အောက်တိုဘာ ၅ ၊ ၂၀၂၅
GG (VOM)
နှစ်နှစ်နီးပါး ပိတ်ထားခဲ့ရတဲ့ လွိုင်ကော်တက္ကသိုလ်ကို ယခုအောက်တိုဘာ ၁၃ ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်ကာ အဝေးသင် ဒုတိယသုတ်နဲ့ တတိယသုတ်ကျောင်းသားတွေကို စတင်သင်ကြားသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကသိရပါတယ်။
ဒါကြောင့် လွိုင်ကော်တက္ကသိုလ်ပိတ်ထားစဥ် တောင်ကြီးတက္ကသိုလ်ကို ရွှေ့ပြောင်းတက်ရောက်နေရတဲ့ လွိုင်ကော်မှ ဒုတိယနဲ့တတိယသုတ် အဝေးသင်ကျောင်းသားအားလုံး အနီးကပ်သင်တန်း ၊စာမေးပွဲကို လွိုင်ကော်တက္ကသိုလ်မှာ ပြန်လည်တက်ရောက်ပြီး စာမေးပွဲဖြေဆိုရမှာဖြစ်တယ်လို့ ဝန်ကြီးဌာနကဆိုပါတယ်။
” တက္ကသိုလ်ပြန်ဖွင့်တော့မယ်ဆိုတာဟုတ်ပါတယ်။အခုပထမသုတ်တွေစာမေးပွဲဖြေနေကြပြီလေ။ဒုတိယသုတ်ကစပြီး တက်ရမယ်သိရတယ်။တက္ကသိုလ်ကလည်း ပြင်ဆင်နေတာ အကုန်ပြီးသလောက်ဖြစ်နေပါပြီ။” လို့ လွိုင်ကော်မြို့မှ ပညာနန်းတော်ကုသိုလ်ဖြစ် ပညာဒါန ပရဟိတကျောင်းမှ ဆရာကျော်ကပြောပါတယ်။
အဝေးသင် ဒုတိယသုတ် (ဝိဇ္ဇာအထူးပြုဘာသာရပ်များ – အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီဝင်၊ စိတ်ပညာ၊ ဒသနိကဗေဒ၊ အရှေ့တိုင်းပညာ)အနီးကပ်သင်တန်းက အောက်တိုဘာ ၁၃ ရက်မှ ၂၂ ရက်အထိ ဖြစ်ပြီး စာမွေးကာလကတော့ အောက်တိုဘာ ၂၄ မှ ၃၀ ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်။
အဝေးသင် တတိယသုတ် (မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာ၊ စီးပွားစီမံပညာဘာသာရပ်)အနီးကပ်သင်တန်းက နိုဝင်ဘာ ၁ ရက်မှ ၁၁ ရက်အထိ ဖြစ်ပြီး စာမွေးကာလကတော့ နိုဝင်ဘာ ၁၃ မှ ၂၁ ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်။
လွိုင်ကော်မြို့နယ်မှာ လွိုင်ကော် တက္ကသိုလ် ၊ လွိုင်ကော်နည်းပညာတက္ကသိုလ် ၊ ပညာရေးကောလိပ် ၊အစိုးရစက်မှုလက်မှုသိပ္ပံ၊ ကွန်ပျူတာတက္ကသိုလ်တို့ရှိပြီး လွိုင်ကော်တက္ကသိုလ် တခုသာ ဖွင့်လှစ်ဖို့ကျန်ရှိနေတာဖြစ်တယ်လို့သိရပါတယ်။
” နည်းပညာတက္ကသိုလ်နဲ့ကျန်တာတွေက ဖွင့်ထားတာကြာပြီ။အခုကနောက်ဆုံးဖွင့်ဖို့ကျန်တဲ့လွိုင်ကော်တက္ကသိုလ်ကိုပါ ထပ်ဖွင့်မှာပေါ့။လွိုင်ကော်ကတော့အခုပုံမှန်ပါဘဲ။ညဘက်ကတော့ အပြင်သိပ်မထွက်ကြပါဘူး။ပြန်နေလို့ရတဲ့နေရာတိုင်းမှာတော့ ဒေသခံတွေပြန်နေနေကြပါပြီ။” လို့ သူကဆက်ပြောပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာစခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ PDF ပူးပေါင်းတပ်နဲ့ စစ်တပ်အကြားတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လွိုင်ကော်တက္ကသိုလ်ရှိအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့တဲ့အတွက် တက္ကသိုလ်ကို ပိတ်ခဲ့ရတာဖြစ်တယ်လို့သိရ ပါတယ်။
တိုက်ပွဲကြောင့် လွိုင်ကော်တက္ကသိုလ်ရှိ ကျောင်းသားရေးရာဌာန၊ စုပေါင်းခန်းမ၊ အစည်းအဝေးခန်းမနဲ့ စာသင်ခန်း၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ ၊ ဓာတုဗေဒဌာန၊ သတ္တဗေဒဌာန ရုံးခန်းတွေ၊ စာသင်ခန်း၊ ကယားချယ်ရီနဲ့ ကယားသဇင် ကျောင်းသူအိပ်ဆောင်၊ သန့်စင်ခန်းနဲ့ ထမင်းစားခန်းမ ၊ ပါမောက္ခ၊ ဌာနမှူး အိမ်ရာတွေနဲ့ တက္ကသိုလ်စာကြည့်တိုက် အဆောက်အအုံတို့ပျက်စီးခဲ့တဲ့အတွက် အချိန်ယူကာ ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ လွိုင်ကော်တက္ကသိုလ်ရှိအဆောက်အဦးအားလုံး ပြန်လည်ပြင်ဆင်ပြီး ဖြစ်တာကြောင့် တက္ကသိုလ်ကိုပြန်လည်ဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူတွေ တက်ရောက်နိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ – MOI
