လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၀)

ဆူးငှက်
တကယ်တော့ ကျွန်တော်က ကျွန်တော့်အထက်က အစ်မ (ဒေါ်ခင်ဝင်းနွယ်) နှင့် ပတ်သက်၍ လူထုတိုက်သို့ ၁၉၇၀ကျော်ကာဝန်းကျင် ကတည်းက ထုံ့ပိုင်းထုံ့ပိုင်း ရောက်ဖူးပြီးနောက် ၁၉၈၀၀န်းကျင် ရောက်ပါမုှ ကိုငြိမ်းချမ်း (ဆရာညီပုလေး) ဖိတ်ခေါ်မှုဖြင့် ဒေါ်ဒေါ် လူထုဒေါ်အမာ၏ အသက် ၇၀ ပြည့် မွေးနေ့ (၁၉၈၅ ခု နိုဝင်ဘာလ ၂၉ရက်) မှ စ၍ အမရပူရ တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတွင် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အစကနဦးမှာတော့ မန္တလေး၊ အမရပူရ၊ တံတားဦး၊ အင်းဝ၊ စစ်ကိုင်း၊ မုံရွာ က စာရေးဆရာတွေ ရောက်လာကြသည်။ အလွန်သာယာအေးချမ်းကြည်နူးဖွယ်ကောင်းလှသော တောင်လေးလုံးကျောင်း ပရိဝုဏ်မှာ စာရေးဆရာ ဆရာတော် ဦးပညာ(အမရပူရ)၏ မေတ္တာရိပ်မှာ ခိုလှုံပြီး တွေ့ကြဆုံကြ၊ စာအကြောင်း ပေအကြောင်း အနုပညာအကြောင်း ပြောဆိုကြရင်း နှိုင်းမရသည့် ပီတိတွေ ဝေမျှကြခြင်းဖြစ်သည်။ သည်တုန်းအခါက ကျွန်တော် မရောက်ဖူးပါ။ အသက် ၇၂နှစ်ပြည့်လောက် မှ ရောက်ဖူးသည်ထင်သည်။ ကိုညို(စာရေးဆရာ ညီပုလေး) ကတော့ တောင်လေးလုံးပွဲမှန်သမျှ တခုတ်တရ လှမ်း၍ ဖိတ်လေ့ရှိပါ၏။ ကျွန်တော့်အိမ်နှင့် လမ်းကြုံသော စာရေးဆရာ ရဲသျှမ်းကို စာလေးရေး၍ ဖြစ်စေ…၊ ဖိတ်စာလေး ကမ်း၍ဖြစ်စေ ဖိတ်ကြားပါသည်။ သို့သော် ကျွန်တော် မရောက်ဖြစ်ပါ။ ဘာရယ်လို့တော့ မဟုတ်။ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဝင်ကာ … ဤနေရာ ဤဌာနတွင် ကိုယ်နှင့် မဝင်ဆန့်သေးဟု ထင်မြင်မိ၍ ဖြစ်ပါသည်။
တစ်နေ့မှာတော့ ကိုညို(စာရေးဆရာ ညီပုလး) က လူကြုံဖြင့် ကျွန်တော့်ကို အိမ်လာပါဦးဟု ဖိတ်သည်။ ကျွန်တော် ဝမ်းသာသွား သည်။ (ထိုစဉ်က လူထုစာအုပ်တိုက်နှင့် မျက်နှာချင်းဆိုင် နဂါဆေးလိပ်တိုက်ကြီးရှေ့ စက်အေး ဖျော်ရည်ဆိုင်မှ လိုင်းမကြူးတစ်ခွက် သောက်ရင်း လူထုတံခါးဝဆီ မျှော်ကြည့်နေသည့်ကာလပေါ့။) ထို့ကြောင့် တစ်ညနေတွင် လူထုတိုက်သို့ ကျွန်တော် စက်ဘီးလေးနှင့် ရောက်သွားသည်။ တိုက်ရောက်တော့ အလုပ်စားပွဲက အစ်မကြီး(မမဒေါ်တင်ဝင်း)ကို ကိုညိုက ခေါ်ထားလို့ပါဟု ပြောတော့ ဧည့်ခန်းထဲ မှာ စောင့်ခိုင်းထားသည်။ စောင့်ရင်း ဖတ်ဖို့ မဂ္ဂဇင်း သုံးလေးအုပ်လည်း ချပေးထား၏။ ထိုစဉ်က ထွက်ရှိနေသော ရှုမဝမဂ္ဂဇင်း၊ မိုးေ၀ မဂ္ဂဇင်းတို့ ဖြစ်သည်။ ခဏနေတော့ ကိုညို(စာရေးဆရာ ညီပုလေး) ရောက်လာသည်။ ကျွန်တော့်မှာ လတ်တလော စာပေအပေါင်း အသင်း၊ စာပေအဝန်းအဝိုင်း ရှိမရှိမေး၏။ ထိုစဉ်က ကျွန်တော်နှင့်တွဲဖက်မှာ မြောက်ပြင်ထားဝယ်ရပ်က ကိုသိန်းဆွေဖြစ်သည်။ ကိုသိန်း ဆွေက ကျွန်တော့်ထက် ကြီးသည်။ ထိုစဉ်က ခရီးလွန်နေသော အစ်ကိုနှင့်မှ ရွယ်တူဖြစ်သည်။ သူက စာဖတ်သမားဖြစ်သည်။ ကျွန်တော့် လက်ရေးမူတွေကို မပျင်းမရိဖတ်ပြီး ဝေဖန်သည်။ ထားပါတော့။
ကိုညိုက အားလျှင် သူတို့ စာပေအဝန်းအဝိုင်းသို့ လာခဲ့ဖို့ ဖိတ်ခေါ်သည်။ သူတို့ မကြာမကြာ ဆုံဖြစ်သည်။ စာအကြောင်း ပေ အကြောင်း စကားဝိုင်းဖွဲ့ဖြစ်သည်။ စာမူတွေ အပြန်အလှန် ဖတ်ရှုဝေဖန်ကြသည်ဟု ဆိုသည်။ ဆရာ ဦးစိန်မောင်ဝင်း(ဆရာဝင်းစည်သူ) ၏ ၈၃ လမ်းပေါ်က သရဖူမြန်မာစာ သင်တန်းခန်းမမှာလည်း ဆုံဖြစ်သည်။ ကိုငယ်(ကျောက်ဆည်)၏ စာအုပ်ဆိုင်မှာလည်း ဆုံဖြစ်ကြ သည်တဲ့ …။ ဆရာဝင်းစည်သူပါသည်။ ဆေးရုံကြီးနားက ဆရာဝန်တစ်ယောက်ပါသည်(ဆရာကြည်ဇော်ဝင်း)။ တာရဲတန်းက တိရစ္ဆာန် ဆေးကုဆရာဝန်တစ်ယောက်ပါသည်(ဆရာညိုထွန်းလူ)။ တစ်ခါတစ်ရံ ကျောက်မဲမှာ ရောက်နေသော ဝန်ထမ်းစာရေးဆရာ တစ်ယောက် ပါသည် (ဆရာကျော်ရင်မြင့်)။ တောင်ကြီးမှာ ရောက်နေသော မိတ်ဆွေတစ်ဦးကလည်း စာတစ်စောင်တစ်ဖွဲ့ဖြင့် အမြဲလိုလို ပါဝင်ဆွေး နွေးသည် (ဆရာကြည်လင်အေး)။ ဘူတာကြီး မီးရထားလိုင်းမှာ နေသော ဆရာရဲသျှမ်းပါသည်။ မြောက်ပြင်က စာရေးဆရာ ဆရာသိုက် ထွန်းသက်ပါသည်။ စသည်ဖြင့် ပြောပြသည်။ ကိုညိုက ရင်းနှီးနွေးထွေးစွာ ဖိတ်ခေါ်သည်။ ကျွန်တော် မရောက်ဖြစ်ပါ။ နဂိုကတည်းက ကျွန်တော့်မှာ လူကြောက်စိတ်ရှိသည်။ ခွေးဖြူ တောမတိုး …။
သည်ကာလမှာ ကိုညို(ဆရာညီပုလေး)၏ “သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး” ဝတ္ထုတိုပေါင်းချုပ် ထွက်လာသည်။ ထူးခြားတာ က အဖုံးရော အတွင်းပန်းချီပါ စာရေးဆရာ၏ လက်ရာဖြစ်သည်။ (ကိုညို(ဝါ)ကိုငြိမ်းချမ်းက ပန်းချီဆရာလည်းဖြစ်သည်။) သည့်ထက်ပို ထူးတာက ဝတ္ထုတိုအမည်နှင့်အတူ “စိတ်ကူးရှုခင်း” ဟူသော ခပ်ပါးပါး စာအုပ်လေးလည်း ပူးတွဲပါသည်။ ထိုစာအုပ်အဖုံးကလည်း စာရေး ဆရာ၏ လက်ရာဖြစ်၏။ အဖုံးပန်းချီကပင် အတွေးအခေါ်ပါသည်။ ထိုစာအုပ်ပါးလေးမှာ “သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ဝတ္ထုတိုများ” စာအုပ်နှင့်ပတ်သက်ပြီး ရေးဖော်ရေးဖက်များ၏ အမြင်များကို ဖော်ပြထားသည်။ သိုက်ထွန်းသက်၊ ကျော်ရင်မြင့်၊ ယုထင်(မန္တလေး)၊ ရဲသျှမ်း၊ ကျော်စိုးဝင်း၊ ကြည်ဇော်ဝင်း၊ မခင်လေး(ရန်ကုန်တက္ကသိုလ်)၊ ပိုင်စိုးဝေ၊ သန်းဌေး(ဥတ္တရလွင်ပြင်)၊ ကိုရိုးကွန့်၊ ဝင်းတင့် (မိတ္ထီလာ)၊ ဝင်းစည်သူ၊ ညိုထွန်းလူ၊ ကိုကို(အမရပူရ)၊ ကျော်စွာထက်တို့ စာရေးဆရာ (၁၅)ဦး၏ ညီပုလေးဝတ္ထုတိုအပေါ် အမြင်တွေ စု စည်းထားသည်။
ဟေမာဇရပ်ရပ်ကွက်မှာရှိတော့ ကျွန်တော့်စာအုပ်အငှားဆိုင်လေးမှာလည်း ညီပုလေး၏ “သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ဝတ္ထုတိုများ” စာအုပ်တင်သည်။ ပူးတွဲပါ “စိတ်ကူးရှုခင်း” ဟူသော စာအုပ်ပါးလေးကိုလည်း ဝတ္ထုတိုပေါင်းချုပ်စာအုပ်နှင့် ပူးတွဲချုပ်ထား လိုက်၏။ မန္တလေးမှာ ညီပုလေးပရိသတ်တွေ အများသား။ လူထုဦးလှ၊ လူထုဒေါ်အမာသား ကိုဘိုညို …၊ မန္တလေးတက္ကသိုလ် လက်ရွေး စင်၊ မန္တလေးတိုင်းလက်ရွေးစင်ဘောလုံးသမားကိုငြိမ်းချမ်း၊ ပြိုင်စက်ဘီးစီးသူ ကိုငြိမ်းချမ်း၊ ပန်းချီဆရာ ကိုငြိမ်းချမ်း၊ စာရေးဆရာ ညီပုလေးအဖြစ် မသိသူမရှိ၊ သံယောဇဉ်မရှိသူ မရှိဟု ဆိုရလောက်သမို့ သူ့စာအုပ်က လက်မလည်အောင် ငှားရသည်။ မန္တလေးခံစား ချက်များကို ရသမြောက်စွာ ရေးဖွဲ့သည့် ဝတ္ထုတိုတွေမို့လည်း မန္တလေးပရိသတ်က ခံတွင်းတွေ့သည်။ ကျွန်တော်က သူ့ဝတ္ထုတိုစာအုပ် ငှားရမ်းဖတ်ရှုပြီးသူတိုင်း သူတို့၏ အမြင်တွေကို ဗလာစာအုပ်တစ်အုပ်မှာ ရေးခိုင်းသည်။ ထို့နောက် ထိုဗလာစာအုပ်ကိုလည်း ကိုညီပု လေးထံ ပေးလိုက်သည်။ ထိုဗလာစာအပ်မှာက ကျွန်တော့်စာအုပ်ဆိုင်က ပရိသတ်တွေရဲ့ အမြင်ပေါ့ …။ သီးခြားအနေနှင့် ကျွန်တော်က လည်း သူ့စာအုပ်ပေါ်အမြင်ကို လျှောက်လွှာ လီဂယ်အရွက်စာရွက်(၆)မျက်နှာတွင် ရေးပေးလိုက်သည်။ သူလက်ခံသည် လက်မခံသည် အပထား ကျွန်တော့်အမြင်ကို ပွင့်လင်းစွာ ရေးသားခြင်းပဲ ဖြစ်သည်။ ထိုစာမူကို ကျွန်တော့်အနေနှင့် ဘယ်မဂ္ဂဇင်းမှ မပို့ခဲ့ …။
မည်သို့ဆိုစေ ထိုဝေဖန်ချက်ကို သူဖတ်ရှုပြီးနောက် …။ ကျွန်တော့်သဘောထားအမြင်ကို သိရှိကာ … စိတ်ချင်း ပိုနီးနိုင်မည်ဟု ကျွန်တော်ယူဆပါသည်။ ကျွန်တော်ယူဆသလို မှန်ကန်နိုင်သည်ဟုလည်း နောက်ပိုင်း အတွေ့အကြုံများအရ ကျွန်တော် ယုံကြည်ပါ သည်။
သည့်နောက်ပိုင်း လူထုတိုက်သို့ ဝင်ထွက်ဖြစ်ကာ ဒေါ်ဒေါ်နှင့်ပါ တွေ့ထိပြီး အရိပ်ခိုခွင့် ရပြီးနောက် ၁၃၅၀ ပြည့်နှစ် ဒုတိယဝါဆို လပြည့်ကျော်၏ ရက်တစ်ရက်တွင် “ကြောင်းခြင်းရာတစ်ခု” နှင့်ပတ်သက်ပြီး ကျွန်တော့်အရေးအသား အတင်အပြတစ်ခုအပါ် ဒေါ်ဒေါ် ကျေနပ်စွာ လက်ခံခြင်းကလည်း “သဘောထားတူမျှခြင်း” ၏ ကနဦး နိဒါန်းဖြစ်ပါလိမ့်မည်။
ထို့ကြောင့် ၁၉၈၉ ခု ဧပြီလ ၁၅ ရက်နေ့မှာ ကျွန်တော် ရေးသားဖြစ်ခဲ့သော “သူ့ထက်ကဲ ရွှေပြည်စိုး ညီပုလေး ဝတ္ထုတိုများ” အပေါ် ကျွန်တော့်အမြင်ကလည်း ထိုနိဒါန်း၏ အကျိုးဆက်အဖြစ် ကျွန်တော် ကိုညီပုလေးကို အားမနာတမ်း ရေးသားဖြစ်ခြင်း ဖြစ်ပါ၏။ ဝါကျင့်ဟောင်းနွမ်းနေသော ထိုစာမူ၏ ကော်ပီစာရွက်များကို အခုပြန်ဖတ်ကြည့်တော့ အိမ်လွမ်းစိတ်သမားပမာ ရင်ခုန်မိပါသည်။ ရင်ခုန် သည်ဆိုခြင်းထက် လွမ်းဆွတ်တသခြင်းမည်ပါ၏။ လွမ်းဆွတ်သည်ဆိုခြင်းမှာ “ဖြစ်စဉ်အဖြစ်အပျက်” မဟုတ်တာ သေချာသည်။
“…ရှစ်ဆယ်ပြည့်လွန်နှစ်များရဲ့ ဒီဖက်ပိုင်းမှာကတည်းက မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ညီပုလေးကို သတိထားမိကြတယ်။ သူ့ ဟန်ကလေးတွေက အစိမ်းမဟုတ်မှန်း သိသာသလိုပဲ။ ဒီလိုနဲ့ သူ့ဝတ္ထုတိုလေးတွေကို ဆက်တိုက်ဖတ်လိုက်ရတော့ “ညီပုလေးဘယ်သူ လဲ” ဆိုတာ သိလိုကြတယ်။ သိရတော့ ဝမ်းသာကြတယ်။ ဘယ့်နှယ့် ဝမ်းမသာဘဲ နေမလဲ။ မျိုးကောင်းက အပင်ပေါက်တာပဲ။ ဒါ အားသစ်ပဲ။ လက်ဆင့်ကမ်း သူပေါ်ပြီဟေ့ပေါ့။ ဒီလိုနည်း ဝမ်းသာကြရတယ်။ ဒါနဲ့ တစ်ဆက်တည်း အားမရမှုကို ခံစားကြရတယ်။ ဘာကို အားမရသလဲ။
“လူထုဦးလှ၊ လူထုဒေါ်အမာသား ဖြစ်နေလို့ အားမရတာပဲ။ ညီပုလေး ဘာလို့ ဦးလှ-ဒေါ်အမာ …… မတော်ရသလဲ။ ဒါကို အား မရတာပါ။ ဦးလှ-ဒေါ်အမာသားဟာ မျိုးဆက်သစ်ကို ကိုယ်စားပြုရမယ်။ မျိုးဆက်သစ်ဆိုလို့ ကျွဲကူးရေပါ ပြောရရင် အသက်ငယ်လို့၊ အရေးအသားသစ်လို့၊ ဒီဇိုင်းသစ်လို့(အသစ်)လို့ ပြောတာမဟုတ်ဘူး။ ဒါက အပေါ်ယံကိစ္စ…။ ဒီနေ့ ဒီဇိုင်းကို နက်ဖြန်ဒီဇိုင်းက ဖုံးလွှမ်းမှာ။ ဒါ … အသစ်မဟုတ်ဘူး။ အရေးအသားအသစ်လား …။ ဒါကလည်း ရေစီးကြောင်း ကိစ္စပဲ။ စီးနေမှာပဲ … ရပ်မနေဘူး။ စီးနေတဲ့ရေမှာ ဒါဟာ အသစ်လို့ ကန့်သတ်ပြီး ပြောလို့မရဘူး။ ကျွန်တော်တို့ လိုချင်တဲ့အသစ်က အတွေးအခေါ်ကိစ္စ။ ဒေါ်ဒေါ်ပြောတဲ့ နိုင်ငံရေး အသိ ကောင်းကောင်းဆိုတဲ့။ အမြော်အမြင်သစ်ဆိုတဲ့ကိစ္စ …။ ဒီနေ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း မရှိတော့ပေမယ့် သူဟာ ဒီနေ့ထိ အသစ် ပဲ။ ရှစ်ဆယ်ပေါ်တေးထပ်ကြီးတွေ၊ မဟာလေးချိုးကြီးတွေဟာ ပုံသဏ္ဍာန်အရ ဟောင်းပေမယ့် ဆရာကြီး လေးချိုးမှာ ဖော်ပြခဲ့တဲ့ နယ်ချဲက ဆန့်ကျင်ရေး၊ အဖိနှိပ်ခံ ပြည်သူဖက်က ရပ်တည်ရေး အမြင်တွေဟာ ဒီနေ့အထိ အသစ်ပဲ။ ဒီလိုပဲ လူထုဒေါ်အမာ …။ နောက် တစ်နှစ်၊ နှစ်နှစ်မှာ အသက် ၇၅ နှစ်ပြည့်တော့မယ်။ ဒေါ်ဒေါ်ဟာ မျိုးဆက်သစ်ပဲ။ အသစ်ကို ကိုယ်စားပြုသူပဲ …။ ညီပုလေးဟာ အသက် အရွယ်အရ သူ့အမေထက် မျိုးဆက်သစ်ကို ကျယ်ပြန့်စွာ ကိုယ်စားပြုရပေမယ့် သူ့အမေထက် အတွေးအခေါ်သစ်၊ အမြောအမြင်သစ်တွေ ရှိရမယ်။ အမေ့ထက် သားတစ်လကြီးမှသာ အနာဂတ်ဟာ ရွှန်းမြနေပေလိမ့်မယ်။”
ကျွန်တော်သည် ဝါကျင့်နေသော စာရွက်များကို ကိုင်ရင်း အတွေးတွေက ပြန့်လွှင့်နေသည်။ ထိုတရားကိုယ်ကိုပဲ ကိုင်စွဲ၍ မိမိ ကိုယ် မိမိလည်း ဝေဖန်သုံးသပ်နေမိသည်။ ထိုတရားကိုယ်ဖြင့် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ကြည့်မိတော့ “သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပု လေး ဝတ္ထုတို” စာအုပ်နှင့်အတူ ပူးတွဲပါရှိသော “စိတ်ကူးရှုခင်း” ဟူသည့် စာအုပ်ပါးလေးက စာရေးသူဆရာညီပုလေး ရေးဆွဲသော မြွေ တစ်ကောင်နှင့် ချွတ်စွပ်တူနေတော့၏။ တစ်ကိုယ်လုံး အသားမရှိတော့ …။ အရိုးသာ ကျန်တော့သည်။ “အတ္တ”က “တရား” ဟူသော အသားများကို ဖဲ့ခြွေသွားပြီ …။ အသက်မရှိနိုင်တော့ … မကြာမီ အရိုးတွေလည်း တစ်စစီ ကြွေကျ၊ ကြေမွမှာမို့ ရုပ်ကြွင်းပင် မကျန်နိုင် တော့ …။ Go ဆူးငှက် …။ ဆူးငှက်သွားပေါ့။
၁၉၉၀ ဝန်းကျင် “ဆူးငှက်” ကလောင်ဖြင့် ဝတ္ထုတိုလေးတွေ ရေးဖြစ်တော့ … နောင်တော် မန္တလေးသား စာရေးဆရာများနှင့် ပိုလို့ရင်းနှီးလာသည်။ ၁၉၈၃ ခုဝန်းကျင်မှသည် အခြားအခြား ကလောင်တွေနှင့် ဆောင်းပါးတွေချည်း ရေးရာမှ ၁၉၈၉ခုနှစ် နိုဝင်ဘာလထုတ် ရင်ခုန်သံမဂ္ဂဇင်းပါ “ဖွဲမီးခံ” ဝတ္ထုတိ့ုနှင့် ဆူးငှက်ကို မွေးဖွားသည်။ ထိုဝတ္ထုတိုလေးကို ဒေါ်ဒေါ်က တစ်ခုတ်တရ ဖတ်ပြီး စကားပြေ အရေးအသား ပိုင်းကို အသိအမှတ်ပြုသည်။ မကျွမ်းကျင်မှုကြောင့် ကျွန်တော်ပြောချင်သော ပစ်မှတ်ကို မထိသော်လည်း ဒေါ်ဒေါ်က “မင်းပြောချင်တာ ပေါ်သားပဲ” ဟု အားပေးသည်။ ထိုဆုလာဘ်က ကျွန်တော့်အထွက် အကြီးမားဆုံး အားဆေးဖြစ်ပါ၏။
ကျွန်တော်၏ ဆူးငှက်ကလောင်ဖြင့် ပထမဦးဆုံး ဝတ္ထုတိုက ၁၉၈၉ ခုနှစ် နိုဝင်ဘာလထုတ် ရင်ခုန်ပွင့်မှာ ဖော်ပြပါရှိတော့ ၁၉၈၉ ခု အောက်တိုဘာလလယ်ကတည်းက ထိုစာအုပ် ထွက်ရှိနေပြီ။ ကိုညီပုလေးတို့ အဝန်းအဝိုင်းမှာက ကျွန်တော် ဆူးငှက်ဆိုတာ သိနေကြ ပြီ။ ထိုစဉ် ထိုကာလမှာပဲ ဆရာကြီး ရွှေဥဒေါင်း၏ နှစ်တစ်ရာပြည့် မွေးနေ့နှင့် ကြုံကြိုက်ချေပြီ။ ဒေါ်ဒေါ်ကပဲ ဦးစီးပြီး ၁၉၈၉ ခု၊ အောက်တို ဘာ (၂၄)ရက် အင်္ဂါနေ့မှာ ဆရာကြီးရွှေဥဒေါင်း၏ နှစ် ၁၀၀ ပြည့် အစီအစဉ်ကို တောင်လေးလုံးကျောင်းတိုက်တွင် ကျင်းပရန် စီစဉ်သည်။
ဆရာကြီး ရွှေဥဒေါင်း နှစ် ၁၀၀ ပြည့်အတွက် ဒေါ်ဒေါ်က စာတမ်းတွေ ရေးစေသည်။ အထူးသဖြင့် ဒေါ်ဒေါ်၏ “တူသား” ကြီးများ က ရေးသားကြဖို့ ပြင်ဆင်ကြ၏။ ကဗျာဆရာကြည်အောင် က “သစ္စာရှာဖို့ ငါမြင်းစီးမယ်” ဟူသော စာတမ်းတစ်စောင်ပင် ပို့ထားပြီးပြီ။ ကျွန်တော်က ရင်ထဲ လှုပ်ခတ်လာကာ … ကဗျာရှည်ကြီးတစ်ပုဒ် ရေးသားဖြစ်သည်။ ထို့နောက် နောင်တော်များဖြစ်သော ဆရာ သိုက် ထွန်းသက်တို့၊ ဆရာညီပုလေးတို့ထံ ပြသဖြစ်သည်။ ဆရာများက ဒေါ်ဒေါ့်ထံ တစ်ဆင့် တင်ပြထားကြသည်။ ထိုနေ့မှာ ဒေါ်ဒေါ် ခွင့်ပြုလျှင် ဖတ်ခွင့်ကြုံမည်။ ရင်တလှပ်လှပ် …။
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW