အောက်တိုဘာ ၁၀ ၊၂၀၂၅
GG (VOM)
လာမယ့် ဒီဇင်ဘာ၂၈ ရက်မှာ စတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်း ကြည့်ရှုနိုင်မယ့်ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နောက်ထပ် ၇ ရက်ထပ်တိုး ပေးလိုက်တယ်လို့သိရပါတယ်။
ပထမအကြိမ်မဲစာရင်းကို သက်ဆိုင်ရာရုံးတွေမှာ စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၁၃ ရက်အထိ စာရင်းကပ်ထားမယ်လို့အသိပေးထားတဲ့အပေါ် နောက်ထပ် ၇ ရက်ထပ်တိုးပေးလိုက်တာကြောင့် အောက်တိုဘာလ ၂၀ ရက်နေ့အထိ မဲစာရင်းကို ကြည့်ရှူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
မဲစာရင်းတွေ ပြည့်စုံမှန်ကန်စေဖို့နဲ့ မဲဆန္ဒရှင်တွေက လိုအပ်တဲ့ တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာတွေ တင်ပြရာမှာ အချိန်ပိုမိုရရှိစေဖို့အတွက် ယခုလို မဲစာရင်းကြည့်ရှုနိုင်မယ့်ရက်ကို ထပ်တိုးပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ပထမအကြိမ် မဲစာရင်းကပ်တဲ့ကာလမှာ မြေပြင် မဲစာရင်းလာရောက်ကြည့်ရှုသူ နည်းပါးတာကို တွေ့ရှိရပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ အုပ်ချုပ်ရေးပိုင်းကလည်း မဲစာရင်းကပ်ထားကြောင်းကို ပြည်သူတွေသိရှိအောင် အသိပေးအကြောင်းကြားတာမျိုး နည်းတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။
” ကျွန်တော်တို့ရွာဘက်မှာ မဲစာရင်းကပ်ထားကြောင်း အသိပေးတာလည်းမရှိဘူး။တော်တော်များများလည်းမသိကြဘူး။ရွာမှာလည်း မဲစာရင်းလာမကပ်ဘူး။အုပ်ချုပ်ရေးမှူးအိမ်မှာပဲကပ်တယ်ထင်ပါတယ်။မဲစာရင်းခုထိမကြည့်ရသေးပါဘူး။ နာမည်ပါရင်တော့မဲပေးမှာပါ။အခုက ပါမပါလည်းမသိရသေးဘူး။အုပ်ချုပ်ရေးမှူးတွေကလည်း ရွာထဲလိုက်ပြောတာမရှိတော့ မသိကြတာပါ။” လို့ ပဲခူးတိုင်းအနောက်ခြမ်း၊ကျေးရွာနေထိုင်သူတယောက်မှပြောပါတယ်။
UEC ကတော့ ပထမအကြိမ်ကြေငြာတဲ့ မဲစာရင်းမှာ မိမိအမည် မပါဝင်ပါက ပုံစံ ( ၃ ) နဲ့ မဲစာရင်းမှာ အမည်ထည့်သွင်းပေးဖို့ တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) နဲ့ ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်တွေ မှားယွင်းနေပါက ပုံစံ (၄-ဂ) နဲ့ ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ဆောင်ရွက်ဖို့ ပြောဆိုထားပါတယ်။
ပထမအကြိမ် မဲစာရင်းကြေငြာထားတာ ယနေ့အထိဆိုရင် ၁၁ ရက်ရှိပြီဖြစ်ပြီး မဲစာရင်းမှာ အမည်မပါလို့ အမည်စာရင်းပြန်တင်သွင်းတာ ၊ မဲစာရင်းမှာ မပါသင့်သူတွေပါနေလို့ ကန့်ကွက်လွှာတင်သွင်းတဲ့အခြေအနေ၊ ပြင်ဆင်လိုတဲ့အခြေအနေ စတဲ့မဲစာရင်းနဲ့ပတ်သက်တဲ့ အခြေအနေတွေကိုတော့ UEC ဘက်မှ ထုတ်ပြန်ခြင်းမရှိသေးတာကြောင့် အသေးစိတ်မသိရှိရသေးပါဘူး။
မြေပြင်မှာ မဲစာရင်းမှားတာရှိမရှိအပေါ် USDP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ” မှားခြင်းမှန်ခြင်းကို သိပ်ပြီးမဖြစ်တော့ဘဲ ဘယ်လိုပုံစံမျိုးသွားတဲ့ဟာကအကောင်းဆုံးဆိုတဲ့ဟာမျိုးကိုသွားလိုက်တဲ့အခါကျ သူတို့တွေငြင်းတာတခုမှမပါဘဲ ပေါင်းစပ်ညှိနိူင်းပေးတာတွေများစွာရှိပါတယ်။ဘယ်သူမှမငြင်းပါဘူး။ပထမအကြိမ်ထုတ်ပြန်တဲ့မဲစာရင်းက အနည်းနဲ့အများရှိကြမှာပဲ။ပထမအကြိမ်ဖြစ်တဲ့အတွက် ။ယခင်ကလည်းရှိတာပဲ။အခုလည်းရှိတာပဲ ။အဲဒီလိုမှားတဲ့အပေါ်မှာ အားလုံးကပူးပေါင်းဆောင်ရွက်လိုက်တယ်ဆိုရင် နောက်ဆုံးဖိုင်နယ်မှာ အဖြေမှန်ဆိုတဲ့ဟာမျိုးရသွားတဲ့အဆင့်ထိ လက်ရှိမှာလုပ်ပေးနေတယ်။”လို့ ပြောပါတယ်။
ဒုတိယအကြိမ်ထုတ်ပြန်မယ့် မဲစာရင်းကိုတော့ လာမယ့်နိုဝင်ဘာလမှာ ထပ်မံကြေငြာပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
ဒီဇင်ဘာ၂၈ ရက်မှာ စတင်ကျင်းပမယ်အထွေထွေရွေးကောက်ပွဲကိုတော့ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်နဲ့ ရပ်ကွက် ၊ကျေးရွာတွေမှာ ပထမအကြိမ်မဲစာရင်းတွေကို ကပ်ထားပြီးကြေငြာပေးထားပါတယ်။
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့အတွက် ပြည်ထောင်စုတဝန်းလုံး မဲဆွယ်စည်းရုံးမယ့် နိုင်ငံရေးပါတီ ၆ ပါတီရှိပြီး လွှတ်တော်ကိုယ်စား လှယ်လောင်း ၃၉၆၁ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တခုအတွင်း မဲဆွယ် စည်းရုံးမယ့် နိုင်ငံရေးပါတီ ၅၁ ပါတီရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၆၆ ဦး၊ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦး အမည်စာရင်းတင်သွင်းထားတယ်လို့သိရပါတယ်။
UEC က ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲကာကျင်းပသွားမှာဖြစ်ပြီး အပိုင်း ၁ အဖြစ်လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်းကျင်းပမှာဖြစ်ပါတယ်။
လက်ရှိမှာ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ် ပျက်ပြားစေရန် နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူမှုအနေနဲ့ စက်တင်ဘာလ ၃၀ ရက်နေ့အထိဆိုရင် ” ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”အရ အရေးယူ ဆောင်ရွက်ခဲ့တဲ့အမှု ၄၂ မှုနဲ တရားခံ ၆၄ ဦးအထိရှိထားတယ်လို့သိရပါတယ်။
Photo:VOM
