ဆူးငှက်
ထိုစဉ်ထိုကာလ မဂ္ဂဇင်းတွေမှာ ဒေါ်ဒေါ်နှင့်လည်း ရင်းနှီးသော ကျွန်တော်တို့ကလည်း လေးစားတန်ဖိုးထားသော စာရေးဆရာကြီးတစ်ဦး၏ အတွေ့အကြုံနှင့် သူ့ဆွေစဉ်မျိုးဆက် မှတ်တမ်းမှတ်ရာဆိုင်ရာ ဆောင်းပါးတွေ ဆက်တိုက်ပါရှိသည်။ အကြောင်းအရာအားလုံးကောင်းသည်။ အရေးအသား အတင်အပြ ရဲရင့်သည်။ ကျွန်တော်တို ကြိုက်နှစ်သက်သည်။ သို့သော် တစ်ခါတစ်ရံ အရေးအသားတွေက တစ်မျိုး တစ်မည်ဖြစ် နေ၏။ အနီရောင်ဆိုင်းဘုတ်ကြီးတွေမှာ..၊ မနက် မိုးလင်းမိုးချုပ် နားမဆံ့ အော်ဂလီဆန်အောင် ရေဒီယိုတွေ၊ ဗွီစီဒီခွေတွေမှာ တွေ့ရ ကြားရသော အယူအဆမျိုး လေသံတွေမျိုးကို ကျွန်တော်တို့ လေးစားသော ပုဂ္ဂိုလ်ကြီး၏ ဆောင်းပါးတွေမှာ အမြဲလိုလို ပါလာတတ်၏။ ထိုအကြောင်းအရာကို ဒေါ်ဒေါ်က ““ဘယ်လောက်အဖိုးတန်တဲ့ နတ်သုဒ္ဓါဖြစ်ပါစေကွယ် အဲဒီထဲမှာ မစင်တစ်စက် ပါလိုက်တာနဲ့ ပစ်လိုက်ရတာပါပဲ””ဟု တစ်ချက်တည်း သုံးသပ်ပြသွားသည်။ ဒေါ်ဒေါ်က ဆက်၍““စာဖတ်ပရိသတ်က သိပ်အကင်းပါတယ်နော်. . . ၊ ဘယ်ဟာ နတ်သုဒ္ဓါ ဘယ်ဟာမစင်ဆိုတာ ချက်ခနဲသိကြတယ်။ သတိထားကြကွဲ့””ဟုဆိုတော့ ကျွန်တော်တို့ တုန်လှုပ်သွားသည်။ စာတစ်ပုဒ်သာမက စာတစ်ကြောင်းကပင်လျှင်၊ စာလုံးတစ်လုံးကပင်လျှင် အရေးကြီး တာဝန်ကြီးလှပုံကို သတိပြုမိတော့သည်။
မှတ်မိပါသေးသည်။ တစ်ညနေခင်းပေါ့၊ ကျွန်တော်တို့ ထိုင်နေသောနေရာသို့ သတင်းစာတစ်စောင်ကို ကိုင်ရင်း ဒေါ်ဒေါ်လာသည်။ ထို့နောက် နိုင်ငံခြားသတင်းတစ်ပုဒ်ကို ပြသည်။ ““စင်္ကာပူနိုင်ငံတွင် သက်ကျားအိုများ အရေအတွက်တိုးပွားလာ””ဟူသော ခေါင်းစီးတတ်ထားသည့် သတင်းဖြစ်သည်။ ““တို့မြန်မာမှာ စကားလုံးအသုံးအနှုန်းတွေ သူ့နေရာနဲ့သူ အံဝင်ဂွင်ကျ အများကြီးရှိတယ်ကွဲ့။ “သက်ကျားအို”ဆိုတဲ့ အသုံးအနှုန်းက မသုံးသင့်ဘူး။ နှိမ့်ချ ခေါ်ဝေါ်တာမျိုးဖြစ်နေတယ်။ “သက်ကြီးရွယ်အို” “သက်ကြီးဝါကြီး”လို့ပဲ သုံးနှုန်းသင့်တယ်။ သတင်းစာလိုမျီုးက ပိုပြီးမသုံးသင့်ဘူး””ဟု ဒေါ်ဒေါ်က ပြောပြ သည်။ ကျွန်တော်ထိုမျှလောက် သတိပြုရကောင်းမှန်းမသိ။ ဒေါ်ဒေါ်က ယောကျ်ားလေးနှင့် မိန်းကလေး၊ ညီမဟု သုံးနှုန်းပြောဆိုမှုကို မှားယွင်းကြောင်း မကြာခဏထောက်ပြသည်။ မောင်နှင့်နှမဖြစ်သည်။မောင်နှင့်ညီမမဟုတ်။ မိန်းကလေးချင်းသာ ညီမဟု သုံးနှုန်းရကြောင်း မကြာခဏပြောဆိုရေးသား သည်။ ““တို့မြန်မာစကားမှာ ဆွေမျိုးစပ်ရာကအစ အဖေ့ဘက်၊ အမေ့ဘက်ကအထိ ခွဲခြားသိသာတဲ့ အသုံးအနှုန်းတွေ အပြည့်အစုံရှိတယ်”ဟု ဆိုသည်။ ပြီး တော့ ဒေါ်ဒေါ်က ပံ့ပိုးဟူသော ပြေဆိုရေးသားမှုမျိုး လုံးဝမကြိုက်။ ပံ့ပိုးအသုံးအနှုန်းက မကောင်းသည့်ဘက် အသုံးအနှုန်းသာဖြစ်ကြောင်း ဒေါ်ဒေါ်က ပြောသည်။ ““ကူညီ”” ““ဝိုင်းဝန်း”” ““ဖေးမ”” ““ပူးပေါင်း”” ““တွဲဖက်”” ““ပါဝင်”” ““ဝန်းရံ”” ““လက်တွဲ””စသည်ဖြင့် စကားလုံးတွေ အများကြီးရှိသည်။ ဤသို့ရှိပါလျက် မကောင်းသည့်ကိစ်္စနှင့်သာ သုံးစွဲသည့် စကားလုံးကိုမှ မြိန်ရေယှက်ရေ ပြောဆိုရေးသားတာမျိုး ဒေါ်ဒေါ်က မကြိုက်။ ဆန့်ကျင်သည်။
အခုတော့…
– မိဘကလည်း သားသမီးတွေကို ပေးကမ်းတာမဟုတ်ဘဲ “ပံ့ပိုး”
– ဆရာကလည်း တပည့်ကို ချီးမြှင့်တာမဟုတ်ဘဲ “ပံ့ပိုး”
– လူမှုကူညီရေးအသင်းကလည်း ရေဘေးဒုက္ခသည်ကို ကူညီတာမဟုတ်ဘဲ “ပံ့ပိုး”
– အရာရှိကလည်း အဆင်မပြေတဲ့ဝန်ထမ်းကိုထောက်ပံ့တာမဟုတ်ဘဲ “ပံ့ပိုး”
– ဆရာတော်ဘုရားကလည်း ဒကာ၊ ဒကာမကို စွန့်ကြဲတာမဟုတ်ဘဲ “ပံ့ပိုး”
– အလှူ့ရှင်ကလည်း အလှူခံပုဂ္ဂိုလ်ကို “ဆက်ကပ်”တာမဟုတ်ဘဲ “ပံ့ပိုး”
– ကြက်ခြေနီအသင်းကလည်း ဆေးပေးခန်းအတွက် “လှူဒါန်း”တာမဟုတ်ဘဲ “ပံ့ပိုး”
– အသင်းသားအချင်းချင်းရလာတဲ့ဆုငွေကို “မျှဝေ”တာမဟုတ်ဘဲ “ပံ့ပိုး”
– ကောင်လေးကလည်း သူ့ရည်းစားကောင်မလေးကို “ရက်ရော”တာမဟုတ်ဘဲ “ပံ့ပိုး”
– နိုင်ငံတော်သမ္မတကြီးကလည်း အမျိုးသမီးရေးရာအဖွဲ့တွေကို “ချီးမြှင့်”တာမဟုတ်ဘဲ “ပံ့ပိုး”
– နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံကို “ကူညီ”တာမဟုတ်ဘဲ “ပံ့ပိုး”
တီဗွီကြည့်တော့လည်း တပံ့ပိုးတည်း ပံ့ပိုး၊ သတင်းစာတွေဖတ်တော့လည်း တပံ့ပိုးတည်း ပံ့ပိုး၊ အခမ်းအနား တွေ အစည်းအဝေးတွေမှာလည်း တပံ့ပိုးတည်း ပံ့ပိုး…။ အမလေး…။ ရှိသေး…။ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲမှာတောင် ကမယ့်မင်းသမီးအတွက် “ပံ့ပိုး ဆိုင်းအဖွဲ့”တဲ့…။
တစ်ခါတစ်ရံ ကျွန်တော်တို့က ““မဟာမြတ်မုနိ””ဟုပြောဆိုရေးသားလျှင် ဒေါ်ဒေါ်က ချက်ချင်းပြင်ပေးသည်။ ““မဟာမုနိဆိုမှ ဘွဲ့တော်က အမှန်ဖြစ် တာကွဲ့။ မန္တလေးသားဖြစ်ပြီး ဒါမျိုးက မမှားသင့်ဘူး””ဟု ဆုံးမသည်။
မှတ်မှတ်ရရ ရှိသေးသည်။ ကျွန်တော့် ဝတ္ထုတိုလေးတွေကို စုစည်းပြီး “ဇာတ်လမ်း” ဝတ္ထုတိုစု ဟူ၍ စာအုပ်လေးတစ်အုပ်ကို ၂၀၀၁ခုနှစ်က ထုတ်ဖြစ်သည်။ ထူးခြားတာက ထိုစာအုပ်ကို လူထုမှာပဲ အစအဆုံး ကွန်ပြူတာစာစီ၊ ဒီဇိုင်းဆင်၊ ရိုက်နှိပ်ထုတ်ဝေခြင်း ဖြစ်သည်။ စာအုပ်လေးပြီးပြီးချင်း ဦးဦးဖျားဖျားအနေနှင့် တိုက်အပေါ်ထပ် ဒေါ်ဒေါ့်ဆီတက်ပြီး စာအုပ်လေးနှင့် ကန်တော့သည်။ ဒေါ်ဒေါ်က ဝမ်းသာအားရစွာဖြင့် “ အေး..၊ မင်းစာအုပ်လေးလား၊ ဒို့တိုက်မှာ ရိုက်တာလား၊ ဝမ်းသာတယ်ကွယ့်၊ ဖတ်ကြည့်မယ်၊ ဖတ်မယ်၊ ချက်ချင်းဖတ်မယ်” ဟု ဆိုကာ စာအုပ်လေးယူထားသည်။ ကျွန်တော်လည်း ဝမ်းသာစွာဖြင့် အောက်ဆင်းခဲ့သည်။ မကြာပါ။ နောက် နာရီဝက်လောက်နေတော့ ဒေါ်ဒေါ့်မြေးမလေး ရွှေပြည်စိုးက “ ဦးဆူးငှက် ၊ အဖွားက အပေါ်လာခဲ့ပါဦးတဲ့” ဟု လာပြောသည်။ ကျွန်တော်က ဒေါ်ဒေါ်ဘာများ ခိုင်းစရာရှိပါလိမ့်၊ အခါတိုင်းလို ဒေါ်ဒေါ်ရေးနေကျ ပတ်ကားဘောလ်ပင် က မင်ချောင်းကုန်နေလို့ ဝယ်ခိုင်းတာနေမှာဟု အောက်မေ့ကာ မပေါ်တက်သည်။
အပေါ်ထပ် ဧည့်ခန်းမှာ ဒေါ်ဒေါ်က ကျွန်တော့်စာအုပ်လေးကို ဖတ်ရင်း လာကွယ့် ဒီမှာထိုင်ဦးဟုဆိုကာ သူ့ရှေ့က သားရေကြက်ထားသော ဝါးထိုင်ခုံပုလေးကို ညွှန်၏။ ထို့နောက် စာအုပ်လေးကိုပြရင်း “ ဒီစာအုပ်လေးက ဒို့ဆီမှာ အစအဆုံးရိုက်တာနော်၊ အဲ့ဒါ ကွန်ပြူတာ ပရု(ပ်)တုန်းက ဒို့ကို ဘာလို့ မပြတာလဲ” ဟုမေးသည်။ ကျွန်တော် ထိပ်ခနဲဖြစ်သွားသည်။ ဘာတွေများ အဆင်မပြေဖြစ်သွားပါလိမ့်။ “ ဒေါ်ဒေါ့်ကို အားနာလို့ ပါ” ဟုပဲ မယုတ်မလွန်ဖြေမိသည်။ “ ဒို့ အားနေတာပဲကွယ်၊ အချိန်တွေပိုနေတာပဲ၊ ဘာအားနာစရာရှိလို့လဲ၊ ဒို့ကို ဖတ်ခိုင်းပေါ့။ အဲဒါဆို ဒို့က ပြင်ပေးလို့ရတာပေါ့။ အခု မင့်ဝတ္ထုတစ်ပုဒ်စဖတ်တာ စစ်ကိုင်းဖက်က သရက်ပင်ဆိပ်ကို သရက်တစ်ပင်ဆိပ်လို့ မှားရေးထားတာ လေးနေရာလောက်တွေ့တယ်ကွယ့်။ စစ်ကိုင်းဘက်ကဟာက သရက်ပင်ဆိပ်ခေါ်တယ်။ သရက်တစ်ပင်ဆိုတာက ဒို့ ညောင်ကွဲဘက်က ကျွန်းထဲက ရွာနာမည်လေ၊ ရေးတာကမင်း၊ ရိုက်တာကဒို့ဆိုတော့ အဲဒီလို နာမည်ကို မမှားရင် ပိုကောင်းတာပေါ့၊ အေး..အေး၊ ဒို့ကို အဖွားကြီးဆိုပြီး မခိုင်းဘဲ မနေကြပါနဲ့ကွယ်။ ခိုင်းကြပါ။ အလုပ်လုပ်နိုင်ပါသေးတယ်” ဟု ရယ်ရယ်မောမောပြောသည်။ ဒေါ်ဒေါ်က အဲ့ဒီလို..။
၁၉၉၀ ကျော်ဝန်းကျင်ကာလများတွင် မန္တလေးက ဝတ္ထုတိုသမားတွေ မိုးဦးကျမှိုတစ်ကျင်းက မှိုတွေပွင့်လာသလို ဟောတစ်ပွင့်၊ ဟောတစ်ပွင့်နှင့် အပြိုင်းအရိုင်းပွင့်လာ၏။ ဝတ္ထုတိုတွေကလည်း ထက်ထက်မြက်မြက် စူးစူးရှရှ၊ သည်တော့ ရန်ကုန်မဂ္ဂဇင်းအယ်ဒီတာများက မန္တလေးကို မျက်စိကျလာကြသည်။ မန္တလေးဝတ္ထုတိုဆရာတွေကို ဟောတစ်ယောက် ဟောတစ်ယောက်နှင့် အင်တာဗျူးတွေ အပြိုင်အဆိုင် ပြုလုပ်ကြ၏။ ရန်ကုန်အယ်ဒီတာများကိုယ်တိုင် မန္တလေးတက်လာကြသည်။ ဆရာတွေ အင်တာဗျူးအတွက် ကျွန်တော်က ဓာတ်ပုံတွေရိုက်ပေးရတယ်။ ဝတ္ထုတိုဆရာတစ်ယောက်၏ အင်တာဗျူး အတွက် ဓာတ်ပုံတွေကို ကျုံးနဘေးလမ်းလျှောက်လျက်လည်း ရိုက်ကြသည်။ ဖြစ်ချင်တော့ ဓာတ်ပုံတိုင်းတွင် ဝတ္ထုတိုဆရာ၏ လက်ကြား၌ စီးကရက်ပါနေ ခြင်းပဲဖြစ်ပါတယ်။ သတိမထားမိကြ။ မဂ္ဂဇင်းမှာ ထိုဓာတ်ပုံတွေပါသွားတော့ ဒေါ်ဒေါ်က ကျွန်တော်တို့ကို ခေါ်၍ ပြောဆိုသည်။
““မင်းတို့ စာရေးဆရာတွေက ရှေ့ဆောင်လမ်းပြ စံပြတွေဖြစ်ရမှာကွဲ့””အခုလို စီးကရက်လက်ကြားညှပ်ပြီး စတိုင်ထုတ်တာကို မင်းတို့လူငယ် ပရိသတ်တွေ အတုခိုးသွားကြရင် ရင်ကျိုးကြချေရဲ့ကွယ် . . .””တဲ့။ ဒီလောက်ပဲ ပြောလိုက်သည်။ ကျွန်တော်တို့မှာ အသည်းထဲစွဲသွားအောင် သင်ခန်းစာ ရလိုက်ကြသည်။
-ဝ- -ဝ- -ဝ-
(ဆက်ရန်)
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက်
