဆို လျှင် ဒေါ်ကြီးဒေါ်အုန်းရင်အိမ်ရှေ့ ကွပ်ပျစ်ပေါ် ရေဒီယိုနားထောင် သွားသည်။ ကျွန်တော် ကလည်း လိုက်ချင်သည်။ လိုက်လျှင် မျက်နှာသစ် ခေါင်းဖြီး ခြေဆေး လက်ဆေး ဖိနပ်စီးပြီးမှ လိုက်ရသည်။

 

ဒေါ်ကြီးက သူ့ကွပ်ပျစ်ပေါ်တက်လျှင် ဖိနပ်မပါဘဲ မတက်ရ၊ ခြေမဆေးဘဲ မတက်ရ။ လက်မဆေးဘဲ ဟိုကိုင်ဒီကိုင် မကိုင်ရ။ သူ့ရေဒီယိုက ဓာတ်ခဲနှင့် ဖွင့်ရသော ဖီးလစ်ရေဒီယိုလေး ဖြစ်သည်။ ကွပ်ပျစ်၏ အရှေ့ဘက်ထောင့်က ထင်းရူးသေတ္တာ စိမ်းကြီးပေါ် ပိတ်ဖြူသန့်သန့်လေး ခင်းထားသည့် အပေါ် ရေဒီယိုလေးကို တင်ထားသည်။ ရေဒီယို ဖွင့်တော့မည်ဆိုလျှင် အနားမှာခေါက်ထားသည့် ချည်လက်သုတ် ပုဝါလေးနှင့် ခလုတ်ကို ဖွင့်သည်။ လိုင်းပြောင်းသည်။ သူ့ရေဒီယိုမှာ နားထောင်ဖို့က တယ်မလွယ်လှ။ ဒါပေမယ့် မတတ်နိုင် ဝင်းထဲက အိမ်၈လုံးမှာက ဒီရေဒီယိုလေး တစ်လုံးပဲ ရှိသည်မဟုတ်လား။

 

ဒေါ်ကြီးဒေါ်အုန်းရင်က တစ်နေကုန် မနားတမ်း ပြောဆိုနေသလောက် ညပိုင်းရောက်လျှင် အသံမထွက်ဘဲ ငြိမ်နေတော့သည်။ ဦးကြီးချိုက ညနေစောင်းတော့ တစ်ခွက်တစ်ဖလားမော့တာပေါ့။ ဦးကြီးချို ရေချိန်မှန်လျှင် တစ်နေကုန် မျိုသိပ်ထားတာတွေ ဖွင့်အန်တော့သည်။ နည်းနည်းလွန်လျှင် အောင့်အည်းထားတာတွေ ပေါက်ကွဲတော့သည်။ သည်အခါ ဒေါ်ကြီးလည်း အိမ်မှာမနေဝံ့တော့ သူ့အစ်ကို ဦးကြီးဘထွန်းအိမ်မှာ ဖြစ်ဖြစ် ကျွန်တော်တို့ အိမ်မှာ ဖြစ်ဖြစ် ရှောင်နေတော့သည်။ မနက်လင်းတော့လည်း ဦးကြီးချိုက ညက ဦးကြီးချို မဟုတ်တော့သလိုဘဲ သူ့အလုပ်နဲ့ ဘာသံမှ မကြားရဘဲ တကုပ်ကုပ်။

 

ဒေါ်ကြီး ဒေါ်အုန်းရင်အိမ်မှာ ကျွန်တော်မှတ်မိသည့် အရွယ်ထိ သူ့အမေ ဒေါ်ငွေရှင် ရှိသေးသည်။ အသက်၈၀ကျော် ပိန်ပိန်ဖြူဖြူနှင့် ဆံပင်တိုညှပ်ထားသည်။ ဒေါ်ငွေရှင့် ခင်ပွန်းက ဦးဖိုးမြတ်တဲ့။ သူကလည်း အသောက်လေး ကြိုက်သတဲ့။ ကျွန်တော်မမှီ။ ကျွန်တော်ငယ်ငယ်က တစ်ညသောအခါ မိုးကြီးလေကြီးကျနေစဉ် အိမ်ရှေ့ အမေ့ရင်ခွင်ထဲကနေ ဒေါ်ကြီးအုန်းရင်တို့ အိမ်ဘက် မျှော်ကြည့်ရင်း “မငွေရှင်တော့ မိုးကြီးထဲ ကြောက်နေရှာမှာပဲနော်” လို့ ထူးထူးဆန်းဆန်း ပြောသတဲ့။ ဒီတော့ အမေက အံ့အားသင့်ပြီး “နင်က မငွေရှင်လို့ခေါ်ပြီး ပူပန်ရအောင် ဦးဖိုးမြတ်ဝင်စားလို့လား” လို့ မေးတော့ ကျွန်တော်က ဟုတ်တယ် ဟုပြောသတဲ့။ ကျွန်တော် ၄နှစ် ၅နှစ်သားလောက်ထိ ဦးဖိုးမြတ် ဝင်စားတာလား ဟု မေးမြန်းကြသေးသည်။ နောက်တော့ ဥဲီးကြီးချိုနှင့် ဒေါ်ကြီးဒေါ်အုန်းရင်တို့က အမျိုးသားကျောင်း အရှေ့ဘက် အထက်ဆင့် ဝင်းထဲရှိ သူတို့ အိမ်ဖြစ်သို့ ု့ပြောင်းသွားကြသည်။

 

စက်ရေတဲ့၊ လက်ရေတဲ့၊ ကရုံးသားရေတဲ့
————————————–

ကိုင်း စကားစ ပြန်ဆက်ပါဦးမည်။ ဆွေမျိုးသားချင်းတစ်စု မူလ လက်ငုတ် အလုပ်တွေ ရပ်နားကြရတော့ ခေတ်ပေါ်အလုပ်တွေ လုပ်ကြရာတွင် ငယ်ရွယ်သူများအဖို့ ဒေါင်ကျကျ ပြားကျကျလုပ်ကြတာမို့ လားရှိုးလိုင်းဘက် ကုန်ကူးသူကူး၊ မော်လမြိုင်လိုင်း သွားသူသွား၊ တရုတ်ပစ္စည်း၊ ယိုးဒယားပစ္စည်း နှင့် ကိုယ့်အဆက်အသွယ်နှင့် ကိုယ် ရုန်းကန်ကြရသည်။ အိမ်က ကိုသိန်းမောင်နှင့် ကိုကိုစိန်လှိုင်တို့က သူတို့ ကျွမ်းကျင်သည့် ပစ္စည်းဖြစ်သော သားရေများကို ရန်ကုန်သို့ သွားရောင်းသည်။ သားရေဆိုသည်မှာ အထူးသဖြင့် ခြေနင်းချုပ်သည့် ဖိနပ်အပေါ်ကခင်းသည့် သားရေအပါးများဖြစ်သည်။ ဆိတ်သားရေ နွားသားရေတဲ့၊ စက်ရေတဲ့၊ လက်ရေတဲ့၊ ကရုံးသားရေတဲ့။ ထိုသားရေတွေက မန္တလေး စိန်ပန်းနှင့် တံခွန်တိုင်ဘက်က သားရေနယ်လုပ်ငန်းတွေက ထွက်သည်။

 

အထူးသဖြင့် စိန်ပန်းရပ် ရဟိုင်းသုဿန်တောင်ဘက်ရှိ အစိုးရသားရေစက်ရုံထုတ် သားရေဆိုလျှင် ပိုဈေးကွက် ဝင်သည်။ သားရေကုန်ကြမ်းများက ကန့်သတ်ကုန်မို့ လွတ်လပ်စွာ ရောင်းဝယ်ခွင့် မရသောအခါ ရန်ကုန်ရှိ ရှူးဖိနပ်နှင့် ဖိန်အမျိုးမျိုးလုပ်ငန်းတွေသို့ မန္တလေးသားရေတွေ မှောင်ခိုရောင်း ရခြင်းဖြစ်သည်။ မန္တလေးမှာလည်း ပုဂ္ဂလိက သားရေနယ်လုပ်ငန်းများဆီက ပုန်းလျှိုးကွယ်လျှိုးဝယ်ရသလို သားရေစက်ရုံ က တရားဝင် ဝယ်ယူခွင့် ပါမစ်ကလည်း သူ့အဆက်အသွယ်နှင့်သူ အပေးအယူရှိမှ ရတာမို့ ကုန်ကြမ်းရဖို့ ခက်ခဲလှသည်။

 

မန္တလေးက သားရေအချို့ရတော့ အနံ့မထွက်အောင် သားရေမှန်းမသိအောင် ကျစ်နေအောင် ထုပ်ပိုးရသည်။ အထူးသဖြင့် စစ်သုံးမိုးကာစနှင့် အိပ်ယာလိတ်ပုံစံထုပ်ပိုးရသလို အိမ်ထောင်ပြောင်းပုံစံ သံသေတ္တာထဲစောင်နှင့် ပတ်ထည့်ကာ တန်ဆာအပ်ကာ သယ်ကြရသည်။ အရွယ်ကောင်းသူတွေမို့ သယ်ဟယ် မဟယ် ပြေးဟယ် လွှားဟယ်နှင့် ရန်ကုန်မန္တလေး အဆင်ပြေသလို လွန်းပျံသွားလာနိုင်ကြသည်။ သားရေအကြောင်းကလည်း ဖိနပ်သမားမှ ကျွမ်းကျင်နားလည်တာမို့ လူတိုင်း မလုပ်နိုင်။ သည်တော့ မဆိုးလှဟု ပြောရမည်။

 

အဘတို့ အမေတို့က မုံရွာက အစ်မကြီး လစဉ်ကန်တော့သော ငွေကြေး၊ အဘ၏ ဆီစက်မီးထိုး နေ့စား၊ အစ်မလတ်က ကျောင်းထွက်ကာ ဦးတာရဲဈေးထဲ ညနေခင်း ပဲစိမ်းလေးတွေ ရောင်းတဲ့ အမြတ်လေး၊ အစ်မငယ် ပန်တျာကျောင်းက ရသော စတိုင်ပင်နှင့် ဆီမရောင်းရသော်လည်း ချိုးကာခြံကာ နေလို့ရသည်။ သို့သော် အလုပ်နှင့် လက်မပြတ်ခဲ့သော အမေက ဒီလိုကြီး အလုပ်မရှိ အကိုင်မရှိ မနေချင်၊ ကိုယ့်ပိုက်ဆံလေးလည်း ကိုယ်တိုင် ကိုင်သုံးချင်သေး၊ အိမ်ကလည်း မပြင်လို့ မဖြစ်တော့။ သည်တော့ ဒီရက်ပိုင်း အရောင်းအဝယ် ဈေးကွက်အသစ် ဖြစ်နေသော ပစ္စည်းကလည်း ပေါ့ပေါ့ပါးပါးမို့ ရန်ကုန်သို့ ကုန်ကူးလိုက်မည်ဟု ဆိုကာ ပြင်ဆင်တော့သည်။ အသက်၅၀ ကျော် ဆိုတာ ကြီးမှ မကြီးသေးတာတဲ့လေ။

 

မူလတန်းမှာ မသိလိုက် မသိဖာသာ
———————————

တကယ်တော့ အဲ့ဒီကာလ ကျွန်တော့် အရွယ်အနေနှင့် တော်လှန်ရေးကောင်စီ က အာဏာရယူသည့် ကြောင်းခြင်းရာကို မမှတ်မိခဲ့။ အနည်းငယ်သိတတ်သည့် အရွယ်မှာ တော်လှန်ရေးကောင်စီတက်ပြီး ကာလ ဖြစ်သည်။ ထို့ကြောင့် ယခင်က ကုန်ပစ္စည်းတွေကို ပုဂ္ဂလိက ကုန်တိုက်တွေမှာ လိုအပ်သလို ဝယ်လို့ရတာ၊ လွတ်လပ်စွာ ရောင်းဝယ်နိုင်တာ မှတ်မှတ်သားသားမရှိတော့။ မှတ်မိသည့်အရွယ်ရောက်တော့ ဦးထင်လှ ဒေါ်ရင် တို့ ဆိုင်က အစိုးရ ကုန်စုံဆိုင်ဖြစ်နေပြီ။ အဘတို့ အမေတို့က ဦးလေးသောင် ဆီစက်က ဆီကို အရင်လို ဝယ်မရတော့။

 

အစိုးရက သတ်မှတ်သည့် စက်က ခွဲတမ်းနှင့်ပဲ ရောင်းချပေးသည်။ သေချာတာကတော့ မနက်လင်းလို့ မျက်နှာသစ်သည်မှအစ အရင်လို ဆပ်ပြာခဲမရှိတော့၊ အရင်လို သွားတိုက်ဆေးမရှိတော့၊ ကော်ဖီမှုန့် မရှိတော့၊ နို့ဆီဗူးမရှိတော့၊ သကြားမရှိတော့၊ ဆန်ကို အစိုးရကရောင်းသည့် ဆန်ပဲ ရောင်းသည့်အချိန်မှာ ရောင်းသည့် ပြီချင်ပဲ ဝယ်လို့ရမည်။ ကိုယ့်ရှိသည့် ပစ္စည်းလည်း ရောင်းချင်တိုင်း ရောင်းလို့မရ။ ကိုယ်ပိုင်ဆိုင်လည်း ဖွင့်ချင်လို့ ဖွင့်မရ။

 

ကျွန်တော် ဦးပဏ္ဏဝံကျောင်း စနေတော့ ပြည်သူပိုင်သိမ်းတယ် ဟူသည့် စကားလုံး ကြားဖူးပြီ။ မနက်စောစော လမ်းလျှောက်ရင်းရောက်လာသည့် ဦးကြီးလှတင်က မနေ့က ရန်ကုန်မှာ ဘယ်ဆိုင်တွေ သိမ်းသွားပြီ။ မန္တလေး ဈေးချိုထဲက ဘယ်ဆိုင်တွေ ပါသွားပြီဆိုသည့် သတင်းတွေကို မနက်တိုင်းကြား ရသည်။ ဘယ်ပစ္စည်းတွေက ကန့်သတ်ကုန်ဖြစ်သွားပြီ။ ဘယ်ပစ္စည်းတွေ တွေ ရောင်းလို့ မရတော့ဘူး ဆိုသည့် သတင်းတွေလည်း အဘတို့နှင့် မနက်တိုင်းပြောကြသည်။ သိသာတာက အိမ်မှာ စားသည့် ဆန်က အရင်လိုမဟုတ်။ ခဏလေးနှင့် မာသွားတာ၊ ပျော့သွားတာဖြစ်သည်။ သွားတိုက်ဆေးဝယ်မရလို့ ဆားနှင့် သွားတိုက်တော့ ဆားတွေက မည်းပြီး အခဲတွေလို ဖြစ်နေသည်။ ညအတွက် မီးထွန်းဖို့ ရေနံဆီကလည်း ဦးဘိုးထွဋ် ဒေါ်ဒေါ်သောင်းတို့ အိမ်က အရင်လို မရောင်းတော့ ဘူးတဲ့။ ခွဲတမ်းရမှ ဒေါ်ရင်တို့ဆိုင်မှာ စာအုပ်နှင့် ထုတ်ရမှာတဲ့။

 

ပြည်သူပိုင်သိမ်းတယ်ဟူသော သတင်းနှင့် အတူ ကျွန်တော့ မူလတန်းကျောင်းသားဘဝက စတင်ခဲ့သော်လည်း မနက်လင်း ကျောင်းသွား၊ ဦးပဏ္ဏဝံရှေ့မှောက် ဘုရားရှိခိုး ၊ ခဏနေ ခေါင်းလောင်းထိုးတော့ အတန်း ကျောင်းတက်၊ မုန့်စားဆင်းတော့ ဒေါ်ခင့်ဆိုင်က မုန်လာချဉ်သုတ် ဆယ်ပြားဖိုးဝယ်စား၊ နေ့လယ် အိမ်ပြန်ထမင်းစား၊ ကျောင်းပြန်တက်၊ ညနေကျောင်းဆင်း၊ ဘုရားထဲသွားကစား အိမ်ရောက်ရေချိုး၊ ထမင်းစား အဘတို့စကားဝိုင်းနား မကပ်နိုင်တော့ဘဲ အမေ့ဘေးကပ်ကာ စောစော အိပ်ရာဝင်၊ ဒီလိုနှင့် ဒက္ခိဏဝံကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်မြအေး နေရာ ဆရာကြီး ဦးသောင်းရွှေ ရောက်လာသည်။ ယခင်ကတည်းကရှိသော ဆရာမဒေါ်နုနု နှင့် ဒေါ်ညိုညိုက မပြောင်းလဲ။ ထို့နောက် ဆရာအသစ် ဦးမောင်ကို ရောက်လာသည်။ ကျွန်တော်လည်း ၃ တန်းရောက်ရောပေါ့။ အိမ်မှာက အဘက ဆီစက်မှာ မီးထိုး၊ အမေက ဆီလေးမစို့မပို့ ပုန်းလျှိုးကွယ်လျှိုးရောင်း၊ အတူနေ ဒုတိယအစ်မက ကလေး၃ယောက်ရပြီ။ ညနေ ဦးတာရဲဈေးမှာ ပဲရောင်းသည့် အစ်မလတ်က ကိုကိုစိန်လှိုင့်ယောက်ဖ ကိုဝင်းမောင်နှင့် အိမ်ထောင်ကျသည်။ အစ်မငယ်က ပန်တျာကျောင်းသို့ အရင်လို ဘတ်စ်ကားနှင့် သွားစရာမလိုတော့။ အဘဝယ်ပေးသော မိန်မစီးဘီးနှင့် သွားသည်။

 

အိပ်ရာလိပ် နှီးခြင်းတောင်း နှင့်
—————————–

သည်ကာလမှာပဲ ထူးထူးခြားခြား မှတ်မိနေတာက အမေလည်း အခြားဆွေမျိုးသားချင်းတွေလို ရန်ကုန်သို့ ကုန်ကူးလိုက်ခြင်း ဖြစ်သည်။ သယ်ယူသည့် ပစ္စည်းက လူသုံးကုန် အလှကုန် အဝတ်အထည် စက်ဘီးပစ္စည်း စသည်ဖြင့် မဟုတ်။ ရန်ကုန်သို့ လက်ဖက်ခြောက်များ သယ်ပို့ရခြင်းဖြစ်သည်။

 

လက်ဖက်ခြောက်က မြန်မာပြည်မှာ အိမ်တိုင်း မရှိမဖြစ် ပစ္စည်းဖြစ်သည်။ ထိုလက်ဖက်ခြောက်ကို လွတ်လပ်စွာ ရောင်းဝယ်ခွင့် မရဘူးတဲ့။ ထို့ကြောင့် ရှမ်းပြည်နယ်ထွက် လက်ဖက်ခြောက်များကို အမေတို့က ရန်ကုန်သို့ သယ်၍ ရောင်းရသည်။ ရန်ကုန်သွားမည့်နေ့ ညရထားမစီးမီ ကျွန်တော့် အစ်မများက တောင်ဘက် ပုဏ္ဏားဝင်းထဲသို့ နှီးများဖြင့် ရက်လုပ်ထားသည့် ခြင်းကျဲတွေ ဝယ်ရသည်။ ထိုအချိန်က ထိုခြင်းများကို ထိုးမုန့်ခြင်းဟုခေါ်သည်။ ထိုးမုန့်သည်များက ထိုးမုန့်များ လမုန့်များကို ထိုခြင်းများဖြင့် ထည့်ပြီး ဈေးဝယ်သူကို အသင့် ဆွဲယူသွားနိုင်အောင် ထည့်ပေးသည်။ နှီးစများကို အနီ အစိမ်းစသော ဆေးများဆိုးထားပြီး လှပစွာ ရက်လုပ်ထား၏။ ထိုခြင်းများကို ပုဏ္ဏားများက ရက်လုပ်ရောင်းချသည်။

 

အညာက ရာသီပေါ် ဟင်းရွက်လေးတွေ
————————————

အစ်မတွေ ဝယ်လာသော အနေတော် ခြင်းများတွင် အတွင်းက ငှက်ပျောရွက်စိမ်းများ ၃ထပ်လောက် ခံလိုက်သည်။ ထိုငှက်ပျောဖက်များ အတွင်း ပလပ်စတစ်အိတ်နှင့် ကျစ်နေအောင်ထည့်ထားသည့် လက်ဖက်ခြောက်များ ထည့်သည်။ လက်ဖက်ခြေက်အပေါ်က ဒေသထွက် ဂွေးတောက်ရွက် ဆူးပုပ်ရွက် ဖရုံညွန့် ဂေါ်ရခါးညွန့် စသည်တို့ ထည့်ကာဖုံးပြီး ခြင်းတောင်းထိပ်က နှီးတွေစုကာ ချည်လိုက်သည်။ ထို့နောက် ထိုခေတ်က ခရီးထွက်ရာတွင် သယ်ယူလေ့ရှိသည့် ကင်းဗတ်စနှင့် ချုပ်ထားသော အိပ်ရာလိတ်ကြီးအတွင်း စောင်ကြမ်းခံကာ လက်ဖက်ခြောက်တွေ ဖြန့်ထည့်သည်။

 

ထို့နောက် လက်ဖက်ခြောက်ပေါ်က စောင်ကြမ်းတစ်ထည် ဖြန့်ဖုံးကာ အိပ်ရာလိပ်ကိုလိပ်၍ အသင့်ပါသော သာရေခါးပတ်ကြိုးနှင့် ပတ်လိုက်၏။ ပို၍ ယုတ္တိရှိအောင် ခေါင်းအုံးတစ်လုံးလည်း ပါသည်။ နောက်တော့ ထိုခေါင်းအုံးထဲ လည်း မှို့များထုတ်ကာ လက်ဖက်ခြောက်များ ထည့်ကြသည်။ အမေတို့က ဘူတာဆင်းလျှင် အိပ်ရာလိပ်ကြီး ခေါင်းပေါ်ရွက် ခြင်းတောင်း ၂လုံ လက်ဆွဲသည်။ လိုက်ပို့သူကလည်း နိုင်သလောက် ခြင်းတောင်းတွေ ဆွဲကာ ပို့သည်။ ရထားက ဘယ်တော့မှ လက်မှတ်မရ။ လက်မှတ်မဲ့နှင့် တွန်းထိုး လိုက်ရသည်။

 

တစ်ခါတရံ ပုဏ္ဏားခြင်းနှင့် ဟင်းရွက်များအစား နပန်းခြင်းတောင်းထဲ လက်ဖက်ခြောက်ထည့်ကာ အပေါ်က မုန့်ဆီကြော်တွေ ကြော်ထည့် သွားသည်။ မန္တလေးက ညထွက်သွားသောရထားက နောက်ရက် ရန်ကုန်သို့ ရောက်ချင်သည့် အချိန်ရောက်သည်။ အချိန်မီသေးလျှင် လက်ဖက်ခြောက်များကို ပွဲရုံသို့ သွင်းပြီး အမျိုးများရှိသော လမ်းမတော် မော်တင် ၇ လမ်းတွင် နား၍ ပါလာသည့် အညာဟင်းရွက်တွေ လက်ဆောင်ပေးသည်။ ထို့နောက် မှီရာ ရထားနှင့် လက်မှတ်မဲ့စီးပြီး မန္တလေး ပြန်သည်။ နည်းနည်းအမောပြေတော့ နောက်တစ်ခေါက်ပေါ့။ ဒါကို လက်ဖက်ခြောက်ကူးဟုခေါ်၏။

 

ရန်ကုန်က အမေ့အမျိုး အရီးသွယ်တို့ မမကောက်တို့လည်း မန္တလေးလာကာ လက်ဖက်ခြောက် ကူးကြသည်။ ရန်ကုန်မန္တလေး အမျိုးတွေ အပြန်အလှန်ကုန်ကူးကြတော့ ဝင်းထဲမှာ ဧည့်မပြတ်တော့။ အမေကတော့ လက်ဖက်ခြောက်ကူး ၃ကြိမ်လောက် လိုက်အပြီး နောက်အခေါက်မှာ ရန်ကုန်ဘူတာကြီးထဲ လက်ဖက်ခြောက် ခိုးထည့်လာသည့် ခြင်းက လက်မှတ်စစ်ရှေ့ ရောက်မှ ကြိုးပြေကာ လက်ဖက်ခြေက်တွေ ထွက်ကျပြီး အဖမ်းခံလိုက်ရတာ သဘောကောင်းသည့် လက်မှတ်စစ်မို့ လူကိုလွှတ်လိုက်ပြီး ပစ္စည်းပဲ သိမ်းလိုက်သည်။ သည်အခေါက် အရင်းပြုတ်ပြီး အဆင်မပြေတော့ နောက်အခေါက်တွေ လက်ဖက်ခြောက် မကူးတော့။

××××××××××

Related posts

✕
VOM News

FREE
VIEW