ဝိုင်းမော်မှာ နလအ နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ တပ်စခန်းချထားတဲ့ နေရာ နှစ်ခု သိမ်းပိုက်ခံရ

အောက်တိုဘာ ၈၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာအုပ်စု၊ လုမြန်ရွာဘက်က နလအ နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ တပ်စခန်းချထားတဲ့ နေရာ နှစ်နေရာကို ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းက သိမ်းပိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဝိုင်းမော် လုမြန်ရွာက ပြည်သူ့စစ် မင်းဇေသန့်ရဲ့ နေရာ နှစ်နေရာ ဒီနေ့မနက် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ နေရာယူလိုက်ပြီလို့ ကြားတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဝိုင်းမော် လုမြန်ရွာဘက် အောက်တိုဘာလ ၈ ရက်နေ့ မနက် ၆ နာရီဝန်းကျင်ခန့်ကစ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ စစ်တပ် တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားနေခဲ့တာ ဖြစ်ပြီး လုမြန်ရွာရှိ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့ ခြေကုတ် တပ်စခန်းချထားတဲ့ နေရာ နှစ်နေရာ သိမ်းပိုက်ခံရတယ် လို့ကြားသိရတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် ဖားကန့်မလန်းဘက်မှာလည်း ဆက်လက် စစ်ရေးအခြေအနေ တင်းမာနေပြီး ဖားကန့်ဒေသမှာတော့ လတ်တလော စစ်သားစုဆောင်းမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဖားကန့်မှာ ပေါ်တာဆွဲ စစ်သား စုဆောင်းတာ အခြေအနေ တော်တော်ဆိုးနေပါတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၆ နာရီနဲ့ ၇ နာရီခွဲ ကြားမှာ မှော်ရှန် စိန်ချို ကွမ်းယာဆိုင် တလျှောက် ကား နှစ်စီးနဲ့ စုဆောင်းရေး ဆွဲနေပြီး ဆိုင်းတာင် နတ်ကြီးစင်မြောက်ဘက် ကြယ်စင်ဆု ရွှေဆိုင် ညာဘက် အကင်ဆိုင်၊ ဆိုင်းတောင် ကောင်းကောင်းစတိုးနား တွေမှာ စုဆောင်းခရတဲ့ အပြင် ဆိုင်က ပြန်လာတဲ့ စာပွဲထိုးမလေးတွေကိုပါ ခေါ်သွားခံရကာ ဆိုင်းတောင် ကျောက်ဝိုင်းမှာ ဝင်ဆွဲခံရတယ်လို့ ဆိုပါတယ်။
“ဖားကန့်မှာ ပေါ်တာဆွဲ စစ်သား စုဆောင်းနေကြာ ကြာပါတယ်။ ဘယ်နေ့လောက်ကနေ စ ဆွဲတာတောင် မမှတ်မိတော့ဘူး။ KIA တပ်ဖွဲ့ရော၊ မဟာမိတ် ရေးပူးပေါင်း တပ်ဖွဲ့တွေရောပဲ။” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
ခေါ်သွားခံရတဲ့ သူတွေကို ပြန်မြန်းတာတွေလုပ်ပြီး မိသားစုမှာ တာဝန်ထမ်းဆောင်သူတွေ ပါနေရင် ပြန်လွှတ်ပေးတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကလည်း နလအ တပ်ဖွဲ့ဘက်က စစ်သား စုဆောင်းခေါ်ဆောင်တာတွေ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဖားကန့် ဒေသခမျာ လက်နက်ကိုင်တွေ အားလုံးက စစ်သားစုဆောင်းတာမျိုးတွေ လုပ်နေကြတာကြောင့် ဒေသခံတွေ အတွက် ဈေးဝယ်၊ ဆိုင်ထိုင်၊ ဆေးခန်းသွားတာတွေက အစ မလုံခြုံတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲ ဖြစ်နေပေမယ့် လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာတော့ ရွေးကောက်ပွဲ ပြုလုပ်မယ့် မြို့စာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
Photo Crd :ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW