သီပေါ – မန္တလေး ကားလမ်းမကြီး ကနေ ကားလေးတွေ စတင် သွားလာလို့ရ

အောက်တိုဘာ ၁၈၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ – မန္တလေး ကားလမ်းမကြီး ကနေ ဒီနေ့ အောက်တိုဘာလ ၁၈ ရက်ကစ ကားလေးတွေ စတင် သွားလာလို့ရပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“သီပေါ ကနေ မန္တလေး ပြည်ထောင်စု လမ်းမအတိုင်း သွားလို့ ရပြီ။ ကျင်သီတံတားလည်း ကား ဖြတ်လို့ ရပြီ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လက်ရှိ ကားခက သီပေါ – မန္တလေး တယောက်ကို ၈၀၀၀၀ ကျပ် နှုန်း ရှိတယ်လို့ သိရပြီး ကျောက်မဲ – မန္တလေးကတော့ ၆၀၀၀၀ ကျပ် ရှိတယ်လို့ ကြားသိရကြောင်း သူကပြောပါတယ်။
“ကားသေးတွေပါပဲ။ တံတားတွေက ခံနိုင်ရည် မရှိလောက်ဘူး။ အဓိက ဖြတ်ရတာ ကျင်သီတံတား၊ ဂုတ်တွင်းတံတားတွေ။” လို့ ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။
ဘေလီတံတားက ခံနိုင်ဝန် ကန့်သတ်မှုရှိတာကြောင့် ကုန်ကားတွေ ဖြတ်သန်းလို့ မရလောက်ဘူးလို့ သူက ပြောပါတယ်။
ကျင်သီတံတားရဲ့ ချဉ်းကပ် နေရာ တချို့ မြေဖို့နေတာတွေ့ရတာကြောင့် နောက် နှစ်ရက်လောက် စောင့်ပြီး သွားလာရင် ပိုအဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။
မန္တလေး ကနေ လားရှိုးကို အောက်တိုဘာလ ၁၈ ရက်နေ့က ပြည်ထောင်စု လမ်းမကြီးအတိုင်း အဆင်ပြေစွာဖြတ်သန်းခဲ့ကြောင်း ယာဉ်မောင်း တယောက်ကလည်း ပြောပါတယ်။
ပြည်ထောင်စု ကားလမ်းမကြီး ပွင့်သွားလို့ ခရီးသွား ပြည်သူတွေရော ယာဉ်မောင်းသူတွေပါ ကားသက်သာ၊ လူသက်သာ သွားလာနိုင်တော့မှာဖြစ်သလို ကားခတွေလည်း ထက်ဝက်ခန့် ဈေးကျနိုင်တယ်လို့ သူက ပြောပါတယ်။
ပြည်ထောင်စု လမ်းမကနေ သွားလာလို့ မရရင်တော့ ဒေသခံတွေ အနေနဲ့ ၅ နာရီလောက်သာ သွားရတဲ့ ခရီးကို ၂၄ နာရီလောက်ကြာ ပတ်ပြီး သွားနေရတာကြောင့် အခက်ကြုံကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW