ပေကျင်း၊ အောက်တိုဘာ-၉-၂၀၂၅
ရတီ(VOM)
တရုတ်နိုင်ငံဟာ မြေရှားသတ္တုနည်းပညာတွေနဲ့ ပစ္စည်း တင်ပို့ရေး ထိန်းချုပ်ကန့်သတ်မှုသစ်တွေကို ဒီကနေ့ အောက်တိုဘာ ၉ ရက်မှာ ထပ်မံကန့်သတ်လိုက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
မြေရှားသတ္တုဟာ ယခုလတ်တလော တရုတ်-အမေရိကန် ကုန်သွယ်ရေးညှိနှိုင်းမှုတွေမှာ အဓိက ကိစ္စအနေနဲ့ ပါဝင်နေပြီး ဝါရှင်တန်ဘက်ကတော့ ပေကျင်းဟာ တင်ပို့လိုင်စင် ခွင့်ပြုချက်တွေကို တမင်နှေးကွေးအောင်လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
မော်တော်ယာဉ်၊ အီလက်ထရွန်းနစ်နဲ့ ကာကွယ်ရေးလုပ်ငန်းတွေအတွက် အရေးပါတဲ့ သံလိုက်တွေ ထုတ်လုပ်ရာမှာ အဓိကအသုံးပြုတဲ့ မြေရှားသတ္တုကို တရုတ်နိုင်ငံက အဓိကထုတ်လုပ် တင်ပို့နေတာဖြစ်ပါတယ်။
ချက်ချင်းအာဏာသက်ရောက်မယ့် ထိန်းချုပ်ကန့်သတ်မှုသစ်တွေအရ တင်ပို့သူတွေအနေနဲ့ မြေရှားသတ္တု တူးဖော်ရေးနဲ့ အရည်ကြိုရေးအပါအဝင် အခြေသော ပြုပြင်ထုတ်လုပ်မှု အဆင့်ဆင့်အတွက် အသုံးပြုမယ် နည်းပညာတွေအတွက် ခွင့်ပြုချက်ရယူရမယ်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကန့်သတ်မှု အသစ်တွေမှာ ထုတ်လုပ်မှုလိုင်းတွေရဲ့ တပ်ဆင်ခြင်း၊ ထိန်းညှိခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနဲ့ အဆင့်မြှင့်တင်ခြင်းတွေမှာ အသုံးပြုတဲ့ နည်းပညာတွေကိုလည်း သက်ရောက်စေမှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
နိုင်ငံခြားအဖွဲ့အစည်းအချို့နဲ့ ပုဂ္ဂိုလ်အချို့ဟာ တရုတ်မှမူလထွက်ရှိပြီး ထိန်းချုပ်ထားတဲ့ မြေရှား ရှားပါးသတ္ထုတွေကို တိုက်ရိုက် သို့မဟုတ် ပြုပြင်ပြီးနောက် စစ်ရေးကဲ့သို့ အကဲဆတ်တဲ့ နယ်ပယ်တွေမှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ လွှဲပြောင်းရယူ အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
ဒါဟာ တရုတ်အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားအတွက် သိသိသာသာ ပျက်စီးဆုံးရှုံးမှု သို့မဟုတ် အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတွေအပြင် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုလည်း ထိခိုက်စေတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref:CNA
Photo:Getty Images
