ရွှေ၊ ငွေဈေး ကျနေပေမယ့် ပြည်ပအဝင် ပိတ်ထားလို့ သွင်းကုန်ပစ္စည်းတွေ ဈေးမကျပြန်

အောက်တိုဘာ ၄ – ၂၀၂၅
SN (VOM)
လက်ရှိ ပြည်တွင်းမှာ ရွှေဈေးနဲ့ နိုင်ငံခြား ငွေလဲနှုန်းတွေ ကျဆင်း‌နေပေမယ့် ပြည်ပအဝင် ပိတ်ထားတာကြောင့် သွင်းကုန်ပစ္စည်း ရှားပါးနေပြီး ဈေးနှုန်းကျဆင်းခြင်း မရှိသေးဘူးလို့ စီးပွားရေး လေ့လာ စောင့်ကြည့်သူတွေနဲ့ ပြည်သူတွေက ပြောပါတယ်။
လက်ရှိ ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ၇၉ သိန်းကျော် ဝန်းကျင်မှာ ရောက်ရှိနေသလို အမေရိကန် ဒေါ်လာဈေးကလည်း ၄၀၀၀ ကျော်ဝန်းကျင်မှာ ကျဆင်း ရောက်ရှိနေတာ ဖြစ်ပါတယ်။
အခေါက်ရွှေ ဈေးနှုန်းဟာ စက်တင်ဘာ ၃၀ ရက်က တကျပ်သား သိန်း ရှစ်ဆယ် ရှစ်သောင်းဝန်းကျင်မှာ ရှိခဲ့သလို အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းကလည်း ရောင်းဈေး ကျပ် ၄၁၇၀ ဝန်းကျင်မှာ ရှိခဲ့ရာကနေ လက်ရှိမှာတော့ ဆက်တိုက် ဈေးပြန်လည် ကျဆင်းနေတာပါ။
“ရွှေဈေး၊ ဒေါ်လာဈေးတွေက ဆက်တိုက် ပြန်ဆင်းနေတယ်။ ဒါပေမယ့် ပြည်ပသွင်းကုန်တွေကတော့ ဈေးမကျတဲ့အပြင် ထပ်တက်လာတယ်။ ဘာကြောင့်လဲဆို နိုင်ငံခြားငွေ၊ ငွေဈေးက ကျတယ် ဆိုပေမယ့် ပစ္စည်းက သွင်းလို့မရဘူးလေ။ ဘယ်လိုလုပ် ဈေးကျပါ့မလဲ။ ပြည်တွင်း လိုအပ်ချက် ပမာဏကို ပြည့်မီအောင် ပေးမသွင်းမချင်း၊ ဖြည့်ဆည်း မပေးမချင်း၊ မရှိမဖြစ် ပစ္စည်းတွေကတော့ ငွေဈေး ဘယ်လောက်ပဲကျကျ ထပ်ကို တက်နေဦးမှာပဲ” လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
လက်ရှိအချိန်မှာ ဒေါ်လာနဲ့ ယှဉ်ပါက ကျပ်ငွေတန်ဖိုး မာတယ်လို့ ပြောလို့ရပေမယ့် စားဝတ်နေရေး ဖြေရှင်းဖို့အတွက် အဲဒီ ကျပ်ငွေကို အရင်ကထက် ပိုမို အသုံးပြုနေရတာ ဖြစ်တဲ့အတွက် ကျပ်ငွေဟာ ကုန်စည်၊ ဝန်ဆောင်မှုတွေနဲ့ ယှဉ်ပါက အတော့်ကို ပျော့သွားတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။
“သွင်းကုန်ပိတ်တယ် ဆိုရင်လည်း ပြည်တွင်းထုတ်ကုန်ကို Supply – Demand မျှအောင် ထုတ်ပေးကြဖို့ လိုပါတယ်။ သူများနိုင်ငံဆီက ဘာလို့ ဝယ်ရလည်းဆိုတော့ ပြည်တွင်းထုတ်တွေက ဒီက စားသုံးသူ လိုအပ်ချက်တောင် ပြည့်မီအောင် မထုတ်ပေးနိုင်တဲ့အပြင် Quality က တခါဝယ်ရင် တမျိုးစီ ဖြစ်နေတော့ ပြည်ပက Quality ပုံမှန်ပစ္စည်းပဲ ဝယ်သုံးချင်ကြတယ်။ FDA တို့ ဘာတို့ ဆိုတာ နောက်မှာထားဦး၊ တကယ် စားသုံးနေသူတောင် အရင်တခါဝယ်တဲ့ Quality နဲ့ နောက်တခါဝယ်တဲ့ Quality က တူအောင်မရဘူး” လို့ ပြည်သူတယောက်က ပြောပါတယ်။
လက်ရှိ ပြည်တွင်းမှာ ဆေးဝါးနဲ့ အခြေခံ စားသောက်ကုန်တွေ အပါအဝင် ကုန်ပစ္စည်း ဈေးနှုန်းတွေဟာ အနည်းဆုံး သုံးဆကနေ ခြောက်ဆ ဝန်းကျင်အထိ အမျိုးအစားပေါ် မူတည်ပြီး ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။
ဈေးကွက်ထဲက လူသုံးများတဲ့ ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာမှုန့်၊ အချိုမှုန့်နဲ့ ပြည်ပက တင်သွင်းလာတဲ့ ဟင်းခတ်ပစ္စည်း တချို့ကတော့ လက်ရှိမှာ ပစ္စည်း ပြတ်လပ်နေပြီဖြစ်သလို ပြည်တွင်း ထုတ်ကုန်တွေ အစားထိုး သုံးစွဲရာမှာလည်း အရည်အသွေး မမီတဲ့အတွက် အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
သွင်းကုန်တွေကို ကန့်သတ်ထားတာကြောင့် လက်ရှိမှာ ပြည်ပကသွင်းတဲ့ ကုန်ပစ္စည်း အမျိုးအစားတွေ ဈေးကွက်မှာ ရှာရခက်နေပြီး ဈေးဆက်တက်နေတဲ့အပြင် ပြည်တွင်းရှိ ထုတ်ကုန်တွေဟာလည်း လျှပ်စစ်မီး အပြည့်အဝ မရရှိတာအပြင် ကုန်ကြမ်း ရှားပါးမှုနဲ့ သယ်ယူ ပို့ဆောင်ရေး အခက်အခဲတွေကြောင့် စျေးမြင့်တက်နေဆဲ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW