အောက်တိုဘာ ၄၊၂၀၂၅
GG (VOM)
MMAဖိုက်တာ အောင်လအန်ဆန်က ဒီနေ့အောက်တိုဘာလ ၄ ရက်နေ့ မနက်ပိုင်း ထိုင်းနိုင်ငံ ၊ ဘန်ကောက်မှာ ကျင်းပတဲ့ ONE Fight Night ပွဲမှာ တဖက်ပြိုင်ဘက် ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန်ကာဒက်စတမ်ကို ဒုတိယအချီမှာပဲ ထိုးသတ်အနိုင်ယူနိုင်ခဲ့ပါတယ်။
အောင်လအန်ဆန်ဟာ တဖက်ပြိုင်ဘက်ကစားသမားကို ဒုတိယအချီမှာ ဒိုင်ပွဲရပ်အခြေအနေနဲ့ အနိုင်ယူထိုးသတ်နိုင်ခဲ့တာ့ဖြစ်ပါတယ်။
ဒီနေ့ကစားပွဲဟာ အောင်လအန်ဆန်ရဲ့ One Championship ကစားသမားဘဝကနေ အနားမယူခင် နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲဖြစ်ပြီး အနိုင်ပွဲနဲ့အဆုံးသတ်ကာ မြန်မာပရိတ်သတ်တွေကို နူတ်ဆက်ခဲ့တာဖြစ်ပါတယ်။
အောင်လအန်ဆန်က ကစားပွဲမတိုင်ခင်မှာ ပရိတ်သတ်တွေကိုပြောခဲ့တဲ့ ” သုံးချီအတွင်း ပြီးအောင်ထိုးမယ်။အားလုံးဂုဏ်ယူနိုင်အောင် ကျွန်တော်နိုင်အောင်ထိုးပေးမယ်” ဆိုတဲ့စကားအတိုင်း အနိုင်ယူထိုးသတ်သွားတာဖြစ်ပါတယ်။
” ကိုအောင်လကတော့ သူရဲ့နောက်ဆုံးပွဲကိုအနိုင်နဲ့ လှလှပပလေး အဆုံးသတ်သွားသလို ကျွန်တော်တို့ မြန်မာပရိတ်သတ်လည်း ကျေနပ်စေခဲ့တယ်။ကိုအောင်လအတွက် ဂုဏ်ယူရပါတယ်။” လို့ မြန်မာပရိတ်သတ်တယောက်ကပြောပါတယ်။
အောင်လအန်ဆန်ရဲ့ ဒီနေ့ကစားပွဲမှာ အဆိုတော်လေးဖြူကိုယ်တိုင် အမဲလိုက်အက သီချင်းဖျော်ဖြေပြီး အောင်လအန်ဆန်နဲ့ ပွဲထွက်လာတာလည်းတွေ့ရပါတယ်။ ဒီနေ့ အောင်လအန်ဆန်ရဲ့ပွဲကို မြန်မာပရိတ်သတ်အများအပြားလည်း သွားရောက်အားပေးခဲ့ကြပါတယ်။
အောင်လအန်ဆန်ဟာ One Championship မှာ ဒီနေ့ပွဲအပါ ကစားပွဲ ၂၀ ကစားခဲ့ပြီး ၁၅ ပွဲအနိုင်ရရှိခဲ့ပါတယ်။ ပြိုင်ဘက် ကာဒက်စတမ်ကတော့ One Championship မှာ ၁၁ ပွဲကစားပြီး ၇ ပွဲနိုင်ကာ ၄ ပွဲရှုံးထားပါတယ်။
အောင်လအန်ဆန်ဟာ ၂၀၁၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ One Championship ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်လုပွဲမှာ ပြိုင်ဘက်ကစားသမားကို အနိုင်ယူခဲ့ပြီး ပထမဆုံးသော မြန်မာကိုယ်စားပြုချန်ပီယံဖြစ် ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ နောက်ထပ် ခါးပတ်တခုကို ထပ်မံရရှိခဲ့ပါတယ်။