“ဝ”အဖွဲ့   လို့ လူသိများတဲ့ UWSP နဲ့  UWSA လှမ်းနေတဲ့ ခြေလှမ်း

 

 

AT

 

 

UWSP ခေါ် “ဝ”အဖွဲ့ဟာ ဗမာပြည်အရေးကိစ္စကို စိတ်ဝင်စားမှု မရှိဘဲ မိမိတို့ ကိုယ်ပိုင်အမျိုးသား ပြည်နယ်တခု ရရှိရေးကိုပဲ ဦးစားပေးဆောင်ရွက်နေတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

 

ဖက်ဒရယ်ထက် သာလွန်တဲ့ ကွန်ဖက်ဒရိတ်အဆင့် ပြည်နယ်အနေအထားကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက လက်တွေ့ ဖော်ဆောင်နေတဲ့ “ဝ”အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် မြန်မာစစ်တပ်နဲ့လည်း ဆက်ဆံရေးကောင်းတွေ ထူထောင်ထားနိုင်တာကို တွေ့ရပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးမှာ “ဝ”အဖွဲ့ဟာ မြောက်ပိုင်းအဖွဲ့တွေဘက်က ပေါ်ပေါ်ထင်ထင် ဝင်ရောက်တိုက်ခိုက်တာ မရှိပေမယ့် လက်နက်နဲ့ အခြားထောက်ပံ့ရေး ပစ္စည်းတွေ ကူညီတာအပြင် ပိုင်နက်နယ်မြေတွေကို အသုံးပြုပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်ခွင့်ပေးတာတွေ ရှိခဲ့ပါတယ်။

 

နယ်မြေချင်းထိစပ်နေတဲ့ တရုတ်အစိုးရနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေသလို နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးတွေမှာ တရုတ်အစိုးရကို မလွန်ဆန်နိုင်တာကို တွေ့ရပါတယ်။

 

UWSP ဘယ်လိုပေါ်ပေါက်လာလဲ

 

“ဝ”ဒေသဟာ မြန်မာနိုင်ငံ ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုကို ဘယ်တုန်းကမှ မခံခဲ့ရဘူးလို့ “ဝ”သမိုင်းတွေက ဆိုကြပါတယ်။

 

“ဝ”လူမျိုးတွေဟာ မွန်-ခမာ အုပ်စုဝင်ဖြစ်ပြီး အနီးခေတ်သမိုင်းမှာ ကျိုင်းတုံကို အခြေပြုပြီး နိုင်ငံတည်ထောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းယူပြီးနောက်မှာ “ဝ”ဒေသကို အခွန်မကောက်ခံဘဲ “ဝ”ပြည်နယ်လို့ သတ်မှတ်ပေးခဲ့တာကို တွေ့ရပါတယ်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်မှာလည်း ဗဟိုအစိုးရ အုပ်ချုပ်မှုအောက်မှာ မရှိခဲ့ဘဲ မိမိတို့ဒေသ ကာကွယ်ရေး၊ တရားစီရင်ရေးနဲ့ အခွန်ကောက်ခံခွင့်တွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ရခဲ့ပါတယ်။

 

၁၉၄၉ ခုနှစ် တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီ အာဏာရပြီးနောက် ယူနန်ပြည်နယ်အတွင်းက “ဝ” တောင်တန်းဒေသကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးခဲ့ပြီး တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ကို ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့် ပေးခဲ့ပါတယ်။

 

၁၉၆၈ ခုနှစ်တွေအတွင်း ရှမ်းမြောက် မုံးကိုးဒေသမှာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ရဲ့ အရှေ့မြောက်စစ်ဒေသကို တရုတ်အစိုးရ အကူအညီနဲ့ ဖွင့်လှစ်ခဲ့ပြီး နောက်မှာတော့ ကူမင်တန်တပ်တွေကို တွန်းလှန်တိုက်ခိုက်နေတဲ့ “ဝ” လယ်သမား ပြောက်ကျားတွေဟာ ဗကပရဲ့ လက်အောက်ခံ ဖြစ်လာတယ်လို့ ဦးမောင်မောင်စိုး ရေးသားတဲ့ စာတမ်းမှာ ဆိုထားပါတယ်။

 

အရှေ့မြောက်ဒေသက မြန်မာအစိုးရနဲ့ ဗကပတို့အကြား တိုက်ပွဲတွေအတွင်း “ဝ”လူမျိုး စစ်သားတွေ အများအပြား သေဆုံးခဲ့တာ၊ ဗကပရဲ့ ဗဟိုချုပ်ကိုင်မှု တင်းကြပ်တာတွေကြောင့်လို့ ဆိုပြီး ၁၉၈၉ ခုနှစ်မှာ ဗကပကို ပုန်ကန်ပြီး ဗကပခေါင်းဆောင်တွေကိုလည်း “ဝ”ဒေသကနေ ထွက်ခွာစေခဲ့ပါတယ်။

 

အဲ့ဒီနောက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့ကို ဖွဲ့စည်းခဲ့ကာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားတာ မရှိတော့ဘဲ မြန်မာအစိုးရ သတ်မှတ်ပေးတဲ့ အထူးဒေသ(၂) ကို ယနေ့အချိန်ထိ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

 

တရုတ်ပုံစံ အုပ်ချုပ်မှု၊ ကွန်ဖက်ဒရိတ် အဆင့်အတန်းနဲ့ “ဝ” ပြည်နယ်

 

၂၀၀၈ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ရရှိထားတဲ့ “ဝ” ဒေသဟာ လက်တွေ့မှာတော့ ကွန်ဖက်ဒရိတ် အဆင့်အတန်းရှိ ပြည်နယ်တခုလို့ ဆိုရမှာပါ။

 

“ဝ”အဖွဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ရေးဆွဲထားပြီး ၂၀၀၀ ခုနှစ်ကနေ စတင်စမ်းသပ် ကျင့်သုံးနေတယ်လို့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက မီဒီယာ အင်တာဗျူးတခုမှာ ဆိုထားဖူးပါတယ်။

 

“ဝ” အဖွဲ့ ဟာ သူတို့ထိန်းချုပ်တဲ့ ဒေသကို “ဝ” ပြည်နယ်လို့ တရားဝင် သုံးနှုန်းပြီး “ဝ” ပြည်နယ် ပြည်သူ့အစိုးရဆိုတဲ့ အစိုးရတရပ်ကိုလည်း ဖွဲ့စည်းထားပါတယ်။

 

“ဝ” ပြည်နယ် ပြည်သူ့အစိုးရအောက်မှာ အစိုးရတရပ် ဖွဲ့စည်းပုံအတိုင်း ဌာနတွေနဲ့ ဖွဲ့စည်းထားတာပါ။

 

“ဝ” ပြည်နယ် ပြည်သူ့အစိုးရကို ဖွဲ့စည်းထားပေမယ့် UWSP ဟာ “ဝ” ဒေသမှာ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ဖြစ်ပါတယ်။

 

“ဝ” အဖွဲ့ဟာ တရုတ်ပြည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ပေးထားတဲ့အခွင့်အရေးတွေ၊ မူဝါဒတွေ လုပ်ငန်းစဉ်တွေကို ရယူပြီး “ဝ”ဒေသ တည်ဆောက်ရေး လုပ်ငန်းကို လုပ်နေတာလို့ တရုတ်နဲ့ “ဝ” အရေး ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

 

ဒေသတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ တရုတ်ရဲ့ စည်းမျဉ်းဥပဒေတွေနဲ့ တရုတ်ရဲ့ ဖွဲ့စည်းပုံကို အဓိက ယူပြီးတော့ တည်ဆောက်နေတာလို့လည်း ဆိုပါတယ်။

 

‘ဝ” ပြည်နယ် ဖွဲ့စည်းပုံဟာ အခြေခံဥပဒေတရပ်ထက် ဥပဒေတွေ စုပေါင်းထားတာနဲ့ ပိုပြီး ဆင်တူပါတယ်။

 

မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတွေနဲ့ ထုတ်ဝေထားတာကို မတွေ့ရဘဲ တရုတ်စာနဲ့ ထုတ်ဝေထားတဲ့ “ဝ” ပြည်နယ် အခြေခံဥပဒေ စမ်းသပ်ချက် စာအုပ်ကိုသာ တွေ့ရပါတယ်။

 

စာအုပ်မှာ အခန်းပေါင်း ၁၅ ခန်းပါဝင်ပြီး လူဝင်မှု ကြီးကြပ်ရေး ဥပဒေ၊ နိုင်ငံသား အခွင့်အရေး ဥပဒေ၊ ရာဇဝတ်မှုဆိုင်ရာ ဥပဒေ၊ မူးယစ်ထိန်းချုပ်ရေး ဥပဒေ၊ အများပြည်သူ လုံခြုံရေး စီမံမှု ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ ယာဉ်ကြောထိန်းသိမ်းရေး ဥပဒေ စတာတွေ ပါဝင်ပါတယ်။

 

“ဝ” ဒေသဟာ တရုတ်နိုင်ငံနဲ့ ကပ်လျက်တည်ရှိနေပြီး တရုတ်ဩဇာ လွှမ်းမိုးမှုကို အစဉ်တစိုက် ခံခဲ့ရတဲ့အပြင် မျိုးဆက်သစ် “ဝ” ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံမှာ ပညာသင်ကြားခဲ့တာ စတဲ့ အချက်တွေကြောင့် “ဝ” ပြည်နယ် ဖွဲ့စည်းပုံ ဥပဒေဟာ တရုတ်နိုင်ငံရဲ့ ဥပဒေတွေနဲ့ အတော်လေး ဆင်တူတယ်လို့ “ဝ” နဲ့ တရုတ်အရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။

 

၂၁ ပင်လုံညီလာခံကို တင်သွင်းတဲ့ FPNCC စာတမ်းမှာတော့ အခြေခံဥပဒေနဲ့ ဆင်တူတဲ့ အချက်တွေ ထည့်သွင်း ရေးသားထားတာကို တွေ့ရပါတယ်။

 

၂၀၁၇ ခုနှစ်က ပြုလုပ်တဲ့ ၂၁ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကို တင်သွင်းခဲ့တာဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှုအပေါ် “ဝ” ပြည်နယ်၏ အထွေထွေ မူဝါဒနှင့် အသေးစိတ် တောင်းဆိုချက်များ ဆိုတဲ့ အမည်နဲ့ တင်သွင်းလာတာ ဖြစ်ပါတယ်။

 

စာတမ်းကို မူလက ၂၀၁၆ ခုနှစ်မှာ UWSP ဗဟိုပေါလစ်ဗျူရိုက ရေးသားထုတ်ဝေခဲ့ပြီး ပင်လုံစိတ်ဓါတ်နဲ့ ပတ်သက်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှု၊ နိုင်ငံတော် ဖွဲ့စည်းပုံစနစ်ဆိုင်ရာ ကိစ္စ၊ သမ္မတ အရည်အချင်း သတ်မှတ်မှု ကိစ္စ၊ လွှတ်တော်အမတ်နေရာ ခွဲဝေခြင်းဆိုင်ရာ ကိစ္စ၊ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စ၊ တိုင်းရင်းသားတန်းတူရေးကိစ္စ၊ အခွန်ကောက်ခံရေးကိစ္စတွေ အပါအဝင် အခန်း ၁၅ ခန်း ပါဝင်တာကို တွေ့ရပါတယ်။

 

စာတမ်းကို လေ့လာကြည့်ရာမှာ ၂၀၀၈ အခြေခံဥပဒေ ဘောင်ထက် များစွာ ကျော်လွန်နေတာကို တွေ့ရပြီး စာတမ်းကို အဲ့ဒီအချိန်က မြန်မာအစိုးရက ဆွေးနွေးခွင့် မပေးခဲ့ပါဘူး။

 

၂၀၂၁ နောက်ပိုင်း မြန်မာ့နိုင်ငံရေး ပဋိပက္ခမှာ UWSP ပါဝင်ပတ်သက်မှု

 

လက်ရှိ ပြည်တွင်းအခြေအနေအရ အစိုးရဘက်က မည်သူအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားတွေရဲ့ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခ ပိုမဖြစ်စေချင်တာကြောင့် ဘယ်ဘက်ကမှ ပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့ ၂၀၂၂ ခုနှစ် အတွင်း မိုင်းလားအဖွဲ့၊ SSPP အဖွဲ့ တို့နဲ့အတူ နေပြည်တော်မှာ နစက ဥက္ကဋ္ဌနဲ့ တွေ့ဆုံရာမှာ “ဝ” ဘက်က ပြောခဲ့ပါတယ်။

 

ကိုယ့်ဒေသကို အပြည့်အဝ စီမံအုပ်ချုပ်ခွင့်ရနေတဲ့ “ဝ” အဖွဲ့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများက အားကျကြောင်း ထုတ်ဖော်ပြောကြားတာတွေ ရှိသလို ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ “ဝ” ဟာ မြောက်ပိုင်းညီနောင်အဖွဲ့တွေနဲ့ ပိုပြီး နီးစပ်လာတာကိုလည်း တွေ့ရပါတယ်။

 

တအာင်းလူမျိုးဟာ “ဝ” လူမျိုးနဲ့ မျိုးနွယ်စု တခုထဲက ဆင်းဆက်လာတယ်ဆိုတဲ့ သမိုင်းကြောင်းနောက်ခံနဲ့ TNLA ဟာ “ဝ” အဖွဲ့နဲ့ ပိုမို နီးစပ်လာပါတယ်။

 

TNLA ရဲ့ လက်မောင်းတံဆိပ်ပါ အမှတ်အသားတွေကို “ဝ” နဲ့ ပိုနီးစပ်အောင် ပြင်ဆင်ခဲ့တာအပါအဝင် TNLA နဲ့ SSPP ပူးပေါင်းပြီး RCSS တပ်တွေကို ရှမ်းမြောက်ကနေ တိုက်ထုတ်ရာမှာ “ဝ” က လက်နက်ကြီးပိုင်း ကူညီပေးတာတွေ ရှိခဲ့တယ်လို့ TNLA နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

 

TNLA နဲ့ SSPP တို့ ၁၀၂၇ စစ်ဆင်ရေးအတွင်း နယ်မြေအငြင်းပွားမှုတွေ ဖြစ်ခဲ့တဲ့ အခါမှာလည်း “ဝ”အဖွဲ့က ပန်ဆန်းမှာ ခေါ်ပြီး ညှိနှိုင်းပေးခဲ့ဖူးပါတယ်။

 

ကြားနေမယ်လို့ဆိုထားတဲ့ “ဝ” အဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်တွေ ချင်းရွှေဟော်ြမို့ကို သိမ်းပိုက်ရာမှာ သူတို့ ထိန်းချုပ်ထားတဲ့ နမ့်တစ်မြို့နယ်ကနေတဆင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ မြန်မာစစ်တပ်ဘက်က ယူဆတာကို တွေ့ရပါတယ်။

 

ကိုယ်ပိုင်လက်နက်စက်ရုံ ရှိထားတဲ့ “ဝ”အဖွဲ့ဟာ မြောက်ပိုင်းညီနောင်အဖွဲ့တွေအပြင် ၂၀၂၁ နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တို့လို အဖွဲ့တွေဆီကိုပါ လက်နက်တွေ ပေးပို့တာမျိုး ရှိလာတယ်လို့ နစက က “ဝ” အဖွဲ့ကို တိုက်ရိုက် နာမည်မတပ်ပေမယ့် ရည်ညွှန်း ပြောကြားတာတွေ ရှိပါတယ်။

 

ကရင်နီပြည်နယ်ကို ပေးပို့မယ်ဆိုတဲ့ လက်နက်တွေကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက ဖမ်းဆီးရရှိရာမှာ Type 81 မောင်းပြန်ရိုင်ဖယ် အမျိုးအစားဟာ အထူးဒေသ တခုကနေ ထွက်လာတာ ဖြစ်တယ်လို့ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့တာပါ။

 

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ယူနန်ပြည်နယ် ပူအယ်မြို့မှာ တိန့်ရွှီကျွင်း နဲ့ ဝ ခေါင်းဆောင်တွေ တွေ့ဆုံရာမှာလည်း တိန့်ရွှီကျွင်းက “ဝ” ဆီကနေတဆင့် ကိုးကန့်နဲ့ တအာင်းတပ်တွေဆီ စီးဆင်းနေတဲ့ လက်နက်နဲ့ အခြားထောက်ပံ့ရေး ပစ္စည်းတွေကို ဆက်ပြီး မပေးပို့ဖို့ ထည့်ပြောပါတယ်။

 

“ဝ”ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် မြန်မာစစ်တပ်နဲ့လည်း ဆက်ဆံရေးကောင်းတွေ ထူထောင်ထားနိုင်တာကို တွေ့ရပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ မြောက်ပိုင်းညီနောင် အဖွဲ့တွေဟာ ဟိုပန်နဲ့ ပန်လုံမြို့နယ်တွေကို တိုက်ခိုက်သိမ်းပိုက်ပြီး “ဝ” အဖွဲ့ကို လွှဲပြောင်းပေးခဲ့သလို နောက်ပိုင်းမှာ အဲ့ဒီ မြို့နယ်တွေကို “ဝ” အဖွဲ့က မြန်မာအစိုးရဆီက တရားဝင် လွဲပြောင်းရယူပြီး “ဝ” ရဲ့ အုပ်ချုပ်ရေးအောက်ကို ထည့်သွင်းခဲ့တာပါ။

 

လားရှိုးကို ကိုးကန့်တပ်တွေ သိမ်းပိုက်ပြီးနောက် “ဝ”အဖွဲ့ဟာ သူတို့ရဲ့ ဆက်ဆံရေးရုံးနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ဖို့ဆိုပြီး လားရှိုးမြို့ထဲကို တပ်တွေ ဝင်ရောက်နေရာယူခဲ့တဲ့ အပြင် တန့်ယန်းမြို့ကိုလည်း မြန်မာစစ်တပ်နဲ့ ညှိနှိုင်းပြီး တပ်အင်အား ထောင်ဂဏန်း ဝင်ရောက် တပ်စွဲခဲ့တာ ဖြစ်ပါတယ်။

 

“ဝ” ဆက်လှမ်းမယ့် ခြေလှမ်းများ

 

၂၀၂၂ ခုနှစ်က နစကနဲ့ တွေ့ဆုံဆွေးနွေးရာမှာ “ဝ” အဖွဲ့ဟာ ပြည်ထောင်စုကနေ ခွဲမထွက်ကြောင်းနဲ့ ပြည်နယ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

 

၂၀၀၈ အခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအပြင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းဆတ်ခရိုင်အတွင်းက ပုံပါကျင်၊ နားကောင်းမူ၊ ဟွေ့အော် ဒေသတွေကိုပါ စုပေါင်းပြီး ပြည်နယ်အဖြစ် သတ်မှတ်ပေးစေချင်တာ ဖြစ်ပါတယ်။

 

နစကဟာ နောင်တက်လာမယ့် အစိုးရလက်ထက်မှာ “ဝ” ပြည်နယ်ရရေး ထောက်ခံပေးမယ်လို့ ပြောခဲ့သလို “ဝ”ဟာလည်း သူ့ရဲ့ ရည်မှန်းချက် အောင်မြင်အောင် မြန်မာစစ်တပ်နဲ့ တိုက်ခိုက်ပြီး ရယူမယ့်ပုံတော့ မရှိပါဘူး။

 

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းနဲ့ တွေ့ဆုံရာမှာ “ဝ” ခေါင်းဆောင်တွေက ဒီအချက်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

“ဝ” အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ နောက်ပိုင်းမှာ ပြည်ထောင်စုကနေ ခွဲထွက်မယ်ဆိုတဲ့ အချက်ကို ပြောကြားလာတာ မတွေ့ရတော့ပါဘူး။

 

တိုင်းရင်းသား အဖွဲ့တွေဟာ ဖက်ဒရယ်ထက် သာလွန်တဲ့ ကွန်ဖက်ဒရိတ် အဆင့်အတန်းနဲ့ ပြည်နယ်တွေ ရရေးကိုသာ ပြောကြားလာတာကြောင့် “ဝ” အဖွဲ့ ဟာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်ရှိတဲ့ ပြည်နယ်ရရေးအတွက် ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့တွေအပြင် မြန်မာစစ်တပ်နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ဖွယ်သာ ရှိပါတယ်။

 

ဒါကြောင့် အနာဂတ် မြန်မာနိုင်ငံမှာ “ဝ” ပြည်နယ်အပြင် တရုတ်ပုံစံ အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ရှိတဲ့ ပြည်နယ်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။

 

AT

သဘောထားအမြင် ဆောင်းပါးပါ ဖေါ်ပြချက်တွေဟာ  VOM ရဲ့ အာဘော်မဟုတ်ဘဲ ဆောင်းပါးရှင့် အာဘော်သာဖြစ်ပါကြောင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW