သုံးပတ်အတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ရှစ်မှု ဖြစ်ပွားခဲ့

အောက်တိုဘာ ၂၂ – ၂၀၂၅
SN (VOM)
မြို့နယ်တချို့မှာ အခု အောက်တိုဘာလ၊ ရက်ပေါင်း ၂၀ ကျော်အတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ရှစ်မှု ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၂ ရက်နေ့အထိ VOM က ရရှိထားတဲ့ အချက်အလက်တွေအရ အဲဒီ ဖြစ်စဉ်တွေဟာ နေပြည်တော် ကောင်စီနယ်မြေအတွင်း အများဆုံး ဖြစ်ပွားခဲ့တာဖြစ်ပြီး ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နဲ့ အင်းတကော် မြို့နယ်တွေမှာလည်း ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၂ ရက်၊ မနက် ၅ နာရီခွဲ ဝန်းကျင်ကလည်း မန္တလေးမြို့၊ ကျုံးအနောက်ဘက်၊ လမ်း ၈၀- ၂၂×၂၃ ကြားမှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် သစ်ပင်မှာ ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် မနေ့ အောက်တိုဘာ ၂၁ ရက်ကလည်း မကွေးတိုင်း၊ မကွေးမြို့၊ ချမ်းမြေ့သာယာ ရပ်ကွက်မှာ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတယောက် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခြေစိုက် ပရဟိတအသင်းတွေဆီက သိရပါတယ်။
အဲဒီလိုပဲ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ လသာအေးကျေးရွာမှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတယောက် နေအိမ် အိပ်ခန်းအတွင်းက အမြင့် ၈ ပေဝန်းကျင်ရှိ ထုပ်တန်းမှာ ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် အောက်တိုဘာ ၁၃ ရက်နေ့ကလည်း ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့သလို အောက်တိုဘာ ၁၅ ရက်နေ့ကလည်း အဲဒီ မြို့နယ်အတွင်းက ဖြုတ်ခွဲရွာမှာ အသက် ၁၄ နှစ်အရွယ်၊ ရှစ်တန်းကျောင်းသား တယောက် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် အောက်တိုဘာ ၈ ရက်နေ့ကလည်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၇၄ နှစ်အရွယ် အဘိုးအိုတယောက် နေအိမ် ရေချိုးခန်းအတွင်း ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့သလို အဲဒီနေ့မှာပဲ မကွေးတိုင်း၊ မကွေးမြို့နယ်မှာ အသက် ၃၁ နှစ်အရွယ်ဝန်းကျင် အမျိုးသားတယောက် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က နေပြည်တော်၊ တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်မှာ အသက် ၆၀ အရွယ် အဘွားအိုတယောက် ရေထဲခုန်ချ သတ်သေမှု ဖြစ်ပွားခဲ့ပါတယ်။
အခုလို ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စိတ်ကျန်းမာ အထူးကုဆရာဝန်ကြီး ဒေါက်တာရှင်ရှင်မွန်က “လူတယောက်က စိတ်ညစ်တာနဲ့ တခါတည်းတန်းပြီး သတ်မသေပါဘူး။ ကြားထဲမှာ အဆင့်တွေ၊ အချိန်တွေ တော်တော် များသေးတယ်လေ။ အဲဒီ အဆင့်တွေ၊ အချိန်တွေမှာ သေချာ ဂရုမစိုက်လိုက်လို့ ဖြစ်သွားတာပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ရမယ်၊ ဘေးလူတွေကလည်း အပြန်အလှန် ဂရုစိုက်နေကြမယ်ဆိုရင် အခုလိုဖြစ်စဉ်တွေ နည်းသွားမှာပါ” လို့ ပြောပါတယ်။
စိတ်ပြဿနာမှာ အနုစား၊ အလတ်စား၊ အပြင်းစား ရှိပြီး အနုစားအဆင့်မှာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖြေလျော့ရုံနဲ့ သက်သာနိုင်သလို ဘေးလူတွေက ပျော်အောင် လုပ်ပေးလိုက်ရုံနဲ့ သက်သာတယ်လို့ သူက ပြောပါတယ်။
“အလတ်စားကျတော့ ဆေးသောက်မှကို ရတယ်။ တခါတလေကျရင် အလတ်စားလောက်ကိုလည်း ဆေးမသောက်ချင်ဘူး။ ဒါက အရူးဆေးတွေ၊ ကိုယ်က ရူးမှမရူးတာ ဆိုပေမယ့်လည်း ဒါဟာ စိတ်ကျန်းမာရေးအတွက် အားဖြစ်စေတဲ့ ဆေးတွေဆိုတာ သိရမယ်။ ဆေးတွေနဲ့ ပတ်သက်ပြီးလည်း ကိုယ်က အမြင်မှန်ရမယ်။ ဆေးတွေသောက်ရင်လည်း ဦးနှောက်ထဲကို ကောင်းတဲ့၊ ပျော်တဲ့ဓာတ်တွေ ပြည့်စေတာပေါ့” လို့ သူက ပြောပါတယ်။
စိတ်ပြဿနာ အနုစားအဆင့်မှာ ကိုယ့်ဘာသာကိုယ် ကြိုးစားလို့ ရပေမယ့် အလတ်စား အဆင့်မှာတော့ ကိုယ်ကိုယ်တိုင် ကြိုးစားလို့မရဘဲ ခက်ခဲလာပြီ ဆိုရင်တော့ နားလည် တတ်ကျွမ်းတဲ့ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဆေးတွေသောက်မှသာ အဆင်ပြေနိုင်မယ်လို့ သူက ပြောပါတယ်။
အပြင်းစား အဆင့်ကတော့ အသိစိတ် ပျောက်သွားပြီ ဖြစ်တာကြောင့် အလုပ်မှား၊ အပြောမှား၊ အပြုအမူ မှားတာတွေ ဖြစ်လာကာ လူကြားထဲမှာ နေလို့မရတော့ဘဲ ဆေးရုံလည်း တက်ရနိုင်သလို တချို့ကတော့ လူမြင်ကွင်းကနေ ပျောက်သွားတာမျိုးတွေအထိ ဖြစ်လာနိုင်ပြီး အန္တရာယ် အရမ်းများတဲ့အဆင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
စိတ်ခွန်အား နည်းတာဟာ Bio Psycho Social လို့ ခေါ်တဲ့ ဦးနှောက်ထဲမှာ ကောင်းတဲ့ဓာတ်တွေ၊ ပျော်ရွှင်စေတဲ့ ဓာတ်တွေ နည်းပါးနေတာဖြစ်ပြီး အဲဒီ ဓာတ်တွေဟာ အိပ်မပျော်တဲ့အခါ၊ စိတ်မပျော်တဲ့အခါ၊ လှုပ်ရှားမှု နည်းတဲ့အခါ၊ အစားအသောက် ပျက်တဲ့အခါတွေမှာ နည်းပါးတတ်တယ်လို့ သူက ပြောပါတယ်။
အဓိက က ပျော်တဲ့ဓာတ် နည်းပါးလာတဲ့အခါ လူတယောက်က စိုးရိမ်မှု၊ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှု၊ ဒေါသထွက်မှုတွေ ရှိလာပြီး Negative အတွေးတွေ များလာကာ လုပ်ချင်ကိုင်ချင်စိတ်တွေ နည်းပါးလာတတ်လို့ သူက ပြောပါတယ်။
အဲဒီအခါမှာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေ လျော့နည်းလာပြီး လူတွေကို တွေ့ချင်၊ မြင်ချင်စိတ်၊ စကားပြောဆိုချင်စိတ်တွေ နည်းပါးလာကာ တယောက်တည်း အနေများလာတတ်တယ်လို့ သူက ပြောပါတယ်။
“အဲဒီလို လက္ခဏာတွေ စလာကတည်းက ကိုယ်က ဂရုစိုက်ရတော့မှာပေါ့။ တဖြည်းဖြည်းနဲ့ မရှိတာတွေမြင်၊ မရှိတာတွေ ကြား၊ မနေချင်တော့ဘူး၊ သေချင်လာရော။ အဲဒါတွေကို မလွန်ဆန်နိုင်တော့ဘူးပေါ့။ လွန်ဆန်နိုင်တဲ့ ခွန်အား မရှိရင် တကယ်လုပ်မိတာပေါ့။ အတွေးအဆင့်၊ ပြီးရင် ပါးစပ်က ထုတ်ပြောတဲ့အဆင့်၊ နောက် တကယ် လုပ်မိတဲ့အဆင့် သုံးဆင့်ရှိတာပေါ့။ ခဏခဏ တွေးမိတယ်၊ ဒါပေမယ့် သူများကို မပြောသေးဘူး။ အဲဒီလို တွေးမိရာကနေ သူများကိုလည်း ငါသေချင်လိုက်တာ၊ မနေချင်တော့ဘူးလို့ ခဏခဏ ပြောလာပြီ၊ အဲဒီလို ပြောလာပြီဆို ဘေးလူတွေက မပေါ့ဆသင့်ဘူး။ ဘေးလူတွေက ဝိုင်းပြီး ထိန်းပေးဖို့လိုတယ်” လို့ သူက ပြောပါတယ်။
လူတယောက်ဟာ အဆိုးတွေ ကြုံလာတဲ့အခါ ဒါဟာ ဘဝရဲ့ တစိတ်တဒေသ ပုံမှန်အခြေအနေတွေထဲက တခုဖြစ်ပြီး ဘဝ ဖြတ်သန်းမှုတလျှောက်လုံးမှာ အဆိုး၊ အကောင်း ဒွန်တွဲနေတာသာ ဖြစ်တာကြောင့် ပုံမှန် အခြေအနေတခုလို့သာ တွေးသင့်တယ်လို့ သူက ပြောပါတယ်။
အဆိုးကြုံလာတဲ့အခါ ဒါကို စိန်ခေါ်မှုတခု၊ စာမေးပွဲ တခု၊ အတွေ့အကြုံတခု၊ သင်ခန်းစာတခု၊ ကိုယ့်ကို ပိုပြီး ရင့်ကျက်မှုဖြစ်စေတဲ့ အရာတခုလို့သာ မှတ်ယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် မိသားစု၊ အသိမိတ်ဆွေ တွေ အနေနဲ့ကလည်း အခုလို အခြေအနေမျိုးတွေမှာ သူတယောက်တည်းကို ဂရုစိုက်တာထက် သူ့ဘေးက လူတွေ၊ ပတ်ဝန်းကျင်ကိုပါ လေ့လာပြီး နားလည်အောင် လုပ်ရမှာဖြစ်ကာ အပြစ်တင် ပြောဆိုမှုတွေ မပြုလုပ်ဘဲ အကောင်းဆုံး ကူညီပံ့ပိုးပေးဖို့ လိုတယ်လို့ သူက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ ဆိုပါက နိုင်ငံတဝန်းမှာ တနှစ်ကို လူ ရှစ်သိန်းနီးပါး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နေကြပြီး ဝင်ငွေနိမ့်ပါးတဲ့ နိုင်ငံတွေ၊ အလယ်အလတ် ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေ၊ ဖွံ့ဖြိုးတိုးတက်မှုနှုန်း နောက်ကျနေတဲ့ နိုင်ငံတွေမှာ ဒီဖြစ်စဉ်တွေ ၇၉ ရာခိုင်နှုန်းလောက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကူညီရေးအသင်းများ

Related posts

Leave a Comment

VOM News

FREE
VIEW