လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၁၇)

ဆူးငှက်
ဒေါ်ဒေါ်လူထုဒေါ်အမာက မန္တလေးမြို့ပေါ်ရှိ သက်တော်ရှည် ဘာသာရေး အသင်းအဖွဲ့များအပေါ် တော်တော် သံယောဇဉ်ကြီးသည်။ အထူးသဖြင့် သက္ကရာဇ် ၁၂၅၈ခုနှစ်တွင် စတင်တည်ထောင်သော မလွန်ဈေးဆန်လှူအသင်းကြီးနှင့် သက္ကရာဇ် ၁၂၆၀ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ပရိယတ္တိသာသနာ့ဟိတအသင်းကြီးတို့အပေါ် ဒေါ်ဒေါ်က သံယောဇဉ်ကြီးလှသည်။
ဒေါ်ဒေါ့်အဘိုး ဦးဖြိုးအောင်က ပရိယတ္တိသာသနာ့ဟိတအသင်းကြီးထူထောင်သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ အသင်းကြီးများကလည်း အသင်းရေးရာကိစ္စများနှင့် ပတ်သက်လျှင် ဒေါ်ဒေါ့်ကို တိုင်ပင်သည်။ တကယ်တော့ ထိုအသင်းကြီးများတွင် စေတနာ့ဝန်ထမ်း ပါဝင်ဆောင်ရွက်နေကြသော အသင်းလူကြီးများမှာ ဒေါ်ဒေါ်ထက်ကြီးသူ ၊ ဒေါ်ဒေါ်နှင့် ရွယ်တူများပဲ ဖြစ်သည်။ သို့သော် လူထုဒေါ်အမာဟူသော ကိုယ်ကျင့်သိက္ခာနှင့် စိတ်ဓာတ်များကြောင့် ယခုကဲ့သို့ နေရာပေး၍ တလေးတစား ဆက်ဆံကြခြင်းမှာ ယုံမှားဖွယ် မရှိချေ။
ဒေါ်ဒေါ်သည် လူသားတစ်ဦးဖြစ်ပါ၏။ လူသားတစ်ဦးနှင့် လျော်ညီစွာ စိတ်ဆိုး၊ စိတ်ခု၊ စိတ်အခန့်မသင့်ခြင်းများ ရှိပါလိမ့်မည်။ သို့သော် ကျွနိတော် ဒေါ်ဒေါ်နှင့် သိရှိနာယူရသည့် နှစ်ကာလများတွင် ဒေါ်ဒေါ့်မှာ သိသိသာသာ စိတ်ဆိုး၊စိတ်ခု၊စိတ်အခန့်မသင့်ဖြစ်မှုများ မမြင်ခဲ့ရဖူးပါ။ လောကဓံ၏ ဆိုးရွားသော ရိုက်ပုတ်မှုများကြောင့် စိတ်နွမ်းကိုယ်ကျေ အဆင်မပြေခြင်း အမူအရာပဲ မသိမသာတွေ့ရပါ၏။ မိခင်တစ်ယောက်၏ သောကတည်းဟူသော ဧရာမ အပူမီးကိုပင် အပြုံးဖြင့် အနိုင်ယူနိုင်ခဲ့သူ ဖြစ်သည်။
၁၉၉၀ ကျော် ဝန်းကျင်ကာလ ဖြစ်ပါလိမ့်မည်။
ကျွန်တော်နှင့် ဒီဇိုင်းစိုးဝင်းငြိမ်းတို့ မန္တလေးမြို့က ထုတ်ဝေသော ရွှေဝတ်ရည်မဂ္ဂဇင်းတွင် မထင်မှတ်ဘဲ ဝင်ရောက်ကာ တာဝန်ထမ်းဖြစ်ခဲ့သည်။ ဆရာမောင်သစ်လွင်(လူထု)၏ ကြီးကြပ်ကွပ်ကဲမှုအောက်မှာဖြစ်၏။ ရွှေဝတ်ရည်က သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်ဆိုသလို ထုံ့ပိုင်းထုံ့ပိုင်းနှင့် ထွက် နေသည်။ အမှတ်စဉ် ၁၊ ၂၊ ၃၊ ၄ …။

အမှတ် ၅ မထွက်မီ ရွှေဝတ်ရည်သို့ ကျွန်တော်တို့နှစ်ဦးသား ရောက်သွားကြသည်။ ပြင်ဆင်လက်စ ဒီဇိုင်းအချို့လည်း ရှိပါ၏။ ကျွန်တော်က အမှုဆောင်အယ်ဒီတာအဖြစ် နဖူးတွေ့ဒူးတွေ့….၊ ဒီဇိုင်းစိုးဝင်းငြိမ်းကလည်း မဂ်္ဂဇင်း ဒီဇိုင်းကိုင်သူအဖြစ် နဖူးတွေ့ဒူးတွေ့ …။ ဒီလိုနှင့်ရွှေဝတ်ရည်အမှတ် (၅)မဂ်္ဂဇင်းစာအုပ်ထွက်လာပြီ။ ကျွန်တော်တို့မှာ ပုံနှိပ်မင်နံ့၊ ကော်နံ့ပင် မပျောက်သေးသော မဂ္ဂဇင်းအသစ်လေးကို ဖင်ပြန်ခေါင်းပြန် လှည့်ပတ်ကြည့်ရင်း ရင်ထဲတလှပ်လှပ်နှင့် ဝမ်းသာပီတိဖြစ်နေမိ၏။

ဆရာမောင်သစ်လွင်(လူထု)ကလည်း မဂ္ဂဇင်းစာအုပ်အသစ်လေးကို တစ်မျက်နှာချင်း သေချာကြည့်ကာ ခေါင်းတညိတ်ညိတ်နှင့် ကျေနပ်နေပုံဖြစ်သည်။ အားလုံးတစ်မျက်နှာမကျန် အပြန်အလှန် ကြည့်ပြီး ဆရာက ကျွန်တော်တို့နှစ်ယောက်စလုံးကို သူ့အနားသို့ခေါ်သည်။
ထို့နောက် …““အေး … အေး … မင်းတို့လုပ်တာကိုင်တာ သပ်ရပ်သားပဲကွဲ့။ မဂ္ဂဇင်းလေးက လှလည်းလှတယ်။ သရုပ်ဖော်ပုံလေးတွေလည်း ကောင်းတယ်။ အေး … ပြောစရာလေး နှစ်ခုတော့ရှိတာပေါ့ကွယ် …။ ဒီလိုကွဲ့ … ဟောဒီစာမျက်နှာမှာ ဆရာဒဂုန်တာရာ ဆောင်းပါးနဲ့ ဖွင့်လိုက်တာနော် …။ အဖွင့်က ဘယ်ညာခွဖောင် ..။ အပြင်အဆင်လေး​​ရော ခေါင်းစီးစာလုံးရော ကောင်းတယ်။ ဆရာဒဂုန်တာရာ ဆောင်းပါးက ခွဖောင်မှာ လေးကော်လံနော်။ ဟော … နောက်တစ်မျက်နှာကူးတော့ … ငါးကော်လံ။ အဲဒီစာမျက်နှာမှာ ချုပ်သားဖက်က တစ်ကော်လံကျန်နေတော့ အဲဒီတစ်ကော်လံမှာပဲ ဒေါ်ဒေါ်လူထုဒေါ်အမာရဲ့ဆောင်းပါးကို စဖွင့်လိုက်ရော….။ပြီးတော့ ညာဖက်မျက်နှာမှာ နှစ်ကော်လံ …။ဟုတ်လား.. အေးအေး .. အဲဒီလိုမျိုး ဆရာကြီး ဆရာမကြီးတွေရဲ့စာမူတွေမှာ မလုပ်ရဘူးကွဲ့။ မလုပ်ကောင်းဘူးကွဲ့ ..။ဘယ်တော့မှ စာမူတစ်ပုဒ်နဲ့တစ်ပုဒ်ကို မနင်းရဘူး။ သီးခြားလွတ်လွတ်ကင်းကင်း ဖြစ်နေရမယ်။ အဲဒီအမှားအတွက် မင်းတို့နှစ်ယောက် ဒေါ်ဒေါ့်ဆီသွားပြီး အဲဒီအကြောင်းပြောပြ ..တောင်းပန်ရမယ်။ ဒေါ်ဒေါ့်ကို … .. တို့က လွှတ်လိုက်တာလို့ ပြောပြ ဟုတ်လား””ဟု ဆရာက ဆက်ပြောမှ ကျွန်တော်တို့လည်း ခေါင်းနားပန်းကြီးကာ ချွေးတွေပျံသွားတော့သည်။ မူလက ဖြစ်ပေါ်နေသော ပီတိစိတ်လည်း ဗုန်းဗုန်းလဲသွားတော့၏။ ကျွန်တော်နှင့် ကိုစိုးဝင်းငြိမ်းတို့နှစ်ယောက်သား စက်ဘီးလေးတွေ ကိုယ်စီနှင့် လူထုထိုက်သို့ ထွက်ခဲ့ကြသည်။ ဒေါ်ဒေါ်နှင့်တွေ့ရမှာ ရင် တထိတ်ထိတ်။
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW