အောက်တိုဘာ ၁၁ – ၂၀၂၅
SS (VOM)
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က နံ့သာကျွန်း ပင်လယ်ကမ်းဝေးမှာ နေဗီ ခုနစ်စီးခန့် ရောက်ရှိနေပြီး လက်နက်ကြီးနဲ့ ဆက်တိုက်ဆိုသလို ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီ လက်နက်ကြီးကျည် တချို့ဟာ မှော်ရုံ၊ ဆင်ခေါင်း၊ ပဒဲကော စတဲ့ ကျေးရွာတွေရဲ့ အနီးဝန်းကျင်အပြင် ငပလီကမ်းခြေ၊ မောင်ရွှေလေး ရေတပ်စခန်း ပတ်ဝန်းကျင်တို့မှာ ရံဖန်ရံခါ ကျရောက်မှု ရှိနေသလို လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“ဒီရက်ပိုင်းမှာ နလအတပ်တွေက သံတွဲမြို့ ရေပိုင်နက် ပင်လယ်ပြင်ထဲမှာ ရေတပ်အင်အား ဖြည့်တင်းနေတာရှိတယ်။ နေဗီ ခုနစ်စီးက ဒီ အောက်တိုဘာလ အစပိုင်းကတည်းက ရောက်နေတာ။ အရင်ကတော့ နှစ်စီးလောက်ပဲ ရှိတာ။ အခုက လက်နက်ကြီးနဲ့ ပစ်နေတာလည်း ရှိသလို လေယာဉ်ကလည်း နေ့တိုင်းနီးပါး ဝဲနေတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
မနေ့ အောက်တိုဘာ ၁၀ ရက်၊ မနက် ၉ နာရီကျော် ဝန်းကျင်ကလည်း သံတွဲကနေပြီး ၁၅ မိုင်လောက်ဝေးတဲ့ ချောင်းဖျာဘက်က ရွာရှည်ကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လယ်ကွင်းထဲ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် လူထိခိုက်မှု၊ နေအိမ်၊ အဆောက်အအုံ ပျက်စီးမှုတွေ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
နလအရဲ့ ရေတပ်နဲ့ လေတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက စပြီး ရေကြောင်းနဲ့ လေကြောင်းကနေ အခုလို ပြန်လည် တိုက်ခိုက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကမ်းနားအနီးတဝိုက်မှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ လက်ရှိမှာ ထပ်မံ တိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။
အခုလို တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သံတွဲ၊ ဂွ အစရှိတဲ့ ပင်လယ်ကမ်းခြေ ဒေသတွေက ပြည်သူတွေအနေနဲ့ စစ်ရေးသတိ ရှိကြဖို့ AA က အောက်တိုဘာ ၁၀ ရက်နေ့၊ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာထားပါတယ်။
အဲဒီ ထုတ်ပြန်ချက်ထဲမှာ နလအ တပ်တွေအနေနဲ့ AA ထိန်းချုပ်ထားတဲ့ နေရာတွေထဲက တချို့သော နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး ဆက်လက် ပြုလုပ်ဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်၊ ညနေ ၄ နာရီကျော် အချိန်ကလည်း ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာရဲ့ အနောက်ဘက် မီတာ တသောင်းခန့် အကွာအဝေးမှာရှိ တဲ့ ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးနဲ့ ၁၁ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ အောက်တိုဘာ ၉ ရက်နေ့မှာပဲ သံတွဲ (ငပလီ) ကမ်းခြေ မျက်နှာချင်းဆိုင်မှာ အထိုင်ချထားတဲ့ စစ်သင်္ဘောတွေပေါ်က လက်နက်ကြီးတွေနဲ့ သံတွဲမြို့ ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့ရုံသာမက သံတွဲနဲ့ ဂွမြို့ပေါ်မှာ Y8 ၊ Y12 လေယာဉ်တွေနဲ့ ၄ နာရီခန့်ကြာ မရပ်မနား ဆက်တိုက် ဝဲပျံနေခဲ့ကာ အောက်တိုဘာ ၁၀ ရက်နေ့ မနက်မှာတော့ သံတွဲမြို့ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ရေး လေ့လာ စောင့်ကြည့်သူတွေက ရခိုင်ပြည်နယ်ဟာ ပထဝီအနေအထား ဖွဲ့စည်းတည်ရှိပုံအရ ကမ်းရိုးတန်းမြို့တွေ ဖြစ်နေပြီး ရေကြောင်းကနေ မြို့တိုင်းကို ချဉ်းကပ်နိုင်တဲ့ အနေအထား ဖြစ်နေတယ်လို့ သုံးသပ် ပြောဆိုထားပါတယ်။
Photo – CJ
