မင်းတပ် လေကြောင်းတိုက်ခိုက်မှု လေးယောက်သေပြီး ၂၀ ကျော် ဒဏ်ရာရ

အောက်တိုဘာ ၉ – ၂၀၂၅
SN (VOM)
ချင်းပြည်နယ် (တောင်ပိုင်း)၊ မင်းတပ်မြို့နယ်မှာ မနေ့ အောက်တိုဘာ ၈ ရက်၊ ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လေးယောက် သေဆုံးကာ အယောက် ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
မင်းတပ်မြို့နယ်ရှိ ဝမ္မသူးကျေးရွာ နဲ့ ထင်ချောင်း ကျေးရွာတွေမှာ မနေ့ ညနေ ၆ နာရီ ၄၃ မိနစ်မှာ တကြိမ်၊ ၆ နာရီ ၄၆ မိနစ်မှာ တကြိမ် သုံးမိနစ်သာခြားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“ထင်ချောင်းရွာမှာ ဘုရားကျောင်းရှိတယ်။ အဲဒီမှာ လေကြောင်း တိုက်ခိုက်ခံရတော့ လေးယောက်က ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရက ၂၂ ယောက်လောက် ရှိမယ်။ တံတားဦးဘက်က တက်လာတဲ့ ဂျက်ဖိုက်တာ နှစ်စီးနဲ့ လေကြောင်း တိုက်ခိုက်ခံရတာပါ။ ဝမ္မသူးရွာဘက်ကတော့ လူထိခိုက်တာ မရှိဘူး” လို့ ကူညီပေးနေသူက ပြောပါတယ်။
ဒါအပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် ထင်ချောင်းကျေးရွာက ဘုရားရှိးခိုးကျောင်းနဲ့ ဝမ္မသူးကျေးရွာ စာသင်ကျောင်းတွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
လက်ရှိ လေကြောင်းတိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ နလအ တာဝန်ရှိသူတွေနဲ့ ဒေသတွင်း လက်နက်ကိုင် တပ်တွေဘက်က သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
မင်းတပ်မြို့ကို ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထိန်းချုပ်ထားတာဖြစ်ပေမယ့် မကြာခဏဆိုသလို လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားလျက် ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်နဲ့ အနောက်ရပ်ကွက်တို့မှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်၊ အဆောက်အအုံတွေလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း နေပြည်တော် ၊ အေလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနှစ်စီးနဲ့ မင်းတပ်မြို့ပေါ် နှစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် နေအိမ် ခုနစ်လုံးဝန်းကျင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နလအ က ချင်းပြည်နယ် (တောင်ပိုင်း) က မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ပလက်ဝမြို့တို့မှာ ရွေးကောက်ပွဲ ပြုလုပ်မှာမဟုတ်ဘူးလို့ ကြေငြာထားတာ ဖြစ်ပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW