အောက်တိုဘာ ၁၀၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ဝဲဘောင်း ဗမာရွာမှာ အောက်တိုဘာလ ၉ ရက်နေ့ည ၇ နာရီ ဝန်းကျင်ခန့်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရလို့ လူအများအပြား ထိခိုက်သေဆုံးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ထိတာ ဝဲဘောင်း ဗမာရွာပါ။ လီဆူရွာ မဟုတ်ဘူး။ ညတွင်းချင်း တွေ့တဲ့ အလောင်းက ၇ ယောက်။ ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လေကြောင်း ဗုံး ထိမှန် သေဆုံးသွားတဲ့ သူတွေထဲမှာ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ဘက်က စစ်ဘေးရှောင်လာသူလည်း ပါနေတယ်လို့ သူက ပြောပါတယ်။
“ဝဲဘောင်းမှာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ သေဆုံးသူတွေလည်းများတယ်။ ထိခိုက်သူတွေလည်း များတယ်” လို့ နောက်ထပ်ဒေသခံ တယောက်က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဘာမှ လုပ်မရတော့လို့ စစ်ကြီး အမြန်ဆုံး ပြီးဆုံးစေချင် သလို နောက်ထပ် ဘယ်သူ့ကိုမှ မထိခိုက်စေချင်တော့ဘူးလို့ သူက ပြောပါတယ်။
မိုးမိတ်မြို့နယ်မှာ အောက်တိုဘာလ ၉ ရက်နေ့ည ၇ နာရီ ဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး သုံးလုံး လာရောက် ကြဲချ တိုက်ခိုက်မှုကြောင့် လူ ၇ ယောက်သေဆုံးခဲ့ပြီး ၈ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က သတင်းထုတ်ထားပါတယ်။
သေဆုံးတဲ့သုတွေထဲမှာ ကလေး အပါအဝင် အမျိုးသား လေးယောက် အမျိုးသမီး၊ သုံးယောက်ပါဝင်ကြောင်းနဲ့ နေအိမ် ၁၀ အိမ်ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကလည်း ကျောက်မဲ မြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ မိုက်ဟုန်းရွာကို လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရလို့ ကလေးငယ် တယောက်အပါအဝင် ၁၀ ယောက် သေဆုံးခဲ့ပြီး သုံးယောက် ထိမှန်ဒဏ်ရာရရှိ ခဲ့ပါသေးတယ်။
Photo Crd# PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန
