အောက်တိုဘာ ၁၀၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့က နလအ သိမ်းပိုက်ထားတဲ့ တပ်စခန်း တချို့ကို အောက်တိုဘာလ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ မနက်ပိုင်းတွေမှာ KIA ပူးပေါင်း တပ်ဖွဲ့က ပြန်လည်သိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဗန်းမော်မြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း အနီးက နလအ တပ်ဖွဲ့ နေရာယူ ထားတဲ့ တပ်စခန်းနေရာ သုံးနေရာကို ဒီနေ့ အောက်တိုဘာလ ၁၀ ရက်မနက်ပိုင်းက KIA နဲ့ ပူးပေါင်း တပွဲ့တွေ ထပ်သိမ်းပိုက်လိုက်တယ်လို့ သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းကလည်း ဗန်းမော်မြို့ မနောကွင်း၊ ဂေါက်ကွင်းအနီးက ခမရ ၃၂၀ ခြေကုတ်စခန်း သုံးနေရာ ကို သိမ်းပိုက်ခဲ့တယ်လို့ သိရကြောင်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က နလအ တပ်ဖွဲ့ ပြန်ရထားတဲ့ သုံးမိုင် ရွှေပြည်သာ KBC ဘုရားကျောင်းကုန်းကို အောက်တိုဘာလ ၁ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ သိရတယ်လို့ ဆိုပါတယ်။
ဗန်းမော်က စစ်တပ်စခန်းတချို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ပြန်လည် သိမ်းပိုက်နိုင်ပြီး လတ်တလော ဗန်းမော်မြို့တွင်း နလအ တပ်ဖွဲ့က စစ်ရေးလှုပ်ရှားမှု ဆက်တိုက် လုပ် နေတာကြောင့် အောက်တိုဘာလ ၆ ရက်နေ့ ကစ နေ့တိုင်း တိုက်ပွဲ ပြင်းပြင်းထန်ထန် ပြန်လည် ဖြစ်ပွားနေကြောင်း လိုင်ဇာ FM က သတင်းထုတ်လွှင့်ထားပါတယ်။
“အောက်တိုဘာလ ၈ ရက်နေ့ မနက်က ဝိုင်းမော် လုမြန် စစ်မျက်နှာဘက် နလအ တပ်ဖွဲ့ရဲ့ စစ်တပ် စခန်း ၂ နေရာ သိမ်းခံရတယ်လို့ သိရတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ မနက် ၁၀ နာရီခန့်မှာတော့ ဝိုင်းမော် လုမြန်ဘက် ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချ တိုက်ခိုက်ခံရတယ်လို့ ငိရပီ့း ထိခိုက်မှု အခြေအနေကိုတော့ မသိရဘူးလို့ သူက ပြောပါတယ်။
ဒါ့အပြင် ဖားကန့်ဒေသဘက်မှာလည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး လေကြောင်း တိုက်ခိုပ်မှုလည်းရှိတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“ဒီနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၇ နာရီခွဲကျော်လောက်က ဖားကန့် မလန်း ကျောက်စိမ်းတောင်ဘက် Y 12 နဲ့ ဗုံးကြဲသွားတယ်။ မနေ့ကလည်း မလန်းဘက်ကို လေယာဉ်နဲ့ ဗုံး ကြဲသွားတယ်။ ထိခိုက်မှုတော့ မသိရဘူး။ အဲဒီဘက် တိုက်ပွဲ ဖြစ်နေတာ နှစ်ပတ်လောက် ရှိပြီ” လို့ သူက ပြောပါတယ်။
လုံးခင်းဘက်မှာလည်း အောက်တိုဘာလ ၉ ရက်နေ့ည ၈ နာရီခွဲ ဝန်းကျင်မှာ လက်နက်ကြီး ပေါက်ကွဲ သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နလအ တပ်ဖွဲ့ဘက်ကလည်း အောက်တိုဘာလ ၈ ရက်နေ့ကစ မြစ်ကြီးနားနဲ့ ဖားကန့် မြို့တွေမှာ လူ ၅ ဦးထက် စုဝေးတာတွေ မလုပ်ရ အမိန့်နဲ့ ည ၁၀ နာရီ ကနေ မနက် ၄ နာရီ အထိအပြင် မထွက်ရ အမိန့်ကြေညာထားပါတယ်။
Photo Crd : Google
