သူတို့အိမ် အခန်း – ၁၆

ဆူးငှက်
မြန်မာ့နည်း မြန်မာ့ဟန်
———————–
ပြန်လှန်တွက်စစ်ကြည့်လိုက်တော့ ကျွန်တော်ကျောင်း စ နေသည့် အချိန်မှာပဲ ပြည်သူပိုင်သိမ်းပြီး လေသည်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်းသည်။ ထိုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ရတနာပုံရေတပ်စခန်း၌ ကျင်းပသည့် တပ်မှူးများညီလာခံက တော်လှန်ရေးကောင်စီ၏ မူဝါဒသဘောထားအဖြစ် “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်” ကို ချမှတ်သည်။ ဇူုလိုင်လ ၄ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။
“မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်” ဟူသည်ကို ကြေညာသောအခါ “ တော်လှန်ရေးကောင်စီသည် ဤလောက၌ လူလူချင်း ခေါင်းပုံဖြတ်၍ မတရား အမြတ် ရှာစားသော စီးပွားရေး စံနစ်ဆိုးများ တည်ရှိ နေသရွေ့ ကာလပတ်လုံး လူအပေါင်းကို လူမှုဒုက္ခများမှ လွတ်မြောက်စေလိမ့်မည်ဟု မယုံကြည်။ ဤပြည်ထောင်စု မြန်မာနိုင်ငံတွင် လူလူချင်း ခေါင်းပုံဖြတ်ခြင်း ကင်း၍ တရားမျှတမှု ရှိသော ဆိုရှယ်လစ် စီးပွားရေးစံနစ်ကို တည်ထောင်နိုင်မှ သာလျှင် သာယာဝပြောသော လောကသစ်ကြီးသို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်သည်။
ထိုသို့ ယုံကြည်သည့်အတိုင်း ဆိုရှယ်လစ်လောကသို့ မရောက်ရောက်အောင် ပြည်သူတို့နှင့် အတူ လက်တွဲ ချီတက်ကြမည်ဟု အလေးအနက် အဓိဋ္ဌာန်ပြုသည်။” ဟု ဆိုရှယ်လစ် စကားလုံး ဖောဖောသုံးခဲ့သဖြင့် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲ ကာလကတည်းက လက်ဝဲဝါဒကို အားသာခဲ့သည့် နိုင်ငံရေးသမားကြီး အချို့ မျက်စေ့လည် နားယောင် တွေဝေကာ “ခွေးကတက်က နေရနေရ” ဟု ဆိုပြီး တော်လှန်ရေးကောင်စီ၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အောက် ခေါင်းလျှိုပူးပေါင်းခဲ့ကြသည် ဟု ဖတ်မှတ်ရသည်။ ထို့အတူ ကနဦးအစတွင် ပြည်သူလူထု အများစုလည်း ဟုတ်သယောင် တွေဝေခဲ့ကြသည်။
ပြည်သူပိုင်တဲ့
————-
ဤသို့ဖြင့် ၁၉၆၃ခုနှစ် ဇန်နဝါရီလမှာ ဘီအိုစီ ရေနံကုမ္ပဏီနှင့် အိုင်ဘီပီ ရေနံလုပ်ငန်းကို သိမ်းပြီး မြန်မာ့ရေနံကော်ပိုရေးရှင်းကို ဖွဲ့စည်းခဲ့သည်။ ဖေဖော်ဝါရီလ ၂၃ ရက်တွင် နိုင်ငံအတွင်းရှိ ဘဏ်တိုက် ၃၁ တိုက်ကို ပြည်သူပိုင်သိမ်းလိုက်သည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ဝါဏိဇ္ဇ ပဋိပက္ခမှု အက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုက်သည်။ အောက်တိုဘာ ၁၉ ရက်နေ့တွင် တော်လှန်ရေးကောင်စီ ဥပဒေ အမှတ် – ၃၃ ကို ထုတ်ပြန်ကာ လုပ်ငန်းများ နိုင်ငံပိုင် ပြုလုပ်ခြင်း ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၆၄ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန် မန္တလေးအပါအဝင် တစ်နိုင်ငံလုံးမှ ပုဂ္ဂလိကကျောင်း ၈၁၄ကျောင်း၊ သာသနာပြုဆေးရုံ ၉ ရုံ၊ ရုပ်ရှင်ရုံ ၁၈၂ ရုံ နှင့် လက်လီလက်ကားဆိုင်ပေါင် ၁၂၇၆၄ ဆိုင် အပါအဝင် စီးကရက်ကုမ္ပဏီများ သတ္ထုတွင်းလုပ်ငန်းများ၊ ဆပ်ပြာချက်လုပ်ငန်း၊ ထီးစက် စသည့် စက်မှုလက်မှု လုပ်ငန်းများ၊ ပုံနှိပ်စက်များကို ပြည်သူပိုင် သိမ်းခဲ့သည်။
တစ်နိုင်ငံလုံးမှ ကုန်ထုတ်လုပ်ငန်း ကုန်သွယ်လုပ်ငန်း အရောင်းအဝယ်လုပ်ငန်းများ သိမ်းယူလိုက်ခြင်းကြောင့် ကုန်စည်များရှားပါးရုံမက ပြတ်လပ်သွားသည်။ ကုန်ပစ္စည်း ပြတ်လပ်ခြင်းကြောင့် ကုန်ဈေးနှုန်းများလည်း အဆမတန် တက်လာသည်။ ထိုကာလအတွင်း မတ်လ ၁၇ ရက်နေ့တွင် ပြည်သူလူထုသုံးစွဲနေသော ကျပ် ၁၀၀ တန်နှင့် ကျပ် ၅၀ တန်ငွေ စက္ကူများကို တရားမဝင် ကြေညာလိုက်သည်။
ထိုကာလများကား ကျွန်တော်တို့ အိမ်မှာ လက်ငုတ်ဖြစ်သော ဆီကလေး ပွတ်ကာသပ်ကာရောင်း၊ အစ်မလတ်၏ ဦးတာရဲဈေးတွင် ညနေပိုင်းဈေးကလေး မဖြစ်စလောက်ရောင်းနှင့် အဘ၏ပုံမှန်ဝင်ငွေ ဖြစ်သော ဆီစက်ဘွိုင်လာ မီးထိုးအလုပ်က နေ့စားလက်ခ ၃ကျပ်၁၅ ပြားနှင့် ရပ်တည် ရခြင်းမို့ ငွေစက္ကူ တရားမဝင် သိမ်းဆည်းမှု၌ အထိအခိုက် မရှိသောကြောင့် မူလတန်းကျောင်းသား ကျွန်တော့်မှတ်ဉာဏ်မှာ မစွဲထင်ခဲ့ခြင်း ဖြစ်မည်။ သို့သော် ကျွန်တော် တတိယတန်း သို့ တက်ရသော ၁၉၆၆ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့တွင် ကုန်ပစ္စည်း အမျိုးအစား ၄၆၀ ကို ကန့်သတ်ကုန်အဖြစ် ဆန် ဆီ ဆန်ကွဲ ဖွဲနုမှအစ လက်ဖက်ခြောက် အလယ်၊ နနွင်းတက် အဆုံး သတ်မှတ်ကာ အစိုးရကပဲ ရောင်းဝယ်ခွင့် ရှိသည်ဟု ထုတ်ပြန်လိုက်တော့ အမေလည်း ရန်ကုန်သို့ ရထားလက်မှတ်မဲ့ စီးပြီး လက်ဖက်ခြောက်ကုန်ကူး ဘဝရောက်ရတော့သည်။
ရာပြည့်ကွင်းထဲက ပြည်ထောင်စုပွဲ
——————————-
ကဲ.. အိမ်မှာတော့ ထိုသို့ ရှာဖွေစားကြရ အခြားသူများလည်း လက်ငုတ်အလုပ်တွေ စွန့်လွှတ်ကာ ကြုံသလို ခက်ခက်ခဲခဲ လုပ်ကိုင် စားသောက်နေရသည့် အချိန်တွင် ကျွန်တော်က ၁၉၆၄ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မန်းရာပြည့်ကွင်း၌ ကျင်းပသည့် ၁၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မှတ်မိနေသည်။ ကျွန်တော် ကျောင်းစနေသည့် နှစ်ပေါ့။ ဒီနှစ် မန္တလေးတောင်ခြေက မန်းရာပြည့်ကွင်းထဲမှာ ပြည်ထောင်စုနေ့ကို ၇ ရက်တောင် ကျင်းပမှာတဲ့ ဟူသော သတင်းစကားက သာမာန် ပြည်သူလူထုအကြား စိတ်ဝင်တစားရှိနေသည်။
မှတ်မှတ်ရရ ပြည်ထောင်စုပွဲ မစခင် မန်းရာပြည့် ကွင်းမှာ ပြင်ဆင်နေသည်ကို သွားကြည့်ကြတော့ ကိုဌေးအောင် စက်ဘီးရှေ့က ထိုင်ကာလိုက်သည်။ ကွင်းလယ်က စင်မြင့်ကြီး နောက်ခံတွင် ပန်းချီကားကြီး ဆင်နေသည်ကို တအံ့တသြ ဖြစ်နေသည်။ ပုံစံတူ ပြခန်းတွေလည်း ပြင်ဆင်နေကာ အဝါရောင် မြေထိုးစက်ကြီးများနှင့် ကွင်းအတွင်း လမ်းဖော် မြေညှိနေတာလည်း အမြင်ဆန်းနေသည်။ မြောက်ကျုံးလမ်းဘက်က အဝင်မှာ မုခ်ဦးကြီးလည်း ဆောက်နေသည်။ ပြည်ထောင်စုပွဲကို မကျင်းပခင်ကတည်းက စိတ်ဝင်စားနေကြသည်။
ဟော.. ပွဲနေ့ဖြစ်သည့် ဖောဖော်ဝါရီ ၁၂ ရက်ရောက်တော့ မနက်စောစောကတည်းက အဘက ကျွန်တော့် လက်ဆွဲပြီး ရာပြည့်ကွင်းအထိ ခြေကျင်သွားသည်။ သည်နေရာ ကြုံ၍ ပြောရလျှင် အဘက ကားမူးတတ်လို့ ဘယ်သွားသွား ခြေကျင်ပဲ သွားသည်။ ကျွန်တော်ကလည်း ကလေးပေမယ့် အဘနောက်က မဖြစ်မနေ ဒရွတ်တိုက် လိုက်သည်။ ရာပြည့်ကွင်းရောက်တော့ ကွင်းထဲ လူစည်နေပြီ။ မီးသတ်ရေစည်ကားကြီးတွေနှင့် ကွင်းထဲ ရေလှည့်ဖျန်း နေပေမယ့် လူများသောကြောင့် ခဏနှင့် ဖုံထလာတော့သည်။ အဘက မြောက်ကျုံးလမ်းဘေး ကျုံးဘက်က နေရာမြင့်မြင့်မှာ သွားပြီး ဒီနားကစောင့်ကြည့်ကြတာပေါ့ ဟုပြောသည်။ ခဏနေတော့ ဘင်ခရာသံများကြားရပြီး လူအုပ်က အသံကြားသည့်ဘက် ခေါင်းလှည့် လည်ဆန့်ကြသည်။ မေမြို့ စစ်တက္ကသိုလ်က ဘင်ခရာအဖွဲ့တဲ့။ ယူနီဖောင်း အဖြူများနှင့် စစ်သီချင်းတွေ တီးမှုတ်ကာ ကွင်းလယ် စင်မြင့်ကြီးရှေ့ ချီတက်သွားသည်။
စင်မြင့်ကြီးရှေ့မှာတော့ အလံတွေ ဆိုင်းဘုတ်တွေနှင့် လူတန်းကြီးတွေ ပြည့်နေပြီ။ ခဏနေတော့ ဘင်ခရာအဖွဲ့ ချီတက်သည့် လမ်းအတိုင်း ဝိုင်ယာလက်ကားတွေ စစ်ကားတွေ ဖြည်းဖြည်းမောင်းလာပြီး နောက်မှာ တူညီဝတ်စုံဝတ် အမျိုးသမီးများက ၂ဘက်တန်းစီကာ ရှေ့က အမျိုးသမီးက အလံတော်ကို ကိုင်ဆောင်၍ သယ်ယူလာသည်။ စင်မြင့်ဆီသို့ ပြည်ထောင်စု အလံရောက်ပြီး မကြာမီ ကားသံတွေ ထပ်ကြားရပြီး ဗိုလ်ချု့ပ်ကြီးနေဝင်း ရောက်လာပြီဆိုသော အသံတွေ ပရိသတ်ထဲက ကြားနေရသည်။ ထို့နောက် စင်မြင့်ကြီးဆီက နိုင်ငံတော်သီချင်း တီးမှုတ်သည့် ဘင်ခရာသံကြားရသည်။
လူအုပ်က မကွဲသေး၊ အဘက လာ ပြခန်းတွေဘက် သွားကြစို့ဟု ပြောကာ ကျွန်တော့ကို လက်ဆွဲပြီး လူအုပ်ကြားက ထွက်ခဲ့သည်။ သို့သော် ပြခန်းတွေဘက် ဝင်လို့မရသေး။ နန်းတွင်း မြောက်ပေါက်အဝင်စ ကျုံးဘေး ထနောင်းပင်ရိပ်မှာ ထိုင်ရင်း ဖုံတလုံးလုံးနှင့် ကွင်းကြီးဆီ ငေးနေမိသည်။ အသံတွေက ဆူလို့။ စင်မြင့်ဆီက မိန့်ခွန်းသံကို တချက်တချက် ကြားနေရ၏။ ညပိုင်းရောက်သောအခါ ကွင်းကြီးတစ်ကွင်းလုံး မီးရောင်စုံများ ထွန်းညှိကာ ပြခန်းများက အသံချဲ့စက်သံတို့ ဆူညံနေသည်။ စင်မြင့်ကြီးပေါ်မှာလည်း မန္တလေး ဂီတကောင်စီ တူရိယာအသင်းများက စုပေါင်း သီဆို တီးမှုတ် ဖျော်ဖြေကြသည်။
အသက်အရွယ်ရမှ ပြန်လှန်လေ့လာမိတော့ ထိုပြည်ထောင်စုနေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများအရေးနှင့် ပတ်သက်၍ တော်လှန်ရေးကောင်စီ၏ ခံယူချက် ကို ကြေညာတာတဲ့။ သြော်.. ကျွန်တော်ကတော့ ရာပြည့်ကွင်းထဲက ခမ်းနားလှသည့် ပြည်ထောင်ပွဲ အခမ်းအနားကြီးကို ကျုံးဘေးမှာထိုင်ရင်း အံ့အားတသင့် ငေးမောနေစဉ် အဘ က ဘာလုပ်စားရပါ့မလဲဟု တွေးရင်း သက်ပြင်းချနေမှာ သေချာသည်။ ထို့အတူ ကွင်းအတွင်း စင်မြင့်ကြီးရှေ့က အလံတလူလူ ဆိုင်းဘုတ် တလူလူနှင့် လူထုကြီးကရော….။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW