သူတို့အိမ် အခန်း – ၁၇

 

 

ဝိုးတဝါး ပုံရိပ်မှိန်များနှင့် ဖျပ်ကနဲ ပုံရိပ်ကြည်
—————————————–

နှစ်ပေါင်း၅၀ကျော်မှ ပြန်လှန်စဉ်းစားလိုက်တော့ မှုံဝါးဝါးပုံရိပ်များပဲ စိတ်အာရုံမှာ ထင်ဟပ်လာသည်။ တစ်ခါတရံမှသာ ဖျပ်ကနဲပေါ်လာသော ပုံရိပ်ကြည်များကို အမိအရ ဖမ်းရတော့သည်။ မိုးရွာလျှင်ရေတလျောက်က ရေတွေ တတန်းတန်း ယိုစိမ့်ကျသော အိမ်ကလေးရှေ့မှာ ရသေ့လျောင်းထိုင်ခုံ၂လုံးနှင့် စာပွဲအို၊ သံဖြူမီးအိမ်၊ အမိုးပါရေအိုးစင်လေးဘေးက ဂွေးသီးပင်၊ ဟို ဝင်းပေါက်အထွက်က သစ်ချိုပင်ကြီး၊ ဝင်းပေါက်ကျုံးရေကန်လေး ဘေးက ညနေတိုင် ထိုင်နေကျ အုတ်ခုံလေး၊ လမ်းတဘက်မှာက ဦးကျွဲမောင်အိမ်ဝင်းနှင့် ထင်းရူးသေတ္တာ ရိုက်နေကြသည့် လုပ်ငန်းခွင်၊ သူ့ရှေ့နားက ဒေါက်တာ့ ဆိုင် မန်ကျည်းပင်ကြီးအရိပ်မှာ ကိုစံမြ စက်ဘီးပြင်ဆိုင်၊ မျက်နှာချင်းဆိုင် လမ်းဒီဘက်မှာ ဦးပု ကွမ်းယာနှင့် အအေးဆိုင်၊ ဟို.. မိကျောင်းတံတား မရောက်မီ လမ်းတောင်ဘက်မှာ ကိုဘစိမ်း မလှရီ လက်ဖက်ရည်နှင့် အကြော်ဆိုင်၊ မျက်နှာချင်းဆိုင်မှာ ဦးအေးမောင် နွားလှည်း၊ မျက်စောင်းထိုးမှာ ကိုသန်းမြင်းလှည်းနှင့် ဦးထွန်း ဆံပင်ညှပ်ဆိုင်၊ နောက် ဒေါ်ငွေစိန် သမီး မမိုးတို့ အိမ်၊ အရှေ့ဘက် လမ်းကြားထိပ်မှာ ဒေါ်အေး ဒေါ်သန်တင်တို့ ၂ထပ်ပျဉ်ထောင်အိမ်။

 

လမ်းကြားလေးက စိုင်ပြွန်ဝင်း အနောက်ဘက် အုတ်တံတိုင်းနှင့် ယှဉ်ကာ ဟိုး မြောက်ဘက် ဒက္ခိဏဝန်တိုက် အနောက်ပေါက်မှသည် အနောက်ဘက် မိကျောင်းခေါင်းအထိပေါက်သည်။ လမ်းကြားထဲမှာ ဒေါ်အေးခင် သား ကိုမောင်ကြီး ကိုကိုလေး ဒိုးဒိုးတို့အိမ်၊ နောက် ကိုသန်း မစိန်ပု၊ နောက် ဦးသန်း ဒေါ်စိန်စိန်၊ ဦးရေဝိုင်း ဒေါ်အေးမေ၊ ဦးကောင်းရင် ဒေါ်သိန်း၊ ဦးစာဗျော ဒေါ်ဒေါင်း၊ တောင်ပန်ကားဦးချို ဒေါ်သန်း၊ ဦးဉာဏ်သိန်း ဒေါ်လှဝင်း နှင့် တူ ကိုလှကြီး တူမ မခင်သိန်းဝင်း၊ အနောက်သို့ ချိုးသွားသော လမ်းလေး တောင်ဘက်မှာ ဦးကရင် လက်နှိပ် အကြောပြင်၊ မျက်နှာချင်းဆိုင်မှာ ဒေါ်ဘီ သားဖွားဝမ်းဆွဲ။ လမ်းလေး အနောက်ဘက်နှင့် မိကျောင်းတံတားကြား ရပ်ကွက်လေးထဲမှာက အမျိုးတွေ များသည်။ ဒေါ်သီ မုန့်ဆိုင်၊ ဦးခ ဒေါ်သောင်းရွှေ သား ကိုဌေးအောင်၊ ဒေါ်ငွေညွန့်နှင့် သမီးများ၊ ဦးရွှေဖီ မိသားစု၊ ဦးသိန်းအောင် မိသားစု၊ ဒေါ်ငွေမျှင်၊ မမသိန်းမြ မိသားစု၊ တံမြက်စည်း ဦးတင်လှိုင် မိသားစု၊ ဒေါ်ရွှေမေ သား ကိုထွန်းကြွယ် နှင့် သမီး မစိန်ချယ်၊ ဒေါ်လှတင်နှင့် သမီးများ၊ ဦးတင်မောင်ကြီး သား ကိုဖိုးပါ၊ ဂျစ်ကား ဦးချစ်တီး၊ ဦးဘသင် ဒေါ်အေးကျော် မိသားစု၊ ပန်းတိမ်ဆောက်ဖြတ် ကိုတင်မောင် မိသားစု၊ ဦးခိုင် မိသားစု၊ ဒေါ်မြမေ မိသားစု၊ လေဘေးထည် ကိုကြည်ဝင်း၊ အဖိုးကြီးအိုခေါ် ကိုကျော်မင်း၊ ကိုပေါက်ပေါက်၊ ပန်းချီကိုမြင့်ထွန်း မိသားစု၊ ဒါတွေက ကျွန်တော့မှတ်ဉာဏ်တွင် ပေါ်လာသမျှ ချရေးကြည့်ခြင်းဖြစ်သည်။

 

ကိုင်း… ဝင်းအရှေ့ဘက်နှင့် ဒေါင်းရိုးထဲကလည်း မှတ်မိတာ ဘယ်သူတွေပါလိမ့်။ ဝင်းအရှေ့ဘက် ကပ်ရက်က ဦးထင်လှ ဒေါ်ရင် သားသမီးများ၊ ဦးဘိုးထွဋ် ဒေါ်သောင်း သားသမီးများ၊ ဒေါ်လှကြည်၊ ဒေါ်ဦး သား ကိုဘိုးအောင်၊ ဦးမြင့် ဒေါ်ကြည်နှင့် သားသမီးများ၊ ဒေါ်အုန်းကြည်နှင် သမီးများ၊ မြိုင်ပုံနှိပ်တိုက် ဦးကံပေါ် မိသားစု၊ ဦးစံရွှေ မိသားစု၊ ငန်ပြာရည်ဝင်းထဲက သူငယ်ချင်း သန်းသန်းဌေးတို့ မိသားစု၊ ဦးကြီးမောင် မိသားစု၊ လမ်းဟိုဘက်မှာ ပုဏ္ဏားမဒေါ်ကြည်၊ အမှုန့်ကြိတ်စက် မကြည်၊ သံပန်း ကိုရှမ်း၊ သူငယ်ချင်း စန်းစန်းတို့ မိသားစု၊ ထိုးမုန့် အပျိုကြီး ညီအစ်မနှင့် မောင် ကိုညီညီ၊ ဝင်းကြားထဲက ဝါးကပ် ဒေါ်သီလှ မိသားစု၊ လမ်းဒီဘက်မှာက ပန်းတိမ်ဦးအေးလူ မိသားစု၊ ကိုထွန်းခင်မိသားစု၊ ဒေါက်တာ တင်သန်းမြင့်၊ ဦးချစ်စိန် ဆေးရိုးဝင်း၊

 

ထို့နောက် မြောက်ဘက် ဝင်းထဲက ပန်တျာဌေးဌေးမြင့် ညီမ ပန်တျာပြုံးပြုံးမြင့်တို့ မိသားစု၊ အသံချဲ့စက် ဦးဘမြင့်၊ ဆိုင်း စိန်ဘကျွဲ၊ ဒေါင်းရိုးဦးရင်လေး၊ ဈေးချို ဒေါ်လှစိန် မိသားစု၊ ဦးပေါ မိသားစု၊ ဦးကြင်ရွှေခေါက်ဆွဲဆိုင်၊ လမ်းဟိုဘက်မှာ က သံပုရာသီးပွဲရုံ၊ ဆယ်တန်း ကျူရှင်တက်ဖက် သီတာတို့ ဥမ္မာတို့ မိသားစု ဝင်း၊ မဏ္ဍပ်ဆရာနွဲ့၊ ဦးကွိန်၊ ဒေါ်ငွေသက် နှင့် မြေးများ၊ လက်ဖက်ဒေါ်ချစ်စု မိသားစု၊ ဒေါ်သက်စု မိသားစု ဝင်း၊ ဦးတုတ် ဒေါ်ရင် ငွေပန်းတိမ် ။ ထို့နောက် တောင်ဘက်ပုဏ္ဏားဝင်းထဲက ကျောင်းနေဖက် တင်တင်လှ၊ မာလာနှင့် ရာပြည့်တို့ မောင်နှမ ကိုလည်း မှတ်မိသည်။ မာလာက ငယ်ငယ်ကတည်းက ယောကျ်ားဆန်ကာ ဘိုချော ချောသည်။ ဟီရားလားကတော့ တက္ကသိုလ်မှာကျမှ ခင်မင်ရတာ အခုထိ။ ကိုင်း… ဒါတွေက ပြန်စဉ်းစားလို့ မှတ်မိတာတွေ ဖြစ်သည်။ သို့သော် ထိုထို ပုဂ္ဂိုလ် ကြောင်းချင်းရာများ ထဲက မမေ့နိုင်အောင် စွဲမြဲ မှတ်မိနေသည်များ ရှိပါသည်။

 

ဒေါ်ငွေစိန်လို မဖြစ်ပါရစေနဲ့ တဲ့
—————————

ဝင်းအနောက်ဘက်က ဒေါ်ငွေစိန် ဆိုပါစို့၊ သူက မုဆိုးမ ဖြစ်ကာ သမီး မမိုးနှင့် အတူနေသည်။ အဝတ်လျော် မီးပူတိုက် အလုပ်ဖြင့် ချို့တဲ့ရှာသည်။ သို့သော် ထိုစဉ်ကာလ အခုလို သာရေးနာရေး အသင်းတွေ မပေါ်မီကပင် အရပ်ထဲ နာရေးရှိလျှင် ဒေါ်ငွေစိန်က ချက်ချင်းရောက်လာသည်။ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ရေချိုးသန့်စင်တာ ပြင်တာဆင်တာ မိရိုးဖလာ လုပ်ဆောင်ဖွယ်ကိစ္စများ ဝယ်ခြမ်းလုပ်ကိုင်ပေးတာ သဂြိုဟ်ရာတွင် နာရေးကားမီအစ မြေကျသည်အထိ ကိုယ်ထိလက်ရောက် လုပ်ကိုင်ပေးတာ ရက်လယ်ဆွမ်းသွပ်မှာလည်း ပန်ကန်ဆေး သိမ်းဆည်း အထိ ကူညီလုပ်ကိုင်ပေးသည်။ ကာယကံရှင်က လှည့်ကြည့်စရာမလို။ ဒေါ်ငွေစိန်ကို အခကြေးငွေပေးလို့လည်း မယူ၊ နာရေးအိမ်က ဆေးလိပ်တတို လက်ဖက်တရိုးမျှပင် ကိုယ့်အတွက် မသုံး၊ ထို့ပြင် ကွယ်လွန်သူ၏ အဝတ်အစား အသုံးအဆောင်များပင် လျော်ဖွပ်ပေးသေးသည်။ အားလုံးကိစ္စညပီးမှ အိမ်ပြန်သည်။

 

သူ့ကြည့်တော့ ပိန်ပိန်ပါးပါး ချောင်းတဟွပ်ဟွပ်နှင့် နဲ့နဲ့။ သူ့အကြောင်းကို ဒေါင်းရိုးထဲက ဒေါက်တာတင်သန်းမြင့်က ဟံသာဝတီ သတင်းစာတွင် ဆောင်းပါးတစ်ပုဒ် ရေးဖူးသည်။ ဤသို့ လူမှုရေး တာဝန်ကျေ လွန်းသော ဒေါ်ငွေစိန် တစ်ယောက် မကျန်းမာသဖြင့် ဆေးရုံတက်သောအခါ တီဘီရောဂါမို့ ဆေးရုံ ချက်ချင်းတက်ဖို့ အဆင်မပြေခဲ့။ အချိန်မီ ဆေးကုသမှု မခံရလို့ ဒေါ်ငွေစိန်ဆုံးပါးသည်။

 

ထို အဖြစ်အပျက်ကို ဒေါက်တာတင်သန်းမြင့် ၏ ဒေါ်ငွေစိန်လို မဖြစ်ပါရစေနှင့် ဟူသော ဆောင်းပါး လည်း သတင်းစာတွင်ပါရှိပြီး ဆေးရုံကြီးတွင် တီဘီကုသမှု ဌာနကို သီးခြားဖွင့်လှစ်ခဲ့ကာ နောက်တော့ အဆုတ်ရောဂါကု သီးခြားဆေးရုံပင် ထူထောင်ခဲ့သည်။ ဒေါ်ငွေစိန် ဆုံးပါးပြီး သမီးဖြစ်သူ မမိုးက သူ့အမေ၏ ပရဟိတ အလုပ်ကို ဆက်လက် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။

 

ရပ်ကွက်လူထုကြီး ခင်ဗျား
——————————–

ထို ရပ်ကွက်လေးထဲတွင် တန်းလျားကဲ့သို့ အိမ်ခန်းများ တစ်ထပ်အိမ်လေးများက လူသွားရုံ လမ်းလေးတွေပဲ ခြားကာ ကျပ်ညပ်ဆောက်လုပ်ထားသည်။ ဝင်းနှင့် ၂ထပ်အိမ်က နည်းသည်။ မီးဖိုလေးတွေကလည်း ကျောကပ် မျက်နှာချင်းဆိုင် ချက်ကြပြုတ်ကြနှင့် မီးခိုး မီးတောက် မပြတ်လတ်။ ထို့ပြင် အားလုံလိုလိုမှာ ညရောက်လျှင် ရေနံဆီမီးအိမ် နှင့် ဖယောင်းတိုင်မီးပဲ ထွန်းညှိကြရသည်။ ထို့ကြောင့် မီးဘေးကို အထူးစိုးရိမါရသော ရပ်ကွက် ဖြစ်သည်။ ဆောင်းကျွတ်လု နွေဦးကာလ တောင်လေလေးမြူးလာလို့ ဖြစ်စေ၊ ညနေစောင်း ရာဟုထောင့်က အုံ့ဆိုင်းကာ လေရူးမွေ့လာလျှင်ဖြစ်စေ၊ အချိန်မနှောင်းစေဘဲ သတိပေးသံ ဆက်တိုက်ကြားရသည်။ “ ရပ်ကွက်လူထုကြီးခင်ဗျား၊ ရပ်ကွက်လူထုကြီးခင်ဗျား၊ မကြာမီ လေပြင်းများ တိုက်ခတ်တော့မှာမို့ မိမိတို့အိမ်က မီးဖိုမီး မှန်အိမ်မီး ဖယောင်းတိုင်မီးများကို ငြှိမ်းသတ်ထားကြဖို့ သတိပေးနှိုးဆော်အပ်ပါသည် ခင်ဗျား” ဟူသော အသံက တစ်ရပ်ကွက်လုံး လှည့်လည်ကာ သတိပေးနေသည်။

 

ထိုတာဝန်ကို ဘယ်သူကမှ ခန့်အပ် တာဝန်ပေးတာ မဟုတ်ဘဲ ဦးဘသင် က မပျက်မကွက် တာဝန်ယူခြင်းဖြစ်သည်။ သူက သံဖြူဖြင့် ပြုလုပ်ထားသည့် အော်လံဖြင့် တစ်ရပ်လုံးလှည့်ပတ် အော်ဟစ် သတိပေးခြင်းဖြစ်သည်။ ထိုသို့ သတိပေးမှု ရပ်ကွက်ကလည်း လိုက်နာမှုများကြောင့် ရပ်ကွက်အတွင်း မီးလန့်မှုလောက်က လွဲ၍ မီးဘေးမရှိခဲ့ပေ။ ဦးဘသင် က ရပ်ကွက်ထဲမှာ သောင်သာ အဆင်ပြေသည်။ ဘဲလေးဆပ်ပြာ ဟူ၍ ဆပ်ပြာထုတ်လုပ်ကာ ဈေးထဲတွင်လည်း ဆိုင်ခန်းရှိသည်။ သို့သော် ရပ်ကွက်အရေးတွင် ကိုယ်တိုင် ဝင်ရောက် ထမ်းရွက်ခဲ့ခြင်းဖြစ်သည်။

 

ဘိုးဘွား အစဉ်အဆက် ကူကာ ညီကာ
——————————————

အရှေ့နား ဒေါင်းရိုးထဲမှာ ဆရာဝန်ဒေါက်တာတင်သန်းမြင့် ဆေးခန်းရှိသည်။ သူက ထိုစဉ် မန္တလေးဆေး တက္ကသိုလ်က ဆရာလည်းဖြစ်သည်။ စာပေ ဂီတ ဝါသနာကြီးသူမို့ သူ့ဆေးခန်းထဲမှာ ဝါးပတ္တလား တီးခတ်နေ တတ်သည်။ သဘောကောင်းကာ စေတနာပါသောကြောင့် ဆင်းရဲသားရပ်ကွက်လေး၏ အားကိုးစရာ ဖြစ်ခဲ့သည်။ ထိုစဉ်က ဒေါင်းရိုးနှင့် အနောက်ဘက် ဆီသည်ချောင်က တစ်ဆက်တည်းဖြစ်ကာ အောက်ခြေ လက်လုပ်လက်စား မှသည် ကုန်သည်ပွဲစား နှင့် ဆွေကြီးမျိုးကြီး စက်ပိုင် သူဌေးသူကြွယ်များအထိ လူတန်းစား အစုံအလင်ရှိသည်။ သို့သော် ဘိုးစဉ်ဘောင်ဆက် အစဉ်မပျက်နေထိုင်ခဲ့သောကြောင့် အတန်းအစားခွဲတာ မရှိ။ အားလုံးတတ်နိုင်သည့် ဘက်က တာဝန်ယူကြသည်။ မျှတ စာနာ ပေါင်းစည်းကြသည်။

 

အိမ်တော်ရာဘုရားပွဲကဲ့သို့ ဘာသာရေးပွဲမှအစ လူမှုရေး သာရေးနာရေးများတွင် စိုင်ပြွန်ရိပ်သာ ဦးလှသောင်က ရှေ့မှ ငွေဖလားကိုင်ကာ နောက်က ရပ်ကွက်လူကြီးများဖြစ်သော ဦးချို ကိုအေးကြီး ဦးထွန်း ဦးပု ဦးတင်လှိုင် က အစ ဒေါ်ငွေစိန် နှင့် အမျိုးသမီး အမျိုးသား လူငယ်ကာ စုပေါင်း ထွက်ကြသည်။ ထိုမျှသာမက ရပ်ကွက်အတွင်းက မဖြစ်မနေ လိုအပ်ပါက ဆန်အလှူ ဆီအလှူ ကိုလည်း ဦးလှသောင်ကအစ ရပ်ကွက်သား ကုန်သည်ပွဲစားများက လှူဒါန်းကြသည်။ ထိုမျှသာမက မိုးတွင်းအမီ အိမ်မိုးဝါးကပ် လိုအပ်ပါကလည်း ဒေါ်သီလှ ဝါးကပ်ဆိုင်မှာ ရှိမှပေး အကြွေးယူနိုင်သေးသည်။ ရပ်ကွက်အတွင်း သာရေးနာရေးအတွက် ဘိလပ်ရည်တိုက်လိုလျှင်လည်း တောင်ပန်ကား ဘိလပ်ရည်စက်က ဦးချိုတို့ ဦးတင်မောင်ကြီးတို့ ဦးခိုင်တို့က ခွဲတမ်းစောင့်စရာမလိုဘဲ ဘိလပ်ရည်ကို ထုတ်ဈေးနှင့် ဝယ်ယူခွင့်ရစေအောင် ကူညီပေးတာလည်း မှတ်မိပါသေးသည်။ အကယ်၍ သာရေးနာရေးအတွက် အရေးပေါ် လိုအပ်လျှင်လည်း ဦးချစ်တီး၏ ဂျစ်ကားက အဆင်သင့်။

 

မုန့်စားဆင်းချိန်
—————

အိမ်မှာနေစဉ်က အသက် ၅နှစ်လောက်အထိ အိမ်နှင့် နီးနီးလေးနေရာပင် အမေပါမှ သွားရဲသော ကျွန်တော်သည် ဦးပဏ္ဏဝံကျောင်းသို့ ဖြောင့်ဖြောင့် တက်လို့ အိမ်က ဝမ်းသာသည်။ ကျောင်းအသွားမှာတော့ ဝင်းအနောက်ဘက်က သောင်းထွန်းတို့ ကြည်လွင်တို့နှင့်မို့ ကျောင်းသွားဖြောင့်ခြင်းဖြစ်သည်။ ကျောင်းမှာ မုန့်စားကျောင်း ဆင်းတော့ ခေါင်းလောင်းသံ ကြားသည်နှင့် သူသူငါငါ ပြေးကာ ကိုယ်ကြိုက်သည့် မုန့် ကိုယ်ဘာသာ ဝယ်စားကြသည်လေ။ ဒီမှာတင် ကျွန်တော့် အစွမ်းပြတော့၏။ မုန့်စားကျောင်းဆင်းသည်နှင့် ကိုယ့်ကြိုက်သည့် မုန့်ကို ရွေးဖို့ မုန့်ဆိုင်တွေဆီ ရှာဖွေ မသွားဝံ့။ ကျောင်းအနောက်ပေါက် အဆင်းက အနီးဆုံး ဖြစ်သော ဒေါ်ခင့် မုန့်ဆိုင်ရှေ့ရပ်ပြီး ဟိုဟိုသည်သည် ကြည့်သည်။

 

ရွှေထမင်း အုန်းမှန်ကူ မုန့်ကျွဲသည်း မုန့်လုံးကြီး မုန့်ကြက်အူ မာလကာသီး သြဇာသီး ငှက်ပျောသီး ချိုချင် ပူရှိန်း အစုံရှိသည်။ ကျွန်တော်ကြိုက်သော ပဲဒလီးမုန့်ကို ရှာသည်။ မတွေ့။ ဟိုဇလုံထဲက ဘာတွေပါလိမ့်၊ အိမ်မှာ ထမင်းစားတော့ ပါဖူးတဲ့ အရွက်တွေ၊ ဒါတွေကို စူးစူးစမ်းစမ်းကြည့်နေဆဲ ဒေါ်ခင်က “ ကောင်လေး ဘာယူမှာလဲ၊ ရပ်နေတာ ကြာပြီ၊ မုန်လာချဉ်သုတ်လား..” ဟု မေးလိုက်တော့ ကြောက်လန့်ကာ ခေါင်းညိတ်လိုက်သည်။ ဒေါ်ခင်က ဒန်ပန်းကန်ပြားလေးထဲ မုန်လာချဉ်တွေထည့် ပဲမှုန့်ထည့် မြေပဲထောင်းလေးနှင့် ကြက်သွန်ကြော်လေးထည့် အပေါ်က ငရုတ်သီးမှုန့် ဖြူးပေးပြီး သံဇွန်းလေး တပ်ပေးလိုက်သည်။ ထိုမုန်လာချဉ်သုတ်ကို ငရုတ်သီးစပ်စပ်နှင့် ချွေးပျံကာ စားလိုက်ရသည်။ ဆိုးတော့မဆိုး။ ၁၅ပြားတဲ့။ နောက်ရက်တွေလည်း ဘယ်မှ မသွားရဲ။ ဒေါ်ခင့်ဆိုင်ရှေ့ပဲ ရပ်သည်။ ကျွန်တော့်မြင်တာနှင့် ဒေါ်ခင်က မုန်လာချဉ်သုတ်ပဲ ပေးတော့၏။ နောက်ရက်တွေ မုန်လာချဉ်သုတ်လည်း မစားချင်၊ အခြားဆိုင်များသို့လည်း မသွားဝံ့တော့ မုန့်စားဆင်းချိန်မှာ မဆင်းဘဲ အတန်းထဲပဲ ငုတ်တုတ်ထိုင်နေတော့သည်။

 

ကိုရင့် သပိတ်ပေါ်က
—————————
၂ရက်လောက်ဆိုတော့ ကျောင်းအပေါ်ထပ်က ဆွမ်းစားဖို့ဆင်းလာသော ကိုရင်တစ်ပါးက “ ကောင်လေး ငါနဲ့ လိုက်ခဲ့” ဟုခေါ်ပြီး သူ့သပိတ်ပေါ်က ဘန်းမုန့် လမုန့် ကရေကရာ စသော မုန့်များကိုကျွေးသည်။ ကိုရင်က ကျွန်တော် ပိုက်ဆံမပါလို့ မုန့်စားမဆင်းတာလို့ ထင်ပုံရသည်။ “ မင်းက ဆီစက်ဝင်းထဲက မဟုတ်လား၊ နာမည် ဘယ်လိုခေါ်လဲ” စသည်ဖြင့် မေးကာ နောက်ရက်တွေလည်း မုန့်စားဆင်းချိန်တိုင်း သူ့ သပိတ်ပေါ်က မုန့်တွေ မထပ်ရအောင် ကျွေးသည်။ တစ်ရက်မှာတော့ ဆွမ်းနှင့် ဟင်းတွေ ဘတ်လပိုင် ရောနယ်ထားသော ထမင်းကို ဇလုံတစ်လုံးထဲ ထည့်ပြီး ကျွန်တော့်ကို ကျွေးသည်။ “စားကွ၊ စားရခဲတယ်၊ ဘုန်းကြီးကျောင်းသားဟင်း ခေါ်တယ်” ဟု ပြောသည်။ ဇလုံထဲက ထမင်းတွေက စားချင့် စဖွယ်၊ သို့သော် ဟင်းဇီဇာကြောင်သော ကျွန်တော်နှင့် မကိုက်၊ မနည်းကုန်အောင် စားရ၏။ နောက်တော့ ထိုကိုရင်က ၄တန်းအောင်ပြီး ကျွန်တော် ကျောင်းပြောင်းသည့် နောက်ပိုင်းထိ မုန့်တွေကျွေး မုန့်ဖိုးတွေပေးကာ စောင့်ရျောက်သည်။ အသားက ညိုညို မျက်လုံး မျက်ဖန်ကောင်းကောင်း၊ ကိုရင်ဝင်းမြင့်တဲ့။ ဘုန်းကြီး ဦးပဏ္ဏဝံ၏ တူတော်သတဲ့။ တစ်ရွာတည်းသားတဲ့။ နောက်တော့ ပဉ္စင်းမတက်ဘဲ လူထွက်ကာ ဇာတိသို့ ပြန်ကာ အိမ်ထောင်ပြုသွားသည်။ အိမ်ထောင်ပြုပြီးနောက် အရောင်းအဝယ်လုပ်ရင်း မန္တလေးရောက်လို့ တွေ့ဖြစ်သေး၏။ နောက် မတွေ့တော့။

 

တတိယတန်းက ဆရာ
————————–

ကျွန်တော် တတိယတန်းရောက်တော့ အတန်းပိုင်ဆရာက ဦးမောင်ကို တဲ့။ ဖြူဖြူသွယ်သွယ် ရုပ်သန့်သန့် ဖြစ်သည်။ အစ်မတွေကတော့ နင်တို့ဆရာက ရုပ်ရှင်မင်းသား ကြည်စိုးနဲ့ ချွတ်စါတ်ပဲဟုပြောသည်။ ကျွန်တော်က ကြည်စိုး မကြည့်ဖူးတော့ မသိ။ ဆရာက အသင်အပြကောင်းသည်။ ပုံဆွဲကောင်းသည်။ ပန်းချီပါဆွဲနိုင်သည်။ ကျောင်းမှာ ကျွန်ုပ်တို့၏ ယုံကြည်ချက် တို့ ကျွန်ုပ်တို့၏ အဓိဋ္ဌာန် တို့ ဟူသော ဆိုင်းဘုတ်များကို ကိုယ်တိုင်ရေးသည်။ ဆရာက ကျောင်းသားတွေကို သားသမီးလို စောင့်ရှောက်သည်။

 

 

သီတင်းကျွတ်ကျောင်းပိတ်ရက် ဒီဇင်ဘာကျောင်းပိတ်ရက်များတွင် ကျောင်းသူကျောင်းသားများကို သူ့အိမ်သို့ နေ့စဉ်ခေါ်ယူပြီး မုန့် ကော်ဖီ ထမင်းကျွေးကာ စာသင်ပေးသည်။ သူ့အိမ်က နဘဲကြူးထဲမှာ ရှိသည်။ သူ့အမျိုးသမီး ကလည်း အတော်ချောကာ ခေတ်ဆန်သည်။ ဈေးချို ဒီရုံထဲမှာ ဆိုင်ရှိလို့ ဥပုသ်နေ့ ဈေးပိတ်မှပဲ အိမ်မှာ တွေ့ရသည်။ ဆရာဥိးမောင်ကို၏ အစ်ကိုကလည်း ကျောင်းဆရာဖြစ်ကာ လူငယ့်ရေးရာတီးဝိုင်းမှာ ဆိုက်ဆိုဖုန်း မှုတ်သည်။ ဆရာတို့ ညီအစ်ကိုနှစ်ယောက်က အိမ်ထောင်ကိုယ်စီနှင့် အပေါ်ထပ် အောက်ထပ်နေကြသည်။ ပျဉ်ထောင် ၂ထပ်အိမ်ကြီးမှာ ဆရာဦးမောင်ကိုက အပေါ်ထပ်မှာနေသည်။

 

ဆရာက သူ့ကျောင်းသားတွေကို အလိုလိုက် လိုက်ပုံများ သူတို့ အိပ်ရာကုတင်ပေါ် မွေ့ရာပေါ်ထိ ဝင်ဆော့ကြလည်း ဘာမှ မပြော။ သူ့အိမ်မှာ ကျောင်းပိတ်ရက်တွင် စာသင်သူများမှာ ငန်ပြာရည်ဝင်းထဲက သန်းသန်းဌေး၊ ဒေါင်းရိုး ဝင်းကြားက မြင့်မြင့်ကြူ၊ ရှင်ဥပဂုတ်ဝင်းထဲက ညွန့်ညွန့်ဝေ၊ ဆင်တံတား အုတ်ဝန်မင်းဝင်းက ဝင်းဟန် နှင့် နေအောင်၊ ဆီစက်ဝင်းထဲက ကျွန်တော်တို့ ဖြစ်သည်။ ကျွန်တော်တို့ ယောက်ျားလေးတွေက ဆရာ့ဆီက စာသင်အပြီး အိမ်သို့ တန်းမပြန်ကြ။ ထိန်ကုန်း ဓမ္မာရုံထဲက ရေတွင်းကြီးမှာ ရေချိုး ကြသေးသည်။

 

ခွန်းထောက် ဆိုမဟဲ့
———————–

တတိယတန်းနှစ်မှာပဲ ကျောင်းတွင်း ဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ကျပန်းစကားပြောပွဲ စကားရည်လု ပွဲများနှင့် သီချင်းဆိုပြိုင်ပွဲတွေ ကျင်းပသည်။ အိမ်မှာ သီချင်းတကြော်ကြော်နှင့် နေတတ်သော ကျွန်တော်က သတ္တိတွေ ဝင်လာပြီး သီချင်းဆိုပြိုင်ပွဲ ဝင်ရန် စာရင်းပေးလိုက်သည်။ ဆရာဦးမောင်ကိုကလည်း ကျွန်တော့် အထက်က အစ်မက ပန်တျာကျောင်းတက်နေတာ သိတော့ ကျွန်တော့်ကို အထင်တကြီးနှင့် သူ့ အတန်းကိုယ်စားပြုကာ ပြိုင်စေသည်။ ကဲ.. ဘာသီချင်းဆိုမှာလဲ၊ တကယ်တမ်း တိတိကျကျ ဆိုကြစို့ဆိုတော့ ဘယ်သီချင်းမှ ဟုတ်တိပတိတိမရ။ သည်တော့ မြန်မာဖတ်စာ စာအုပ်ထဲက ရိုးတလျောက် ကဗျာကို ခွန်းထောက်လို ဆိုကာ ပြိုင်စေသည်။

 

ကျွန်တော်က ထိုကဗျာကို ကြားဖူးနားဝရှိသော ခွန်းထောက်ပုံစံ ဆိုပြတော့ ဆရာက သဘောကျသွားသည်။ “ အေး..၊ ကောင်းတယ်ကွ၊ ကျောင်းမှာ အဆင်ပြေရင် မြို့နယ်ပြိုင်ပွဲမှာ မင်းလိုက်ရမယ်..” ဟု အားပေးသည်။ စာသင်ချိန်မှာပင် ကျွန်တော့်ကို ခွင့်ပေးကာ ကျောင်းရှေ့အလံတိုင်အောက် တစ်ယောက်တည်း ခွန်းထောက်ဆို လေ့ကျင့်စေ၏။ အိမ်ရောက်တော့လည်း “ရိုးတလျှောက် ဖြိုးမောက်ပါတဲ့ လယ်ပဒူ၊ အရွက်ချွန်း ကန်စွန်း ပုဇွန်စာနှင့် လွန်တရာ ကညွတ်ပေါတယ် တောဖြစ်လို့ထူ မှိုနတိုငွေရောင်ဖျော့ရယ်နဲ့ ရွှေကနဖော့ ကြာရိုးဖြူ ချိုးယူလို့ မကုန်ခမ်း၊ ပတ္တမြားရောင် ဖားကပေါင်သံလွင်လွင်နဲ့ ရွှေညံပင် ရှုတ်မရှင်းတယ် ကွင်းပြည့်လုခမန်း” ဟူ၍ စာအုပ်ကြည့်စရာ မလိုဘဲ အလွတ် သံနေသံထားနှင့် ရနေပြီ။

 

ကျွန်တော့် ယောက်ဖ ကိုသိန်းမောင်ကလည်း လိုအပ်သော သံနေသံထားများကို သေချာပြပေးကာ ပါးစပ်ဆိုင်းနှင့် ဆို့ပိတ်ပေး၏။ အိမ်မှာ အဘနှင့် အမေရှေ့၊ အစ်မတွေရှေ့ အကြိမ်ကြိမ် ဆိုပြနေလို့ အထစ်အငေါ့မရှိ နောကျေနေပြီ။ ဧည့်သည်တွေ လာလျှင်ပင် ကျွန်တော့ကို ခွန်းထောက်နှင့် ပွဲထုတ်သည်။ ဧည့်သည်တွေကလည်း သဘောကျ မဆုံး။

 

ဘာလဲဟဲ့ ပရိသတ်
——————–

တကယ် ပြိုင်ရမည့်နေ့ရောက်တော့ ကျောင်းမသွားခင်ကတည်းက ရေမိုးချိုးကာ မမခင်လှက သနပ်ခါး လိမ်းပေးသည်။ ဆံပင်ကိုလည်း အုန်းဆီအရွှဲသားနှင့် ခေါင်းဖြီးပေးသည်။ အဘချုပ်ပေးသည့် ကမြစ်အင်္ကျီ လည်ကတုံးလေးကိုဝတ်စေကာ အပေါ်က မြင်းချေးရောင် တိုက်ပုံလေး ဝတ်ပေးသည်။ ထိုတိုက်ပုံ အင်္ကျီလေးက ဦးလေးသောင်သား ကိုကိုဦး(ကိုဇော်မျိုးဦး) ငယ်ငယ်က ဝတ်သည့် တိုက်ပုံလေးကို ပေးထားခြင်းဖြစ်သည်။ တိုက်ပုံလေးက နည်းနည်းကြီးပေမယ့် ကိစ္စမရှိ။ လက်ကလေးကို ခေါက်လိုက်တော့ ကြီးတာ မသိသာ။ လုံချည်က အဘ၏ ဘန်ကောက်ပုဆိုး ရွှေဖလားရောင်ကို ခေါက်ချိုးပြီး ဝတ်ပေးကာ ကျွတ်မကျအောင် မမခင်ဝင်း၏ မျှော့ကြိုးခါးပတ် အပြားကြီးနှင့် ပတ်ပေးလိုက်သည်။ အံမယ် အဝတ်အစား ဝတ်ပေးရင်းပင် ကျွန်တော်က ရိုးတလျှောက် ဖြိုးမောက်ပါတဲ့ လယ်ပဒူ ကို တကြော်ကြော် လုပ်နေတော့ သဘောတွေကျလို့။

 

သည်လိုနှင့် ကျောင်းပြိုင်ပွဲက နေ့လယ် တမင်းစားကျောင်း ဆင်းအပြီး စတင်သည်။ အနောက်ဘက်က ဆောက်လက်စ တစ်ထပ်ကျောင်းဆောင်ကြီးထဲမှာ အထပ်သား လိုက်ကာတွေကို ဖယ်ပြီး ဖျာတွေခင်းထားသည်။ အရှေ့ဘက်နံရံဘေး အဝင်ပေါက်နားမှာ စာပွဲတွေကို ဆက်ပြီး စင်မြင့် ပြုလုပ်ထား၏။ အတန်းအားလုံးက ကျောင်းသား ကျောင်းသူတွေကို တိုကျောင်းဆောင်အတွင်း တစ်တန်းစီ နေရာချပေးသည်။ ပြိုင်မည့်သူများက စင်မြင့်ဘေးက စာသင်ထိုင်ခုံတွေပေါ် တန်းစီထိုင်လို့။ ကျွန်တော်က ခုံပေါ်မှာ ထိုင်ရင်း ကျောင်းဆောင်ကျယ်ကြီးထဲ ကျောင်းသူ ကျောင်းသားတွေ အများကြီးကို ကိုယ့်ရှေ့ထိုင်နေတာ မြင်လိုက်တော့ လန့်သွားသည်။ မကြာပါ ဆရာကြီး ဦးသောင်းရွှေက အဖွင့် စကားပြောအပြီး ပြိုင်ပွဲစသည်။

 

ထိုကတည်းက ကြောက်စိတ် ဝင်စပြုပြီ။ ရှေ့က ဘာတွေ ပြိုင်သွားတာလဲ မသိတောာ့။ အရေးထဲ မျှော့ခါးပတ်က လျော့နေလို့ အဘ ဘန်ကောက်ပုဆိုးက နေရာတကျမဟုတ်တော့။ အောက်လျောကျနေသလိုလိုမို့ ခါးက ဆွဲတင်လိုက်ရသည်။ ဟော ပြောရင်းဆိုရင်း တတိယတန်းက မောင်ကျော်ဆန်းတဲ့ ခေါ်နေပြီ။ ကျွန်တော်က စင်ပေါ်တက်ဖို့ နဝေတိမ်တောင်ဖြစ်နေတော့ ဆရာဦးမောင်ကိုက လက်ကိုလာဆွဲပြီး စင်ပေါ်တင်ပေးသည်။

 

စင်ပေါ်တက်ရင်း အောက်က ကျောင်းသူကျောင်းသားတွေ အားလုံးက ကိုယ့်ကို အာရုံစိုက်ကြည့်နေလို့ မျက်လုံတွေ ပျာသွား၏။ စင်ရှေ့တည့်တည့်မှာ အရပ်ထဲက ခပ်ဖြူဖြူ ချောချော ကောင်မလေး။ သူက ၄တန်းက။ သူ့မြင်လိုက်တော့ ပိုဆိုးသွားသည်။ ကြောက်စိတ်မှာ မွေးရာပါ ရှက်စိတ်က ထိန်းမရတော့။ စင်ပေါ်ရောက်သွားတာ မသိတော့။ ဘန်ကောက်ပုဆိုးကို စောစောက ဆွဲတင်လိုက်တာ ဒူးပေါ်ထိ ရောက်ကာ ကို့ယိုကားယားဖြစ်နေလို့ အောက်က ဝါးကနဲ ရယ်လိုက်ကြသည်။

 

ဆရာဦးမောင်ကိုက “ကျော်ဆန်း ဆိုတော့လေ၊ ဆိုတော့လေ ရိုးတလျှောက် ဖြိုးမောက်ပါတဲ့” ဟု လှမ်ပြောနေသော်လည်း ဘာမှ သတိမရတော့၊ ဘာသံမှ မထွက်တော့။ ကြောင်တောင်တောင်နှင့် စင်ပေါ် အသံမထွက်ဘဲ မျက်လုံးအပြူးသားနှင့် ရပ်နေတာကြာလို့ ဆရာဦးမောင်ကို က ဆွဲပွေ့ ချလိုက်ရသည်။ အောက်က ပရိသတ်က တဝါးဝါး။ ကျွန်တော့်မှာ ရှက်လိုက်သည့် ဖြစ်ခြင်း။ ဒီလိုဖြင့် တစ်သက် စင်ပေါ် ပရိသတ်ရှေ့ ထွက်ဝံ့တော့မည် မတင်။

 

××××××××××

 

Related posts

Leave a Comment

VOM News

FREE
VIEW