မကွေးမှာ ထောက်ပို့တပ် ဆီဘောက်ဆာကားနဲ့ လိုက်ထရပ် တိုက်မိပြီး ဒုတပ်ကြပ် အပါဝင် ငါးယောက်သေဆုံးကာ လေးယောက်ဒဏ်ရာရ

အောက်တိုဘာ ၂၂ ၊ ၂၀၂၅
CC (VOM)
မကွေးမြို့ နတ်မောက်လမ်း ကံလှကျေးရွာအနီးမှာ ဒီကနေ့ အောက်တိုဘာ ၂၂ ရက် ၊နေ့လယ် ၁ နာရီ ၄၅ မိနစ်က ဆီဘောက်ဆာကားနဲ့ Light Truck ကားမျက်နှာချင်းဆိုင်တိုက်မိပြီး ဒုတပ်ကြပ်အပါအဝင် ငါးယောက်သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဆီဘောက်ဆာကားက မိတ္ထီလာထောက်ပို့တပ်မှ ကားဖြစ်ပြီး ယာဥ်တိုက်မှုကြောင့် ကားပေါ်ရှိ ယာဥ်မောင်း ဒုတပ်ကြပ်နဲ့ မိတ္ထီလာ ချည်မျှင်နဲ့ အထည်စက်ရုံမှ ယာဥ်နောက်လိုက်အမျိုးသား တို့သေဆုံးခဲ့ပြီး အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
နောက်ထပ် သေဆုံးသူ သုံးယောက်ကတော့ လိုက်ထရပ်ကားပေါ်မှ အသက် ၂ နှစ်အရွယ် ကလေး ၊အသက်ကြီးပိုင်း အမျိုးသမီးကြီးတယောက်နဲ့ အမျိုးသားတယောက်တို့ ဖြစ်တယ်လို့သိရပါတယ် ။ လိုက်ထရပ်ပေါ်မှာ နောက်ထပ် အမျိုးသားတယောက်နဲ့ အမျိုးသမီးနှစ်ယောက်လည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
” ညှပ်နေတဲ့ အလောင်းတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ခဲ့ရပါတယ်။ ” လို့ ဖြစ်စဥ်သိသူဒေသခံကပြောပါတယ်
လက်ရှိမှာ သေဆုံးသူငါးယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ လူမှုကူညီရေးအသင်းအဖွဲ့တွေက မကွေးဆေးရုံကြီးကိုပို့ဆောင်ပေးထားကြောင်း ၊ ထိခိုက် ဒဏ်ရာရရှိသူတွေကတော့ စိုးရိမ်ရတာမျိုးမရှိဘူးလို့သိရပါတယ်။
” ယာဥ်တိုက်မှုက တော်တော်လေးပြင်းပြီး အ​ခြေအနေဆိုးတယ်။ ခန္ဓာကိုယ်တွေပွင့်ထွက်၊ ခေါင်းတွေပွင့်ထွက်နဲ့ ကလီစာတွေတောင်တစစီလိုက်ကောက်ရတယ်သိရတယ်။ဆီဘောက်ဆာကားဆိုလည်း ကားခေါင်းရစရာမရှိအောင် ဖြစ်သွားတယ်။လိုက်ထရပ်ဆိုလည်း နောက်ပိုင်းဘာမှမရှိတော့လောက်အောင်တစီးလုံးရစရာမရှိ ပျက်စီးတော့ လိုက်လာတဲ့ လူတွေ အကုန်ထိတာပေါ့။” လို့ ​မြေပြင်ရောက်တဲ့ ဖြစ်စဥ်သိရှိသူ ဒေသခံကပြောပါတယ်။
ယာဥ်တိုက်မှုကိုတော့ မကွေးမြို့နယ် မီးသတ်ဌာနမှ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံလူမှုကူညီရေး အသင်းတွေက ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။
ဓာတ်ပုံ – မြေပြင်လူမှုကူညီရေးအသင်း /မီးသတ်ဦးစီးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW