အောက်တိုဘာ ၅၊၂၀၂၅
CC (VOM)
ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ် Max တိုးဂိတ်အနီးမှာ ဒီနေ့ အောက်တိုဘာ ၅ ရက်နေ့ ၄ နာရီကျော်လောက်က ဘုရားဖူးကားတစီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်လို့ ၁၆ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
တိမ်းမှောက်ခဲ့တဲ့ကားက ကျိုက်ထိုမြို့ကနေ ရန်ကုန်ကိုဘုရားဖူးလာတဲ့ကားဖြစ်ပြီး ကားပေါ်မှာ အမျိုးသား တယောက်၊အမျိုးသမီး ၁၅ ယောက်လိုက်ပါလားပြီး ကားပေါ်ပါသူအားလုံးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” ကားက တိုးဂိတ်အနီးရောက်ချိန် ဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက်က အကာအရံတွေကို ဝင်တိုက်ပြီး လမ်းဘေးမြက်ခင်းပြင်အထိကို ရောက်ပြီးမှောက်သွားတာ။ဒဏ်ရာရသူများပေမယ့် စိုးရိမ်ရတာ၊ပြင်းထန်တာမျိုးတော့မရှိပါဘူး။မှောက်တဲ့ကားက မီနီဘတ်စ်ကားပါ။ ” လို့ ဒေသခံ လူမှုကူညီရေးအသင်းဝင်တယောက်ကပြောပါတယ်။
ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိတဲ့ လူနာအားလုံးကို လှည်းကူးပရဟိတကွန်ရက်မှ ကြက်ခြေနီများအပါအဝင် လူနာတင်ယာဥ် ငါးစီး၊ ထောက်ကြံ့ကွန်ရက်မှ လူနာတင်ယာဥ် နှစ်စီး၊ YRO ရှာ/ကယ် အတွင်းရေးမှူး (မိုးပျံ)နဲ့ “01” အဖွဲ့တို့မှ လူနာတင်ယာဥ် လေးစီးတို့က လှည်းကူးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာ ၄ ရက်ကလည်း ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်က စည်ပင်ဘီးခွန်ဂိတ်အနီးမှာ ဘုရားဖူးကားတစီး အရှိန်များပြီး လမ်းဘေးရှိ ထန်းပင်ကိုဝင်တိုက်မိပြီး ထိခိုက်ဒဏ်ရာရသူ ၁၁ ယောက်ရှိခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – YRO
