အောက်တိုဘာ ၉၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပုံးလုံကျေးရွာအုပ်စု၊ နမ့်မန်းရွာရှိ ကျောက်မဲ – မိုင်းငေါ့ လမ်းပေါ်က နမ့်မန်း တံတား ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့က ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကျောက်မဲ နဲ မိုင်းငေါ့ ဆက်သွယ်ထားတဲ့ တံတား ပျက်စီးသွားတာ ဟုတ်တယ်။ ကားကြီးတွေတော့ သွားလို့မရတော့ဘူး” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လေယာဉ်ဗုံးထိလို့ ပျက်စီးသွားတာ လို့သိရပြီး တံတားက ကျိုးကျသွားတာမျိုးမဟုတ်ပဲ ဗုံးစထိမှန်ကာ နည်းနည်း ပျက်စီးသွားလို့ ကားတွေတော့ သွားလို့ မရတော့ဘူးလို့ သူက ပြောပါတယ်။
“သူက စကစရဲ့ တပ်စခန်းနဲ့ နီးတယ်။ ကျောက်မဲနဲ့ နီးတယ်။ကျောက်မဲနဲ့ အနီးစပ်ဆုံး၊ အဲဒီ တံတားလေ။ ဒါပေမယ့် ကျောက်မဲ မြို့နယ်ထဲမှာပါတယ်။ အဲဒီ တံတားက။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ပျက်စီးသွားတဲ့ တံတားက နမ့်မန်းတံတားဖြစ်ပြီး ကျောက်မဲ နဲ့ မိုင်းငေါ့ကို ဆက်သွယ်ထားတဲ့ တံတားဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒေသခံတချို့ကတော့ တံတားကို မိုင်းခွဲ ဖျက်ဆီး ခံထားရတာ ဖြစ်ကြောင်း ပြောဆိုနေကြပေမယ့် VOM အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။
PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ကတော့ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက် ကြဲချတိုက်ခိုက်မှုကြောင့် တံတားထိမှန်ပျက်စီးသွားခဲ့ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။
နလအဘက်က ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို ၁၀၂၇ စစ်ဆင်းရေး အပိုင်း ၂ မှာ ပထမ အကြိမ် မိုင်းခွဲဖျက်စီးခဲ့ပြီး ယခု ဒုတိယအကြိမ်ဖြစ် လေကြောင်းအသုံးပြု ဗုံးကြဲတာဖြစ်တယ်လို့ လည်းဖော်ပြထားပါတယ်။
ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်ခန့်ကလည်း မိုင်းငေါ့မြို့ မန်လုံရပ်ကွက် ကို ပေါင် ၂၅၀ ဗုံး နှစ်လုံး၊ စျေးရပ်ကွက်ကို လက်နက်ကြီးနှစ်လုံး၊ တာလုံရပ်ကွက်ကို လက်နက်ကြီး နှစ်လုံး တို့နဲ့ ကြဲချ ပစ်ခတ် ခံရလို့ အမျိုးသား တယောက်၊ အမျိုးသမီး တယောက် သေဆုံးပြီး မိန်းကလေးငယ် တယောက်နဲ့ အမျိုးသား တယောက် ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၈ အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။
Photo Crd# PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန
