နလအစစ်ကြောင်း ကျောက်ဖြူမြို့ပေါ်နဲ့ ၁၂ မိုင်အကွာကို ရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

အောက်တိုဘာ ၁၈ – ၂၀၂၅
SS (VOM)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို နလအတပ်က ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်နေပြီး လက်ရှိမှာ စစ်ကြောင်းဟာ အဲဒီမြို့ပေါ်နဲ့ ၁၂ မိုင်အကွာကို ရောက်ရှိနေပြီဖြစ်ကာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ နှစ်ပတ်ခန့်ကြာ တိုက်ပွဲ ရပ်နေခဲ့ရာမှ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်ကာ နလအတပ်က နောက်တကြိမ် ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေတာလို့ သိရပါတယ်။’
“လက်ရှိ စစ်ကြောင်းက ကျောက်ဖြူမြို့ပေါ်နဲ့ ၁၂ မိုင်လောက်ပဲဝေးတဲ့ ကုလားဘာကျေးရွာ တောင်ဘက်ပိုင်းအထိ ရောက်နေပြီလို့ သိရတယ်။ AA ဘက်ကတော့ တန်ပြန် ထိုးစစ်ဆင်တာ မရှိသေးဘူး။ နောက်ဆုတ်ပေးနေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ တိုက်ပွဲ နှစ်ပတ်လောက် ငြိမ်နေတုန်းကတော့ လက်နက်ကြီး ပစ်တာတို့၊ နေဗီကနေ ပစ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ရှိတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
နလအတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဆုတ်ခွာသွားခဲ့ရာက အင်အား ဖြည့်တင်းပြီး အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ ဓညဝတီရေတပ် ဌာနချုပ်ဘက်ကနေ ပြန်လည် ထိုးစစ်ဆင်လာခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
“နလအဘက်က ရေကြောင်းကနေ အဆက်မပြတ် အင်အားဖြည့်နေတယ်။ မြေပြင်ကနေ အပြင်းအထန် ထိုးစစ်ဆင်နေသလို လေယာဉ်တွေလည်း ဆက်တိုက် ကင်းထောက် ပျံဝဲနေတာ တွေ့ရတယ်။ ဒီတိုက်ပွဲမှာ နှစ်ဖက်စလုံး တော်တော် အထိနာနေတယ်လို့ ပြောလို့ရတယ်။ အကျအဆုံး များတယ်” လို့ သူက ပြောပါတယ်။
ကျောက်ဖြူမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစလို့ နလအတပ်နဲ့ AA တို့ ဓညဝတီ ရေတပ်ဌာနချုပ်မှ စတင်ကာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဲဒီနောက် အမှတ် (၃၂) ရဲတပ်ရင်းမှာလည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ‌ တိုက်ပွဲ နေရာတွေဟာ ဂေါ်တူတောင်တန်း ပတ်ဝန်းကျင်နဲ့ သစ်ပုတ်တောင်တိုက်နယ် ကုလားဘာကျေးရွာ ပတ်ဝန်းကျင်အထိ ကျယ်ပြန့် ရောက်ရှိလာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ကုလားဘာရွာ ချောင်းဝကျေးရွာ၊ ရိုးမ တောင်ကြော တဖက်ကမ်းက ဝါးတောကျေးရွာအပြင် ကျေးရွာအများအပြား စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW