ဝါရှင်တန်၊ အောက်တိုဘာ-၂၂-၂၀၂၅
မျိုးဆက်(VOM)
ထိုင်း-မြန်မာ နယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း( ကျားဖြန့်) တွေအသုံးပြုနေတဲ့ ဂြိုဟ်တု အင်တာနက် Starlink စက်ပေါင်း ၂၅၀၀ ကျော်ကို ဝန်ဆောင်မှုဖြတ်တောက်လိုက်ကြောင်း Starlink ကုမ္ပဏီဒုဥက္ကဋ္ဌက ဒီကနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာ ကျားဖြန့်အဖွဲ့တွေ အခြေစိုက်ပြီး လိမ်လည်မှုတွေ ပြုလုပ်မှုဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပိုမိုဆိုးရွားလာပါတယ်။ ဖေဖော်ဝါရီလက စတင်ပြီး ထိုင်း၊ မြန်မာနဲ့ တရုတ်တို့ ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် ဖြိုခွင်းမှုမှာ အလုပ်သမား ၇၀၀၀ ကျော်ကို ကျားဖြန့်စင်တာတွေကနေ နေရပ်ပြန်ပို့ခဲ့ပြီး ထိုင်းကလည်း နယ်စပ်ဖြတ်ကျော် အင်တာနက်ကို ဖြတ်တောက်ခဲ့ပါတယ်။
ဒါပေမယ့် ယခုလအတွင်း AFP က စုံစမ်းစစ်ဆေးမှုအရ မြ၀တီရှိ KK Park မှာ အဆောက်အအုံတွေ တည်ဆောက်မှုနဲ့ Starlink အသုံးပြုမှုတွေနဲ့အတူ ကျားဖြန့်လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတာကိုသတင်းဖော်ပြခဲ့ပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံက နယ်စပ်ဖြတ်ကျော် အင်တာနက်န ဓာတ်အားချိတ်ဆက်မှုတွေကို ဖြတ်တောက်ပြီးနောက် စင်တာအများအပြားမှာ Starlink အင်တာနက် စလောင်း အများအပြားကို အဆောက်အအုံတွေရဲ့ ခေါင်မိုးတွေမှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
SpaceX ရဲ့ Starlink ဒုတိယဥက္ကဌဖြစ်သူ Lauren Dreyer က ကုမ္ပဏီအနေနဲ့ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံမှာ သံသယရှိတဲ့ ကျားဖြန့်စင်တာ အနီးတစ်ဝိုက်မှာ Starlink စင် ၂၅၀၀ ကျော်ကို ပိတ်ထားကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့်စင်တာတွေထဲက တခုဖြစ်တဲ့ KK Park ကို ဝင်ရောက်စီးနင်းပြီး Starlink ဂြိုလ်တု ၃၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာအာဏာပိုင်တွေက ယခုသီတင်းပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Ref:AFP
Photo:AFP
