အောက်တိုဘာ ၉ – ၂၀၂၅
SS (VOM)
မကွေးတိုင်း၊ မကွေးမြို့မှာ မနေ့ အောက်တိုဘာ ၈ ရက်၊ ညနေပိုင်းက နေအိမ်အတွင်း ကြိုးဆွဲချ သေဆုံးနေတဲ့ ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီ ဖြစ်စဉ်ဟာ မကွေးမြို့၊ ချမ်းမြေ့သာယာ ရပ်ကွက်က နေအိမ်အတွင်း ဖြစ်ပွားခဲ့တာလို့ သိရပြီး သေဆုံးပြီး နှစ်ရက်အကြာ မနေ့ အောက်တိုဘာ ၈ ရက်၊ ညနေ ၆ နာရီကျော် ဝန်းကျင်လောက်မှသာ ရုပ်အလောင်း တွေ့ရှိခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ချမ်းမြေ့သာယာက ကျူးကျော် ရပ်ကွက်မှာ ဖြစ်တာပါ။ သေတာတောင် နှစ်ရက်လောက်ရှိပြီ ပြောတယ်။ နှစ်ရက်လောက် ပျောက်နေလို့ သူ့အမျိုးသမီးက လိုက်ရှာနေတာ။ နောက်ဆုံး အိမ်ပြန်ရောက်တော့မှ သူ့အလောင်းကို တွေ့ရတာလို့ သိရတယ်။ လူမှုရေး ပြဿနာတွေ ရှိတယ်လို့တော့ ကြားတယ်။ အသေးစိတ်တော့ မသိဘူး” လို့ သူက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၁ နှစ်အရွယ်ဝန်းကျင် ရှိတယ်လို့ သိရပြီး လက်ရှိမှာ ရုပ်အလောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း လူနာတင်ယာဥ်နဲ့ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက် ရှိတာမှာ မနေ့ အောက်တိုဘာ ၈ ရက်ကလည်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ အသက် ၇၄ နှစ်အရွယ် အဘိုးအိုတယောက် နေအိမ် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဒါအပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်မှာ အသက် ၆၀ အရွယ် အဘွားအိုတယောက် အကြွေးမဆပ်နိုင်လို့ ရေထဲခုန်ချ သတ်သေမှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီ အဘွားဟာ အရပ်အခေါ် နေ့ပြန်တိုးလို့ ခေါ်တဲ့ အတိုးနှုန်းကြီးတဲ့ အကြွေးတွေကို နေ့စဉ် ဆပ်နေရပြီး နောက်ဆုံးမှာ အကြွေး မဆပ်နိုင်တော့တဲ့အတွက် နေပြည်တော်ရှိ အမှတ် (၁၃)၊ ဘုရင့်နောင်နယ်မြေ တံတားပေါ်ကနေ ရေထဲခုန်ချကာ အဆုံးစီရင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၆) ရပ်ကွက်၊ ဝေဇယန္တာလမ်းမကြီး၊ အင်းဝ (၃) လမ်းနားမှာ အသက် ၃၀ ကျော်ဝန်းကျင်အရွယ် ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းတယောက် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
အခုလို ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ လူမှုကူညီရေး အသင်းတသင်းမှ တာဝန်ရှိသူ တယောက်ကတော့ သူ့ရဲ့ အတွေ့အကြုံအရ ပြီးခဲ့တဲ့ နှစ်တွေနဲ့ နှိုင်းယှဉ်ပါက အခု ၂၀၂၅ ခုနှစ်အတွင်းမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ပိုပြီး အဖြစ်များလာတယ်လို့ ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ စိတ်ကျန်းမာရေး ဆရာဝန်ကြီး တယောက်က “လူတယောက်နဲ့ တယောက်မှာ နာကျင်မှုတွေ တူညီခဲ့ရင်တောင် ခံစားရတဲ့ ပမာဏ၊ တွေးခေါ်နိုင်စွမ်း၊ ဖြတ်သန်းလာတဲ့ ဘဝတလျှောက် ကြုံတွေ့လာခဲ့ရတဲ့ အရာတွေ မတူညီကြပါဘူး။ ဒီအတွက် တချို့ တချို့သော ပြဿနာတွေမှာ ကိုယ့်အတွက် အလွယ်တကူ စိတ်ထဲကနေ မေ့ပျောက်နိုင်ခဲ့ရင်တောင် တခြားသူတွေက ကိုယ့်လိုပဲ လုပ်နိုင်လို့မယ်လို့ တရားသေ တွက်လို့ မရဘူး” လို့ ပြောပါတယ်။
များသောအားဖြင့် သေကြောင်းကြံစည်ရတဲ့ အကြောင်းရင်းတွေဟာ ချစ်ရသူကို ဆုံးရှုံးလိုက်ရတာ (ဒါမှမဟုတ်) ခွဲခွာရတာ၊ မိမိ သားသမီး ဆုံးရှုံးသွားတာ (ဒါမှမဟုတ်) ကိုယ်ဝန်ပျက်ကျတာ၊ စီးပွားရေးနဲ့ ငွေရေးကြေးရေး ပြဿနာတွေ၊ လုပ်ငန်းခွင် အဆင်မပြေဖြစ်မှု၊ ရှုံးနိမ့်မှု၊ အရှက်ရခဲ့မှု တခုခုအပေါ် မကြာခဏဆိုသလို ယူကြုံးမရဖြစ်တ
ာ၊ ကျန်းမာရေးပြဿနာ ကြီးကြီးမားမား တခုရှိနေတာ၊ တရားဥပဒေဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေရတာ၊ အနိုင်ကျင့်ခံရတာ၊ စိတ်ဒဏ်ရာ ရတာတွေ ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် လိင် (ဒါမှမဟုတ်) ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားခံရတာ၊ ခွဲခြားဆက်ဆံခံရတာ၊ မိမိရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို မိသားစု (ဒါမှမဟုတ်) သူငယ်ချင်းတွေက အသိအမှတ် မပြုဘဲ ဝိုင်းဝန်း အပြစ်တင်ကြတဲ့အခါ စတဲ့ အကြောင်းပြချက်တွေကြောင့်လည်း သေကြောင်းကြံစည်ကြတာ များတယ်လို့ သိရပါတယ်။
“သေကြောင်း ကြံစည်ချင်သူ အများစုက သူတို့ စိတ်ထဲမှာ ခံစားနေရတာတွေကို တစုံတယောက်ကို ရင်ဖွင့်လိုစိတ် ရှိပါတယ်။ သူ့ဘက်က ပွင့်ပွင်းလင်းလင်း မပြောရင်တောင် သူတို့ရဲ့ မူမမှန်တဲ့ ပုံစံတွေ၊ တခုခု မျိုသိပ်ထားသလို ပုံစံတွေကို ကြည့်ရင်း သိနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါကြောင့် ကိုယ့်စိတ်ထဲမှာ ချစ်ခင်ရသူ တယောက်ယောက်ဟာ စိတ်ညစ်စရာ တခုခုကို ခံစားနေရတယ်လို့ ထင်မြင်မိပါက ပွင့်ပွင့်လင်းလင်း မေးမြန်းသင့်ပြီး သူတို့ဘက်နေ ကိုယ့်ကို ပြန်ပြီး ရင်ဖွင့်နိုင်ဖို့အတွက် အချိန်ပေးရမယ်လို့ ဆိုပါတယ်။
“သူ့ဘက်က ရင်ဖွင့် ပြောပြလာတဲ့အပေါ် သေချာအာရုံစိုက်ပြီး နားထောင်ပေးရမယ်။ ဒီနေရာမှာ ကိုယ့်တဖက်သတ် အမြင်နဲ့ ဝေဖန်ကဲ့ရဲ့တာမျိုး မလုပ်စေချင်ဘူး။ ကိုယ့်ဘက်က သူတို့ လိုအပ်နေချိန်တိုင်း ဘေးမှာ အမြဲရှိပေးနေမယ့်အကြောင်း၊ အမြဲ ဂရုစိုက်ပေးနေမယ့် အကြောင်းကို သူနားလည်အောင် ပြောပြပေးဖို့ပဲ လိုပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် စိတ်ကျဝေဒနာ အပါအဝင် စိတ်ဝေဒနာ ခံစားနေရခြင်းကို မိသားစုဝင်တွေ၊ မိတ်ဆွေတွေ သိရှိပါကလည်း အမြန်ဆုံး ကုသမှုခံယူနိုင်ဖို့ ကူညီပေးသင့်တယ်လို့ သူက ပြောပါတယ်။
လူတယောက်အနေနဲ့ သေကြောင်း ကြံစည်ချင်တဲ့ အတွေးတွေကို တိုက်ထုတ်နိုင်ဖို့အတွက် အရင်ဆုံး ဘာကိုမှ မတွေးဖို့လိုပြီး အတွေးလွန်နေပြီလို့ ခံစားမိတာနဲ့ ကိုယ့်စိတ်ကို ချက်ချင်း ပြန်ထိန်းချုပ်ဖို့ လိုတယ်လို့ သိရပါတယ်။
ဒါကြောင့် အဲဒီ အတွေးတွေ ရပ်သွားစေဖို့အတွက် ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ် အလုပ်တခုခု ချက်ချင်းထလုပ်ဖို့ လိုပြီး ကျောင်းစာ၊ အိမ်စာလုပ်တာ၊ စာအုပ်ဖတ်တာ၊ ကိုယ့်အခန်း၊ ကုတင်ကို သန့်ရှင်းရေးလုပ်တာ၊ အိမ်အလုပ်၊ ရုံးအလုပ် တခုခုလုပ်တာ၊ ဒါမှမဟုတ် တနေရာရာ လျှောက်သွားပြီး မုန့်စားတာမျိုး လုပ်ပေးစေချင်လို့ သူက ပြောပါတယ်။
“အဓိကကတော့ ဦးနှောက်ကို မလိုအပ်တဲ့နေရာမှာ လျှောက်သွားပြီး အလုပ်မလုပ်နိုင်အောင် ထိန်းချုပ်ဖို့ပါပဲ။ လောကကြီးက ကိုယ်မရှိရင် ပိုကောင်းသွားမှာပါလို့ တွေးနေပြီ ဆိုရင်တော့ ကိုယ့်မှာ ဘာအားသာချက်၊ ကောင်းတဲ့အချက် ဘာတွေရှိလည်း ပြန်စဉ်းစားပါ။ ကိုယ်ဘယ်သူတွေကို ကူညီပေးခဲ့လဲ၊ ကိုယ့်ကြောင့် ကိုယ်ချစ်တဲ့သူတွေ ပြုံးရွှင်၊ ပျော်ခဲ့ဖူးလား၊ ဒါမှမဟုတ် ကိုယ်ဟာ မိသားစုကို ထောက်ပံ့နေရတဲ့သူလား၊ ဒါမှမဟုတ် ကိုယ့်ရပ်တည်မှု ဘယ်လိုပဲ ဖြစ်နေပါစေ မိသားစုဝင်တွေက ကိုယ့်ကိုယ် တန်ဖိုးထား လိုအပ်နေလား၊ ကိုယ်သာမရှိတော့ရင် ကိုယ်ချစ်ရတဲ့၊ ကိုယ့်ကိုချစ်တဲ့ မိသားစုဝင်တွေ ဘယ်လောက်တောင် ပူဆွေး ဝမ်းနည်းရလိမ့်မလဲ ပြန်တွေးကြည့်ပါ” လို့ သူက ပြောပါတယ်။
ဒါပေမယ့် ဘာကိုမှ မတွေးနိုင်လောက်အောင် ပင်ပန်းနေတယ် ဆိုရင်တော့ အခန်းထဲဝင်ပြီး အိပ်စက် အနားယူတာမျိုး၊ မအိပ်ဘူးရင်လည်း မျက်လုံးကိုမှိတ်ပြီး အနားယူပေးမယ် ဆိုပါက အနည်းဆုံးတော့ စိတ်ဖိစီးမှုတွေ ခေတ္တခဏ ပြေလျော့သွားနိုင်တယ်လို့ ဆိုပါတယ်။
ဒါအပြင် အိမ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်မထားဘဲ အပြင်ကိုထွက်ကာ လူတွေနဲ့ ထိတွေ့ဆက်ဆံပြီး အကူအညီ လိုအပ်နေတဲ့ သူတွေကို တတ်နိုင်သလောက် အကူအညီ ပေးစေချင်တယ်လို့ သူက ပြောပါတယ်။
“ဒီနေရာမှာ ကိုယ်နဲ့ ရင်းနှီးခဲ့ဖူးတဲ့သူတွေကို ပြန်ပြီး အဆက်အသွယ် လုပ်ကြည့်ပေးဖို့လည်း လိုပါတယ်။ ကိုယ်ခံစားနေရတဲ့ ဒုက္ခကို တခြားသူတွေကို ရင်ဖွင့်ကြည့်စေချင်တယ်။ အကြံတောင်းဖို့ မဟုတ်ဘူးနော်။ အနည်းဆုံးတော့ ကိုယ့်ခံစားချက်တွေ ပြောပြလိုက်ရရင်တော့ ကိုယ်ခံစားနေရတဲ့ ဝေဒနာက အနည်းနဲ့အများ သက်သာသွားနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
နောက်ဆုံးအချက် အနေနဲ့ ဘာလုပ်ရမလဲဆိုတာကို လုံးဝ မသိတော့တဲ့အခါ၊ ပညာရှင် တယောက်ယောက်ရဲ့ အကူအညီ လိုအပ်နေတယ်လို့ ခံစားရရင်တော့ စိတ်ရောဂါ ကုထုံးပညာရှင် (Psychotherapist) နဲ့ တိုင်ပင် ဆွေးနွေးစေချင်တယ်လို့ သူက ပြောပါတယ်။
“များသောအားဖြင့်တော့ သေကြောင်းကြံစည်ဖို့ ကြိုးစားချင်တဲ့သူတွေ လိုအပ်တာ ဆေးမဟုတ်ပါဘူး။ အားပေးနှစ်သိမ့်မှုနဲ့ ကိုယ့်ရဲ့စိတ်ကို မှန်မှန်ကန်ကန် ထိန်းကျောင်းပေးနိုင်မှုပါပဲ။ ပညာရှင်က ကိုယ့်ရောဂါ အခြေအနေနဲ့ ကိုယ်ခံစားနေရတဲ့ ပြဿနာပေါ်မူတည်ပြီး သင့်လျော်တဲ့ စိတ်ကုထုံးတွေနဲ့ ကုသမှုခံယူဖို့ အကြံပေးပါလိမ့်မယ်” လို့ သူက ပြောပါတယ်။
ဓာတ်ပုံ – ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း
