ဆူးငှက်
တိုက်အပေါ်ထပ် ထမင်းစားခန်းထဲမှာ ဒေါ်ဒေါ်က ကော်ဖီခွက်တွေ၊ ပဲပလာတာတွေနှင့် ကျွန်တော်တို့ကို စောင့်နေသည်။ “လာကြကွဲ့၊ စားကြဦး” ဟု ဆိုကာ သူကိုယ်တိုင် ကော်ဖီတွေ ငှဲ့ထည့်ပေးသည်။ ကျွန်တော်သည် ဒေါ်ဒေါ်၏ ထမင်းစားပွဲမှာ ခပ်ရို့ရို့ မဝံ့ မရဲထိုင်ရင်း ဒေါ်ဒေါ်ကျွေးသော နံနက်စောစာကို စားကာ ရင်တွေ တလှပ်လှပ်ခုန်နေသည်။ ကမ္ဘာကျော်၊ နာမည်ကျော် သတင်းစာဆရာ၊ စာရေးဆရာမကြီးတစ်ယောက်က မိခင်တစ်ယောက်ပမာ ကျွေးမွေးစောင့်ရှောက်နေမှုအပါ် ဝမ်းသာပီတိ ကြည်နူးမှု ဖုံးလွှမ်းသွားလို့ ဖြစ် သည်။ ဒေါ်ဒေါ်က ကျွန်တော်တို့ဘေးမှထိုင်ကာ …” မနေ့က မနက်က ငါတို့ဆီ ဦးမောင်မောင်မြ ဖုန်းဆက်တယ်ကွဲ့၊ မြစ်ဝကျွန်းပေါ် ဖျာပုံ ဘိုကလေးဖက်က မန္တလေးကို ဘုရားဖူးလာတဲ့ မိသားတစ်စုက မန္တလေးရောက်တာနဲ့ သူတို့ ထိုးခဲ့တဲ့ ထီလက်မှတ်က ဆုကြီးပေါက်တာ တဲ့။ မန္တလေးနဲ့ ကံစပ်တယ်ဆိုပြီး မလွန်ဆန်လှူသင်းကြီးကို၊ ငွေလှူမလို့တဲ့။ အဲဒါ ငါတို့ကို လှမ်းအကြောင်းကြားတာတော့ …၊ ဒါမျိုးက ဓာတ်ပုံလေးဘာလေးနဲ့ သတင်းလေးရေးရမှာမဟုတ်လား …။ အဲဒါကြောင့် မင်းတို့ကိုခေါ်တာ …။ ခဏနေရင် အိမ်ကကားနဲ့ သွားကြမယ်။ ဆန်လှူသင်းမှာ ဘယ်သူမှ များများစားစား ဖိတ်မထားဘူး” ဟု အကျိုးအကြောင်း ပြောကြသည်။ ကျွန်တော်တို့ စားသောက်ပြီးတော့ ဒေါ်ဒေါ် ဦးဆောင်ပြီး၊ ဆရာကျော်ရင်မြင့်နှင့် ကျွန်တော်တို့နှစ်ဦးသား ဒေါ်ဒေါ့်အရိပ်ခိုကာ မလွန်ဆန်လှူသင်းသို့ ဒေါ်ဒေါ့်ကားနှင့် သွားကြ သည်။ အခါတိုင်း ဒေါ်ဒေါ်သွားလျှင်ကား မောင်းပေးနေကျ ကိုညို(ဆရာညီပုလေး) မရှိတော့ … မျက်နှာချင်းဆိုင် နဂါးတိုက်က ဒရိုင်ဘာ တစ်ဦးက လာ၍ ကားမောင်းပေး၏။
၃၂လမ်း၊ ကွမ်းသီးတန်းနှင့် ဆားတန်းကြားက မလွန်ဈေးဆန်လှူအသင်းကြီး၏ “ညီမူရာ” ခန်းမရောက်တော့၊ အသင်းလူကြီး များနှင့် အလှူရှင်မိသားစု ရောက်ရှိနေကြပြီ။ အလှူ့ရှင်က အသက် ၇၀ ဝန်းကျင် အရွယ် မြန်မာအမျိုးသားကြီးဖြစ်၏။ အလှူ့ ရှင်၏ မိသားစုလည်း ပါသည်။ ကျွန်တော်တို့ ရောက်ပြီး မကြာမီမှာပင် မလွန်ဆန်လှူအသင်းကို ဧည့်သည်အလှူ့ရှင်က အလှူငွေ လှူဒါန်းပြီး အသင်းကြီး၏ သြဝါဒစရိယာဆရာတော်က ရေစက်ချတရားဟောကြားသည်။ ကျွန်တော်က ဓာတ်ပုံရိုက် မှတ်တမ်းတင်သည်။
ရေစက်ချတရားနာပြီးသည်နှင့် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် မိတ်ဆက်စကား ဆိုမိကြတော့ အလှူ့ရှင်က ဒေါ်ဒေါ့်ကို လူထုဒေါ်အမာမှန်းသိသွားကာ အံ့အားတသင့်ဖြစ်သွားသည်။ “ကျွန်တော် ငယ်စဉ်ကတည်းက စာပေဖတ်ရှုခြင်း ဝါသနာထုံခဲ့ ပါတယ်။ ကျွန်တော့် စီးပွားရေးသာမက နိုင်ငံရေးအမြင်၊ လူမှုရေးအမြင်တွေကို စာပေရဲ့ကျေးဇူးကြောင့် တည့်မတ်နိုင်ခဲ့ပါတယ်။ အထူး သဖြင့် ဆရာမကြီးလူထုဒေါ်အမာရဲ့ စာတွေက အဓိက မောင်းနှင်အားတွေပါ။ ကျွန်တော် အင်မတန်လေးစားတဲ့ ဆရာမကြီးနဲ့ အခုလို ရင်းနှီးစွာ တွေ့ဆုံရမယ်ဆိုတာ မမျှော်လင့်ခဲ့ပါဘူး။အခုလို မထင်မှတ်ဘဲ ကျွန်တော်လေးစားခဲ့ရတဲ့ ဆရာမကြီးနဲ့တွေ့ခိုက်၊ လတ်တလော ကျွန်တော့်ရင်တွင်းမှာ ပေါ်ပေါက်လာတဲ့ သဒ္ဓါစိတ်၊ ကြည်ညိုစိတ်ကို ဆရာမကြီးက လက်ခံပေးဖို့ အနူးအညွတ် ပန်ကြားပါတယ်” ဟု ရည် မွန်ဖွယ်ရာစွာ ပြောဆိုသည်။ ထို့နောက် သူ့သမီးဖြစ်သူထံမှ စာအိတ်အလွတ်လေးတစ်လုံး တောင်းပြီး စာအိတ်ထဲသို့ ငွေစက္ကူအချို့ ထည့်သည်။ ပြီးသည်နှင့် “ဆရာမကြီးက ကျွန်တော်နှင့် ရွယ်တူရင်လည်း ဖြစ်ပါလိမ့်မယ်။ သို့မဟုတ်ရင် လအနည်းငယ်နဲ့ ၁နှစ်တန်သည် ငယ်ရွယ်သူလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သီလဂုဏ်၊ ပညာဂုဏ်အားဖြင့် ကျွန်တော့်ထက် အဆများစွာ ကြီးမားပါတယ်။ ဒါကြောင့် လက်အုပ်ချီ ကန်တော့ခြင်းကို ထိုက်တန်စွာ လက်ခံပေးပါ” ဟု ဆိုပြီး စာအိတ်လေး ဒေါ်ဒေါ့်လက်အပ်ကာ ကန်တော့သည်။ ဒေါ်ဒေါ်က လာရောက်ကန်တော့ကြသူတိုင်း၊ ကန်တော့သူကို လက်အုပ်ချီကာ ရတနာသုံးပါးကို ပြန်လည်ကန်တော့ရင်း၊ ကန်တော့သူကို မေတ္တာပို့ ရင်း ကန်ောတ့သူက ရတနာသုံးပါးကို ကန်တော့သည့်အရာ ရောက်အောင် တစ်ဆင့်ခံယူ လွှဲအပ်လေ့ရှိသည်။ ကျွန်တော်က ရွှေဥမင် ဆရာတော်နှင့် တောင်ဖီလာဆရာတော်ကို ရွှေဥမင်တော်ရတွင် တွေ့ဆုံကြခိုက် တောင်ဖီလာဆရာတော် ရွှေဥမင်ဆရာတော်သို့ လှူဒါန်း သည့် ဝတ္ထုပစ္စည်းတိုင်း “ရွှေစည်းခုံသို့ ပေးလှူပါ၏” ဟူ၍ လက်အုပ်ချီကာ ရွတ်ဆို လက်ခံသည့် ရွှေဥမင်ဆရာတော်ကို သတိရနေမိ သည်။
ကင်မရာချောင်းကြည့်ပေါက်မှ မြင်ရသည့် မြင်ကွင်းတွေက တဖြည်းဖြည်းချင်း ေ၀ဝါးလာသည်။ ကျွန်တော့်မှာ မြင်ကွင်းကိုကြည့် ရင်း ကြည်နူးစိတ်ကြောင့် ယိုဖိတ်လာသော မျက်ရည်တွေနှင့်ပါလား …။ ဒါ … တကယ့်တန်ဖိုးမဖြတ်နိုင်သည့် မြန်မာတို့၏ မေတ္တာစိတ်၊ မုဒိစိတ်ဖြစ်သည်။ တကယ့်ယဉ်ကျေးမှုဖြစ်သည်။ မလွန်ဆန်လှူအသင်းလူကြီးများ၊ အလှူရှင်မိသားစုနှင့် ကျွန်တော်တို့တစ်တွေ အသင်း တိုက်မှာပဲ နံနက်စာ စားကြရင်း၊ အလှူ့ရှင်ကို ကျွန်တော်တို့နှင့်လည်း ဒေါ်ဒေါ်က မိတ်ဆက်ပေးသည်။ ဒေါ်ဒေါ်က ကျွန်တော်တို့ကို သူ့ လက်ရင်းလုပ်ဖော်ကိုင်ဖက်များ အသွင်မြှင့်တင် မိတ်ဆက်ပေးတော့ ကြက်သီးမွေးညှင်းထမျှ တုန်လှုပ်သွားပါ၏။
အလုပ်တစ်ခုကို သူ့နေရာကိုယ့်နေရာ တာဝန်ကိုယ်စီယူကြရင်း ရာထူးကြီးသူက ငယ်သူအပေါ် … “လက်အောက်ငယ်သားပါ။ တပည့်တပန်းပါ” ဟု ခေါင်းတခါခါ၊ လက်တခါခါ၊ မျက်မှောင်တကြုပ်ကြုပ်နှင့် မောက်မောက်မာမာ ပြောဆိုနေကြမှုများ မြင်ရ၊ ကြုံဆုံရ လေတိုင်း ဒေါ်ဒေါ်၏ မြင့်မြတ်ကျက်သရေရှိသော “လူကြီးလူကောင်း” စိတ်ဓာတ်နှင့် အပြုအမူကို သတိတရရှိလှပါ၏။
ကျွန်တော်တို့ ပြန်လာကြ၍ လူထုတိုက်ရှေ့ ကားဆိုက်ကာ ဒေါ်ဒေါ်လည်းဆင်း …၊ ကျွန်တော်တို့လည်း ဆင်းပြီး၊ ဆရာကျော်ရင် မြင့်နှင့် ကျွန်တော်က ပြန်ကြတော့မည်ဟု စက်ဘီးလေးတွေ ထုတ်တာ မြင်တော့ ဒေါ်ဒေါ်က “မင်းတို့က ပြန်ကြတော့မလို့လား၊ နေပါဦး ကွဲ့။ လာခဲ့ကြဦး” ဟု ခေါ်ကာ အလုပ်စားပွဲကို ဖြတ်ကာ ဧည့်ခန်းထဲဝင်သည်။ ကျွန်တော်တို့ နှစ်ယောက်သား ဒေါ်ဒေါ့်နောက်လိုက်ပြီး ဧည့်ခန်းထဲ ဒေါ်ဒေါ်ထိုင်နေသည့်အနားရောက်တော့ ဒေါ်ဒေါ်က သူ့နဘေး လွတ်နေသည့် ခုံနှစ်လုံးကို ညွှန်ပြရင်း၊ “ထိုင်ကြကွဲ” ဟု ဆိုသည်။ ကျွန်တော်တို့ ထိုင်ပြီးမှ ဒေါ်ဒေါ်က …
“ကိုင်း … ခုနက မင်းတို့လည်း မြင်ကြမှာပေါ့ …။ အဲဒီဆရာကြီးကနယ်ကနေ မန္တလေးကို မိသားစုနဲ့ ဘုရားဖူးလာရင်း၊ မန္တလေး ရောက်ခိုက် ထီဆုကြီးပေါက်လို့ မလွန်ဆန်လှူအသင်းကြီးကို လှူတယ်။ ဒီတင် တို့နဲ့ ဆုံပြီး တို့ကိုရော ကန်တော့တယ်။ ဒါက မင်းတို့ မြင်ခဲ့ကြားခဲ့တာတွေပဲ။ တို့ပြောချင်တာက … အခု တို့က အသက် ၇၅ နှစ်ရှိပြီ။ အဲဒီဆရာကြီးလည်း ရှိရင် ၇၅ နှစ်ထက်တော့ မငယ်တော့ ဘူး၊ ၇၆ နှစ် ၇၇နှစ် အနည်းဆုံးရှိရောပေါ့။ တို့ကို တွေ့လိုက်တာနဲ့ ချက်ချင်း လက်အုပ်ချီကန်တော့တယ်ဆိုတာ … မန္တလေးဂုန္တာန်ဝင်း၊ ဆေးရိုးဝင်းက ဦးတင် ဒေါ်စုသမီး အမာဆိုတဲ့လူကို ကန်တော့တာ မဟုတ်ဘူးကွဲ့။ “လူထုဒေါ်အမာ” ဆိုတဲ့ ကလောင်ကို ကန်တော့တာ။ အမာဆိုတဲ့ မိန်းမတစ်ယောက်ကို သူ့ထက်လည်း အသက်ငယ်သေး ဘာလို့ ကန်တော့မှာလဲ။ ဒါပေမယ့် “လူထုဒေါ်အမာ” ဆိုတဲ့ ကလောင်တစ်ချောင်းကတော့ အခု ငါတို့ အသက် ၇၅ နှစ်တိုင်ထိ လူရိုသေရှင်ရိုသေ …စာတွေ ရေးခဲ့လို့ပေါ့ကွယ် …။ အကယ်၍များ ငါတို့ကလောင်က တစ်ချက်တစ်လေများ ဖောက်ဖောက်ပြန်ပြန် ရေးခဲ့ချွတ်ခဲ့ရင်း …၊ စာဖတ်သူအပေါ် စော်ကားမော်ကား ပြုမူခဲ့ရင်၊ တိုင်း ပြည်အကျိုး ဘာသာသာသနာအကျိုးအပေါ် ထိကပါးရိကပါး ဖြစ်ခဲ့ရင် … နောက်ပိုင်း ငါတို့ ဘယ်လိုပဲ အဖတ်ဆယ်ဆယ် … အရာမထင် နိုင်တော့ဘူး။ လူရိုသေ ရှင်ရိုသေ မဖြစ်တော့ဘူး၊ အသက်သာကြီးမယ်၊ ဘယ်သူကမှ ကြည်ညိုလေးစားစိတ်မရှိတော့ဘူး။ ကန်တော့ကြဖို့ အနေသာ မျက်နှာတောင် ကြည့်ချင်မြင်ချင်မှာ မဟုတ်ဘူး၊ အဲဒီတော့ မင်းတို့လည်း ကလောင်ကိုင်နေကြပြီ။ ကလောင်နဲ့ လူရာဝင်နေကြ ပြီ။ ကိုယ့်ကလောင်ကြောင့် ကိုယ့်သိက္ခာပျက်ရမယ့်ကိစ္စကို ပထမဆုံးအနေနဲ့ ဘယ်တော့မှ မပြုလုပ်မိကြစေနဲ့ ။ ကိုယ့်ကလောင်ကြောင့် တစ်ဦးတစ်ယောက်နစ်နာမှု၊ တိုင်းပြည်နဲ့ လူမျိုးနစ်နာမှု၊ အမျိုးဘာသာ သာသနာ နစ်နာမှု မဖြစ်စေကြစေနဲ့ …။ အသက်ကြီးရင့်တဲ့အထိ ကိုယ့်ကလောင်ကြောင့် မျက်နှာမပြဝံ့၊ ဆင်ဖြူ့မျက်နှာ ဆင်မဲ မကြည့်ဝံ့ မဖြစ်ကြစေနဲ့။ ဘယ်အရွယ်ရောက်ရောက် ကိုယ့်ကလောင် ကြောင့် လူရိုသေ၊ ရှင်ရိုသေဖြစ်ဖို့ ဘယ်လောက်လိုအပ်သလဲဆိုတာ ပြောပြချင်လို့ပါကွယ်။ ကဲ … ကဲ … မင်းတို့နှစ်ယောက် မုန့်ဖိုးခွဲယူ လိုက်ကြ …” ဟု ပြောဆိုပြီး ကန်တော့ခံရရှိထားသော အိတ်ကလေးထဲမှ ပိုက်ဆံကို ၊ အကုန်ထုတ်ပြီး ဆရာကျော်ရင်မြင့် ကျွန်တော့်အား တစ်ဝက်စီ ခွဲဝေပေးလိုက်၏။
ကျွန်တော်တို့ ဒေါ်ဒေါ်မျက်နှာကို ကြည့်ရင်း ဖော်မပြနိုင်သော ကြည်နူးမှုများဖြင့် အံ့အားသင့်နေကြသည်။ ဒေါ်ဒေါ့်စကားတွေက တိုးညှင်းညင်သာသော်လည်း အင်အားတွေအများကြီးနှင့် ရင်ထဲစူးဝင်သွားသည်။ နွေးထွေးလုံခြုံသလို ခံစားလိုက်ရ၏။ ကျွန်တော်တို့ စာ ပေခရီးအတွက် အခြေခံကျသော သဘောထားဟု လေးလေးနက်နက် ခံယူလိုက်ရသည်။
ဒေါ်ဒေါ်သည် … စာပေအနုပညာနှင့် ပတ်သက်လျှင် သက်ဆိုင်သူတိုင်ကို တူလိုသားလို၊ သားသမီးလို နွေးထွေးသည်။ စောင့် ရှောက်သည်။ မန္တလေးသို့ စာပေအနုပညာကိစ္စနှင့် လာသည့်ဧည့်သည်တိုင်း လူထုတိုက်ရောက်လျှင် ဧည့်ဝတ်ကျေသည်။ မန္တလေးမြို့ခံ စာရေးဆရာတွေ အနုပညာရှင်တွေနှင့် လူထုတိုက်ဧည့်ခန်းမှာ အမြဲတွေ့ဆုံပေးသည်။ ထိုသို့သော ပွဲတိုင်း အမေက ကိုယ်တိုင် ဝင်ထိုင် ကာ ပြောဆိုသင့်တာ ပြောဆို …၊ ဆွေးနွေးသင့်တာ ဆွေးနွေးသည်။ ဤလိုများ လူစုံတက်စုံဆိုလျှင် ဒေါ်ဒေါ်က အမြဲ ပြုံးပျော်နေ၏။ နား သင့်အချိန်ပင် မနားတော့ …။ အလားတူ တောင်လေးလုံးပွဲတွေဆိုလည်း စာပေအနုပညာ တူသား နောင်မယ်၊ သားသမီးများနှင့် စကား တွေပြောကာ ပျော်ရွှင်နေသည်။ ဤသိ့ုဖြင့် ဒေါ်ဒေါ်အသက်ရှည်သည်။
မန္တလေးမြို့၏ သက်တော်ရှည်အသင်းကြီးများ ဖြစ်သော ပရိယတ္တိ သာသနာ့ဟိတအသင်းကြီးလို၊ မလွန်ဈေးဆန်လှူအသင်း ကြီးလိုကလည်း ဒေါ်ဒေါ့်ကို အသင်းရေးရာများနှင့်ပတ်သက်၍ လေးလေးစားစား အသိပေးသည်။ တိုင်ပင်သည်။ မလွန်ဈေးဆန်လှူ အသင်းကြီးသို့ အနယ်နယ်ရပ်ရပ်နှင့် အဝေးမှ သီးခြားလှူဒါန်းကြလျှင်လည်း ဒေါ်ဒေါ့်ထံကတစ်ဆင့် အားကိုးယုံကြည်စွာ ပေးဖို့ လှူဒါန်း ကြသည်။ ပရိယတ္တိသာသနာ့ဟိတအသင်းကြီး၏ မူလတည်ထောင်သူများထဲတွင် ဒေါ်ဒေါ့်အဘိုး ဦးဖြိုးအောင် ပါဝင်ခဲ့သည်။ မန္တလေးမြို့ ပေါ်က အသင်းအဖွဲ့ကြီးများသာမက စစ်ကိုင်းတောင်ရိုး ဝါးချက်ဇီဝိတဒါန သံဃာ့ဆေးရုံကလည်း ဒေါ်ဒေါ်ကို သာသနာ့မိခင်ကြီးသဖွယ် အားကိုးသည်။ ဒေါ်ဒေါ်ကလည်း စိတ်ရောကိုယ်ပါ အားပေးလှူဒါန်း၏။
မန္တလေးက ပရိယတ္တိသာသနာ့ဟိတအသင်းကြီးနှင့် မလွန်ဈေးဆန်လှူအသင်းကြီးများနှင့် ပတ်သက်လျှင် ဒေါ်ဒေါ်က အမြဲ ဂုဏ် ယူသည်။ “တို့များ အသင်းကြီးတွေက အနှစ် ၁၀၀ သာကျော်တော့မယ်။ ဘယ်တော့မှ ငွေကြေးအရှုပ်အရှင်း၊ အတိုင်းအတော၊ နာမည် ပျက်မရှိခဲ့ဖူးတဲ့အသင်းကြီးတွေ …” ဟု ပြောလေ့ရှိသည်။
ပါတော်မူပြီးနောက် “မန္တလေး” ဟူသော စရိုက်ဓလေ့နှင့် ယဉ်ကျေးမှုများကို မတိမ်ကော မ ပပျောက် ၊ မပျက်မစီး၊ မပျောက်မရှလေအောင် အသက်နှင့်ရင်း၍ စောင့်ရှောက်ထိန်းသိမ်းခဲ့သော အသင်းကြီးများမို့ ဒေါ်ဒေါ်ပြောမယ်ဆိုလည်း ပြောလောက်ပါပေသည်။
-ဝ- -ဝ- -ဝ-
(ဆက်ရန်)
ဆူးငှက်
