ဂျကာတာ၊ အောက်တိုဘာ-၅-၂၀၂၅
မျိုးဆက်(VOM)
အင်ဒိုနီးရှားနိုင်ငံရှိ စာသင်ကျောင်းတခု ပြိုကျမှုကြောင့် သေဆုံးသူ ၃၇ ယောက်အထိ မြင့်တက်လာကြောင်း တာဝန်ရှိသူများက ဒီကနေ့ အောက်တိုဘာ ၅ ရက်မှာ အတည်ပြုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ ဘာသာရေးကျောင်း အဆောက်အအုံ တစိတ်တစ်ပိုင်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြိုကျခဲ့ပြီး ဝတ်ပြုနေတဲ့ ကျောင်းသားတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာပါ။
“တနင်္ဂနွေမနက်ပိုင်းအထိ ကယ်တင်နိုင်ခဲ့တဲ့ အရေအတွက်မှာ ၁၄၁ ယောက် ရှိပြီး ၁၀၄ ယောက်က စိတ်ချရတဲ့ အခြေအနေမှာရှိကာ ၃၇ ယောက် သေဆုံးခဲ့ပါတယ်လို့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အေဂျင်စီ ညွှန်ကြားရေးမှူးက ပြောပါတယ်။
လူ ၂၆ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။ တွေ့ရှိတဲ့အထဲမှာ အပျက်အစီးတွေအောက်က ခန္ဓာကိုယ်အစိတ်အပိုင်းတခုလည်း ပါဝင်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေးသူတွေက ရှာဖွေစစ်ဆေးနေပေမယ့် ကနဦး လက္ခဏာတွေကတော့ အရည်အသွေးနိမ့်တဲ့ ဆောက်လုပ်ရေး အခြေအနေတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
အပျက်အစီးတွေရှင်းလင်းရင်း တုန်ခါမှုတွေက တခြားနေရာတွေကို ထိခိုက်စေနိုင်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းက ရှုပ်ထွေးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အသက်ရှင်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်တဲ့ ၇၂ နာရီအချိန်ကုန်ဆုံးပြီးနောက် အကြီးစားစက်ကိရိယာတွေနဲ့ အပျက်အစီးတွေကိုရှင်းလင်းဖို့ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုတွေက ကြာသပတေးနေ့မှာ သဘောတူခဲ့ကြပါတယ်။
လျော့ရဲတဲ့ ဆောက်လုပ်ရေး စံနှုန်းတွေဟာ အင်ဒိုနီးရှားမှာရှိတဲ့ အဆောက်အအုံတွေရဲ့ လုံခြုံစိတ်ချရမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ပြီးခဲ့သောလက အနောက်ဂျာဗားမှာ အဆောက်အအုံပြိုကျမှုကြောင့် အနည်းဆုံး လူ ၃ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ်ကလည်း ဂျကာတာမြို့အရှေ့ဘက်ရှိ Cirebon မှာ တေးဂီတရပွဲအတွက် အစမ်းလေ့ကျင့်နေချိန် အဆောက်အအုံပြိုကျမှုကြောင့် ဆယ်ကျော်သက် ခုနစ်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ စတော့အိတ်ချိန်း အဆောက်အအုံ ဧည့်ခန်း ပြိုကျမှုကြောင့် လူ ၇၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:AFP
