တဲလ်အဗစ်၊ အောက်တိုဘာ-၁၀-၂၀၂၅
ရတီ(VOM)
ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံများ လွတ်မြောက်ရေး အစီအစဉ်ကို အတည်ပြုခဲ့ကြောင်း အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုရဲ့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ အရေးပါတဲ့ ခရီးပေါက်ရောက်မှုတခုလို့ ဝန်ကြီးချုပ်နေတန်ယာဟုက ပြောဆိုထားပြီး သမ္မတဒေါ်နယ်ထရန့်အပြင် အမေရိကန်သံတမန် စတိဝစ်အော့ဖ်နဲ့ ထရန့်ရဲ့ သားမက်ဂျာရ့်ကုရှ်နာတို့ကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
စတိဝ်အော့ဖ်နဲ့ ကုရှ်နာတို့နှစ်ယောက်ဟာ အစ္စရေး အစိုးရအဖွဲ့အစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်မယ့် နိုင်ငံစုံတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရှေ့အလယ်ပိုင်းမှာ အခြေစိုက်ထားပြီး အမေရိကန် တပ်ဖွဲ့ဝင် ၂၀၀ လောက်ကို အစ္စရေး ရွှေ့နေတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါပေမယ့် အမေရိကန်တပ်တွေကတော့ ဂါဇာကို ဝင်ရောက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မယ့်နိုင်ငံတွေထဲမှာ အီဂျစ်၊ ကာတာနဲ့ တူရကီအပါအဝင် အာရပ်နဲ့ မွတ်ဆလင်နိုင်ငံက တပ်ဖွဲ့ဝင်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ပြီးမြောက်ပါက ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ တပ်ဖွဲ့တွေဖွဲ့ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောကြားထားပေမယ့် ဒီကိစ္စအပေါ် နှစ်ဖက်စလုံးက သဘောတူညီမှုမရရှိသေးပါဘူး။
ဟားမတ်စ်တို့ဟာ အစ္စရေး ဓားစာခံတွေကို တနင်္လာနေ့ သို့မဟုတ် အင်္ဂါနေ့မှာ လွှတ်ပေးနိုင်ကြောင်း ထရန့်က ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံကိစ္စအပြင်၊ သဘောတူညီချက်ရဲ့ ပထမအဆင့်မှာ ပါလက်စတိုင်းအကျဉ်းသားရာပေါင်းများစွာကို အစ္စရေးက လွှတ်ပေးရမှာ ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတပ်များ ဆုတ်ခွာဖို့နဲ့ ဂါဇာကမ်းမြောင်သို့ ရာနဲ့ချီတဲ့ အကူအညီပေးရေးယာဉ်တွေ နေ့စဉ်ဝင်ရောက်ခွင့်ကိုလည် အစ္စရေးက ခွင့်ပြုရမှာဖြစ်ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ပတ်သက်ပြီး နိုင်ငံတကာ ခေါင်းဆောင်တွေက ထောက်ခံကြိုဆိုခဲ့ကြပါတယ်။
Ref:BBC
Photo:X
