ဆူးငှက်
ရွာမှာ အဘနှင့် အမေတို့ အလှူ
————————————–
မြန်မာလူမျိုးများမှာ အဘိုး အဘွားတွေက သူတို့ မျက်စိနှစ်လုံး မမှိတ်ခင် မြေးလေး ရှင်ပြုတာ ကိုရင်ဝတ်တာ မြင်ချင်တယ် ဟု ပြောလေ့ ရှိကြသည်။ အဘိုးဦးလူနီ မဆုံးခင် ရွာကို အဘရောက်တော့ အိပ်ရာထဲ လဲနေသော အသက်၉၀ နီးပါး အဘိုးက သူ့သား အဘကို ခေါ်ပြောသည်။ သူ့မြေး ကျွန်တော့်ကို သူရှိတုန်း ရှင်ပြုစေချင်တာတဲ့။ အရင်လှူတာက မောင်ချစ်တီးလှူတာပဲ၊ အခု မောင်ပေါလူ မင်းတို့ ကိုယ်တိုင် လှူကြဦး တဲ့။ ထိုသို့ အဘကို ခေါ်ပြောတော့ နောက်နှစ် တပို့တွဲ တပေါင်းအမီ ရွာမှာပဲ ပြန်လှူဖို့ အဘမှာ ပြင်ဆင်ရတော့သည်။
ဦးကြီးဦးချစ်တီးကတဆင့် ရွာကို ကြိုတင်မှာသင့်တာတွေ မှာရသည်။ ငါးခြေက်တွေကိုတော့ မန္တလေး ဈေးချိုက ဝယ်ခဲ့မည်။ အလှူမှာ မောင်ရင်လောင်းက ကျွန်တော်နှင့်အတူ အစ်မကြီး မမခင်ရီ၏ သားဦး ကျွန်တော်နှင့် အသက်မတိမ်းမယိမ်း ရှိနေသော ဗိုလ်မြင့်သန်း(မြတ်သူ)၊ အမလတ် မမခင်လှ၏ သား ထွန်းထွန်း၊ ရွာက ဦးလေး ကိုလှညွန့်သား သိန်းဟန်နှင့် နားရံအဖြစ် မမခင်လှ သမီးကြီး ခင်သန်းဦးတို့ ဖြစ်သည်။
တကယ်တော့ အဘမှာ အလှူကို ပြည့်ပြည့်စုံစုံ လောက်လောက်ငင ဖြစ်စေဖို့ ငွေကြေးက ဖောဖောသီသီ မရှိ။ အဘိုးပေးလိုက်သော ရွှေထည်စလေး ထုခွဲ လိုက်သည်။ ကိုရင်သင်္ကန်း နှင့် ပရိက္ခရာစသော ရှင် အသုံးအဆောင် များကို ဆင်တံတားဦးရှင် ဒေါ်နုတို့က လှူဒါန်းသည်။ မုံရွာက ဦးလှဘော်နှင့် မမခင်ရီတို့ကလည်း သူတို့သားကြီး ရှင်လောင်းပါတော့ မုံရွာမှာ ဝယ်လို့ခြမ်းလို့ရသည့် ပစ္စည်းတွေကို ဝယ်ခြမ်းပေးသည်။
ကိုင်း အလှူကတော့ ရက်သတ်မှတ်ပြီးပြီ။ အတော်များများလည်း ဝယ်ခြမ်းပြင်ဆင်ပြီးပြီ။ ကျွန်တော်လည်း စာမေးပွဲပြီးကတည်းက ဦးပဏ္ဍဝံချပေးသော သင်္ကန်းတောင်းကို ကျက်နေပြီ။ ဦးပေါလူ လှူမှာဆိုတော့ ဆိုင်း နဲ့ ဘိသိတ် ပါဦးမှပေါ့ ဟူသော အားပေးသံတွေကြောင့် အဘ လည်း ခေါင်းပွတ်နေပြီ။ လှူမှာက မန္တလေးမဟုတ်၊ မုံရွာက မိုင်၂၀ကျော် ဆက်သွားရမည့် ဘုတလင် အရှေ့ဘက် ၅မိုင်လောက် လှည်းနဲ့ တအိအိ သွားရဦးမှာ၊ သို့သော် အဘ မပြောခင်ကတည်းက အိမ်ကို တစ်လ ၂ခေါက် ၃ခေါက် ပွဲအား အားသလို လာနေသော စိန်ဘညိုက ဦးလေးလူ အလှူမှာ ဆိုင်းပါမှ ဖြစ်မှာပေါ့ ဟု ဆိုကာ စီစဉ်သည်။ မုံရွာမှာ သူ့ညီ စိန်မောင်တင်က ဆိုင်းအဖွဲ့ သပ်သပ်ရှိသည်။
နောက် ညီတစ်ယောက်ဖြစ်သော စိန်စောလွင်ကလည်း ပတ်တီးခွဲနေပြီ၊ သည်တော့ စိန်မောင်တင်က သူ့ဆိုင်းအဖွဲ့နှင့် သဖန်းကို သွားပြီး အလှူဝင် ဧည့်ခံတီးနှင့်၊ အလှူနေ့ မနက် ဧည့်ခံအမီ စိန်ဘညိုက လာမည်။ အလှူဧည့်ခံကို စိန်ဘညို တာဝန်ယူမည်။ စိန်ဘညိုက မန္တလေးသို့ သူ့ဆိုင်းပွဲ အမီပြန်ရမှာမို့ ဘိသိတ်ခန်းကို ညီငယ် စိန်စောလွင်က တီးမည်ဟု စိန်ဘညို စီစဉ်လိုက်တော့ အဘလည်း ပြုံးပြုံးကြီး ခေါင်းပွတ်နိုင်တော့သည်။ အလှူ မတိုင်မီ မန္တလေးက မောင်ရင်လောင်း ၂ယောက်နှင့် နားရံ ၁ယောက်ကို ဦးကြီးလှတင်က သူ့ လှဂုဏ်ရည် ဓာတ်ပုံတိုက်သို့ ခေါ်ပြီး ဓာတ်ပုံတွေ ရိုက်ပေးကာ အလှူမဏ္ဍပ်မှာ ချိတ်ဖို့ ပုံကြီးတွေ ချဲ့ပြီး မှန်ဘောင်ပါ တခါတည်း သွင်းပေးသည်။
အလှူရက်နားနီးတော့ ရွာက ဦးကြီးချစ်တီးတို့ မန္တလေးလိုက်လာပြီး မန္တလေးက ဝယ်ထားသည့် ငါးခြောက်နှင့် အခြားပစ္စည်းများ လာသယ်ပေးသည်။ ကျွန်တော်တို့ကတော့ အလှူရက်နှင့် ၃ရက်လောက်ခွာပြီးမှ ဘုတလင်အထိ ရထားနှင့် သွားကြသည်။ ထိုစဉ်က မန္တလေးဘူတာမှ မနက် ၅နာရီ ထွက်သောရထားက မုံရွာဘူတာသို့ ၁၂နာရီလောက်တွင်ဆိုက်ပြီး နာရီဝက်လောက် ခဏနားကာ ဘုတလင်သို့ ဆက်ထွက်တာ နာရီပြန်၂ချက်လောက် ရောက်သည်။ ဘုတလင်ဘူတာမှာ ရွာက လှည်းတွေ စောင့်နေကြသည်။ ရထားဆိုက်တာနှင့် လှည်းတွေပေါ် ပစ္စည်းတင်၍ ချက်ချင်းမောင်းပြီး သပြေပင်ရွာ သဲတာ ကုက္ကိုပင်ကြီးတွေ အရိပ်မှာ နားပြီး ထမင်းစားကြသည်။ စားသောက် နားနေပြီး လှည်းတွေ ထွက်တော့ ညနေမစောင်းမီ ရွာရောက်သည်။
အဘိုးနှင့် အမေကြီးဆီ
——————————-
ရွာရောက်သည်နှင့် နေရာချ ခဏနားပြီး အဘက ကျွန်တော့်ကိုခေါ်ကာ အဘိုးဦးလူနီကို သွားကန်တော့သည်။ အဘိုးအိပ်နေသော ထန်းရွက်တဲလေးက ကျွန်တော့် တစ်ရပ်လွတ်လောက်မို့ လူကြီးတွေဆို ခေါင်းငုံ့ဝင်ရသည်။ အဘိုးကို ပြုစုပေးနေသော အရီးဒေါ်လုံးတင်က ပြောင်းဖူးဖက်ကြီး ဖွာရင်း မနက်ကတည်းက မောင်ပေါလူတို့ လာပြီလား တမေးတည်း မေးနေတာ ဟု ပြောသည်။ ထို့နောက် အမေတည်းနေသော အမေကြီး ဒေါ်နှင်းသ ရှိသည့် မမညိုတို့ အိမ်ကို သွားကာ အမေကြီးကို ကန်တော့သည်။ အမေကြီးက အိမ်ရှေ့က ခုံတန်းလျားပေါ် ငုတ်တုတ်လေး ထိုင်နေသည်။ မျက်လုံးကတော့ သဲသဲကွဲကွဲ မမြင်ရတော့၊ နားကတော့ ကောင်းသည်။ ကျွန်တော့ခေါင်းနှင့် မျက်နှာကို အမေကြီးက သူ့လက်နှင့် စမ်းသည်။
အမေကြီးအနား ခဏနေပြီး အဘနှင့် ကျွန်တော်က တောင်ကျောင်း အုတ်တိုက်နှင့် ကျောင်းအကြား ဆင်ထားသည့် မဏ္ဍပ်ကို သွားကြည့်ကြသည်။ ရွာ လူကြီးတွေ ကာလသားတွေ အတော်များများက မဏ္ဍပ်မှာ ရောက်နေပြီး လက်စသတ်နေကြပြီ။ အဘ က ကျောင်းအဝင်စ တောင်ဘက် မန်ကျည်းပင်ကြီးအောက် ဆိုင်းစင်ဆောက်ဖို့ ပြောတော့ ဦးကြီးဘစိန်က ကိုပေါလူ ညဆို အတော် အေးသေးတာနော်၊ မင့်အလှူက မန္တလေးမှာလို ညဧည့်ခံစရာမှ မလိုတာ၊ မဏ္ဍပ်ထဲပဲ ဆိုင်းဆင်လိုက်ရင် ပရိသတ်ကလည်း မဏ္ဍပ်ထဲဆိုတော့ အအေးသက်သာတာပေါ့ ဟု ဆိုမှ အဘက ဟုတ်သားပဲ ကိုဘစိန်ဟု ခေါင်းညိတ်သည်။ ဦးဘစိန်က အဘလေးစားသော မြန်မာဆေးဆရာဖြစ်သည်။
ထိုညကတည်းက ဦးကြီးချစ်တီးအိမ်ရှေ့မှာရော မမညိုအိမ်ရှေ့မှာရော ရွာက အမျိုးသားအမျိုးသမီး လူငယ်တွေ စုကာ ကြက်သွန်လှီးကြ၊ ဆန်ပြာကြ၊ ပဲရွေးကြ၊ ဖက်ဖြတ်ကြ၊ ဆေး လိပ်ကြနှင့် အောက်လင်းမီး တထိန်ထိန် လူသံ တသောသောနှင့် ပျော်စရာ ကောင်းလှသည်။ ကျွန်တော်ကတော့ ကိုမောင်ဝင်းနှင့် ဟိုအိမ်ကူးလိုက် ဒီအိမ်ကူးလိုက်၊ ဟိုအိမ်ကကျွေးတာ စားလိုက်၊ ဒီအိမ်က ကျွေးတာစားလိုက်နှင့် မောင်ရင်လောင်းမို့ မျက်နှာပွင့်နေသည်။ အမေက ဟဲ့ ဟိုသွားဒီသွား မသွားနဲ့တော့၊ လှူခါနီး နတ်ဖွက်တတ်တယ် ဟု လှမ်းအော်သည်။ ကိုမောင်ဝင်းက ဒွေးကြီး ကျွန်တော်ပါ ပါတယ်ဗျ။ မြောက်ဘက် ဦးဖိုးတော် အိမ်တင်ပါ၊ ကိုကိုစံလင်းက ခေါ်ထားလို့ ဟု ပြောသည်။
ကျောင်းကြီးပေါ်မှာ မောင်ငယ် မဆော့နိုင်
————————————————–
နောက်ရက်တွေကျ ရောက်စကလို လတ်လျားလတ်လျား လုပ်လို့မရတော့ ကျွန်တော်တို့ မောင်ရင်လောင်း တွေကို တောင်ကျောင်း ဘုန်းကြီး ဦးဇင်းဆောင်းက ကျောင်းခေါ်ပြီး သင်္ကန်းတောင်းတွေ ပြန်ချပေးသည်။ ရှင်ကျင့်ဝတ်တွေ သင်သည်။ ထို့ကြောင့် ကျောင်းက မပြန်ရတော့။ သည်လိုနှင့် အလှူနေ့ရောက်ပြီ။ မနက် ကတည်းက မဏ္ဍပ်မှာ အသံချဲ့စက်ဖွင့်နေပြီ။
အမျိုးတွေဖြစ်သော ဆိတ်လူးအိုင်ဆရာတော် ဦးသုန္ဒရ နှင့် ပေါက်ဆိန်ပေါက် ဆရာတော် ဦးဝိသုဒ္ဓ တို့ ကပ္ပိယတွေနှင့် အတူ လှည်းယဉ်လေးတွေနှင့် ကြွလာကြပြီ။ ဆက်တိုက်ဆိုသလို ချင်ပင် မုံထူး ထူးကြီး ထန်းတော မန်ကျည်းအုပ် ကံသာ သပြေပင် ဘုတလင် အင်းတဲ စသည့် ရွာများက ဆရာတော်များကြလာသည်။ ကြွလာသော ဆရာတော်များကို တောင်ကျောင်း သစ်သားကျောင်းနှင့် အုတ်တိုက်ကျောင်း တို့တွင် စီစဉ်ထားသည့်အတိုင်း သီတင်းသုံးကြသည်။
မွန်းတိမ်းပြီး မကြာမီမှာပင် ရွာအနောက်ဘက် ဘုံယာကြီးဘက်ဆီမှ ဗုံသံ ဘင်သံများ တဒုံးဒုံး တဒိုင်းဒိုင်း ထုသံနှင့် ဖုံတလုံးလုံးကြား ဆိုင်းလှည်း သုံးစီးဝင်လာသည်။ မဏ္ဍပ်ထဲက ကလေးတွေ ညာသံပေးပြီး ဆိုင်းလှည်းဆီပြေးကြပြီး လှည်းနောက်က ခိုလိုက်ကာ မီသည့် ဗုံတွေ စည်တိုတွေ တဘိန်းဘိန်းတီးကြ၏။ မကြာပါ မဏ္ဍပ်ထဲ ဆိုင်းဆင်ပြီးတာနှင့် ဗျေရိုက်သည်။ ကျွန်တော့်ရင်ထဲက လှိုက်ခနဲ ဖြစ်သွား၏။ ဗျောရိုက်ပြီး ဆိုင်းနားနေစဉ် ရွာဘက် တောင်တံခါး ပန်းချင်းယာဘေး ကျောင်းအဝင်လမ်းအတိုင်း တောင်ရပ်တီးဝိုင်းက ထမ်းပိုးလျှိုထမ်းသော ပတ်မ မောင်းဆိုင်း နှဲ ပလုတ် စည်း ဝါး လင်ကွင်း မောင်းကြီးတို့နှင့် “ဗြိရှမ်း ဗြိရှမ် ဒူဟူဟူ” ဟူသော ဆွမ်းကြီးတီးလုံးနှင့် မဏ္ဍပ်ဆီဝင်လာ၏။
အလိုလေး တောင်ရပ်တီးဝိုင်းရှေ့က မင်းသားအဝတ်အစားအပြည့်အစုံ ပန်းတွေဝေနေသည့် ခေါင်းပေါင်းနှင့် မိတ်ကပ်အရဲသားနှင့် တီးလုံးအတိုင်း ညွတ်နေအောင် ကလာတာက ဘယ်သူများလဲ အောက်မေ့တာ ကိုမောင်ဝင်းပါလား၊ မင်းသားဟန် အပြည့်နှင့် ကျကျနန က သည့်အပြင် ပုဆိုးဆွဲတာ ခေါင်းငဲ့တာ ခြေလှမ်းတာက အစ ပီဘိ မင်းသားပါလား။
အမေက သူ့တူကိုကြည့်ပြီး သဘောတွေကျကာ ဝမ်းသာမျက်ရည် ဝဲနေ၏။ မကြာမီ မြောက်ရပ် တီးဝိုင်းလည်း ကျောင်မဘက် လမ်းက ဝင်လာပြီ။ ကျွန်တော်တို့ကို အစ်မတွေက မောင်ရင်လောင်း အဝတ်အစားတွေ ဝတ်ပေးသည်။ ကျွန်တော်တို့က တီးဝိုင်းတွေဘက် လှည့်ကြည့် လှည့်ကြည့်။
မကြာမီ ရှင်လောင်းလှည့် တော့မည်။ ကျောင်းပေါ်က ရွှေထီးတွေကို ကျောင်းသားလေးတွေ ဖွင့်နေကြပြီ။ ထမ်းစ်တွေက ကျောင်းလှေကားရင်း ရောက်ပြီ။ ဦးကြီးချစ်လှက တဘက်ခေါင်းပေါင်းကြီးနှင့် ခါးလေးစောင်းကာ ကွမ်းထောင်ကိုင် မမစောမေတို့ မမစောရွှေတို့အဖွဲ့ကို တန်းစီခိုင်းနေသည်။ ကာလသားခေါင်း ကိုအောင်မောင်းက တောင်ရပ် တီးဝိုင်းကို ကွပ်ကဲနေရာမှ ဦးကြီးချစ်လှဆီလာပြီး မြောက်ရပ်တီးဝိုင်းနှင့် ဘယ်သူက ရှေ့က နေရမလဲဟု မေးလို့ မင်းတို့က အိမ်ရှင်လေ၊ စံဝင်းတို့ မြောက်ရပ်ကို ဦးစားပေးရမှာ ဟု ငေါက်ပြော ပြောသည်။ တောင်ရပ် တီးဝိုင်းထဲက ပတ်မတီး ဖိုးဝက ကိုအောင်မောင်းကို လှမ်းခေါ်နေသည်။
အဘိုး အဘွားကန်တော့ နတ်ပြ အလှူလည် ညနေ
——————————————————–
ကျွန်တော်ကတော့ အိပ်ရေးတွေပျက်တာရော လူသံ တီးဝိုင်းသံတွေရော ဖုံတလုံးလုံးကြား ချွေးတရွှဲရွဲနှင့် ထမ်းစင်ပေါ် လိန်ပိန်ထိုင်ရင်း အဘိုးအိမ်ဦး အမေကြီးအိမ်ဦး ကြီးဒေါ်တင် နတ်စင် ဇရပ်ဝင်း မြောက်ရပ် ဦးလေးလှညွန့်အိမ် မြောက်ရပ်ဇရပ်ဝင်း ကျောင်းမထိပ် ရွာဦးနတ်စင် ထိုမှ မဏ္ဍပ်ထဲ ဘယ်လိုဘယ်လို ရောက်သွားမှန်းမသိတော့။ အဘိုးတို့ အမေကြီးတို့ ကန်တော့စဉ်ကပဲ မှတ်မိပြီး နတ်စ်တွေ ကန်တော့တော့ အိပ်ချင်မူးတူးဖြစ်ကာ ပွေ့ချရသတဲ့လေ။ အဲဒီည မဏ္ဍပ်ထဲပင်မရောက်၊ စိန်မောင်တင် ဆိုင်းလည်း နားမထောင်နိုင်တော့ တောင်ကျောင်း အုတ်တိုက် အောက်ထပ် ကုတင်ကြီးပေါ် မောင်ရင်လောင်းတွေ အိပ်လိုက်ကြတာ မနက် စောစော မမခင်မြနှိုးမှ ထသည်။ ဆိုင်းက ဗျောတီးနေပေါ့။ မုံရွာက ဦးလှဘော်တို့ မမခင်ရီတို့က အဝတ်အစားပင်လဲပြီးပေါ့။
ဆရာတော်တွေကို တောင်ကျောင်း အသားကျောင်းကြီးပေါ်မှာ အရုဏ်ဆွမ်းကပ်နေလို့ အဘတို့ အမေတို့နှင့် အစ်ကိုတွေ အစ်မတွေ အမျိုးတွေ ကျောင်းပေါ်ရောက်နေကြတာတဲ့။ ဦးလှဘော်နှင့် မမခင်ရီတို့က အချိုပွဲကပ်ဖို့ ခပ်သုတ်သုတ် သွားကြပြီ။ ကျွန်တော်တို့ကို သနပ်ခါးတွေလူးပေးကာ မန္တလေးကပါလာသည့် မောင်ရင်လောင်း အဝတ်အစားတစ်စုံ ပြောင်းဝတ်ပေးသည်။ အခုဟာက မနေ့ညနေ အလှူလည်စဉ်ကလို ဖော့လုံးဖြူ ခေါင်းပေါင်း မဟုတ်တော့။ ရွှေချည်ထိုးတွေနှင့် ဥသျှောင်ပုံဖြစ်သည်။ သိန်းဟန်ဥသျှောင်က ချောင်နေလို့ လက်ကိုင်ပုဝါခုရသည်။
ဗိုလ်မြင့်သန်း(မြတ်သူ) က ဒီဟာကြီးမဆောင်းဘူး မနေ့ကဟာပဲ ဆောင်းမှာဟု ငြင်းနေလို့ ချော့နေရသည်။ အငယ်ဆုံး ထွန်းထွန်းက ခပ်၀၀နှင့် တင်ပလ္လင်ခွေထိုင်နေတာ လူကြီး တစ်ယောက်လို ဣန္ဒြေကြီးနှင့်မို့ သဘောကျနေကြသည်။ နားသ ခင်သန်းဦးက စူပုတ်ပုတ်နှင့် အလိုမကျသလို ဖြစ်နေသော်လည်း ချေးတော့ မများ။ မဏ္ဍပ်ထဲရောက်တော့ မောင်ရင်လောင်းစင်မှာ ထိုင်ကြရသည်။ နားသက အောက်တဆင့်က ထိုင်သည်။ ဆွမ်းစားပြီးသည့် သံဃာတော်တွေက သံဃာစင်ပေါ် အသင့်တင်ထားသည့် ခေါင်းအုံးများမီပြီး သီတင်းသုံးနေကြသည်။
မန္တလေးက မလင်းခင်ထွက်လာတဲ့ ဂျစ်ကား
————————————————–
နေက ထန်းတစ်ဖျားမရောက်မီ ဧည့်မကျမီ အချိန်မှာပဲ ဂျစ်ကားလေးတစ်စီး ဝင်လာ၏။ ဂျစ်ကားလေးက ကျောင်းလှေကားရှေ့ ထိုးဆိုက်သည်။ ကျောင်းပေါ်က အဘ ခပ်သွက်သွက်ဆင်းကာ ကြိုသည်။ မန္တလေးက စိန်ဘညိုနှင့် သူ့တပည့်တွေတဲ့။ အဘက သူတို့ကို ကျောင်းပေါ် ခေါ်သွားသည်။ ခဏအကြာ သူ့တပည့်တစ်ယောက်က ကျောင်းပေါ်ကဆင်းလာပြီး ဆိုင်းဝိုင်းထဲက ပတ်ဝိုင်းဝင်ကာ ပတ်စာညှိနေသည်။ မကြာမီ အဘနှင့် အတူ စိန်ဘညိုနှင့် သူ့တပည့်တွေ မဏ္ဍပ်ထဲဝင်လာကာ ဘုရားခန်းကို ဦးချသည်။ သံဃာစင်ပေါ်က သံဃာတော်များကို ဦးချသည်။
ထို့နောက် ပတ်ဝိုင်းထဲဝင်တော့၏ မနေ့ညကတည်းက ခေါင်းဆောင်တီးနေသည့် သူ့ညီ စိန်မောင်တင်က ကြေးဝိုင်းဝင်သည်။ စောစောက ပတ်စာဝင်ဖြည့်ပေးသည့် မန္တလေးကပါလာသော တပည့် ကိုထွန်းမောင်က မောင်းဆိုင်းရှေ့ဝင်သည်။ အတူပါ ကိုပိုလိုက ပတ်မချောင်ဝင်၏။ ကိုပိုလိုက အရင်က နောက်ထ၊ နောက်တော့ ပတ်မတီးဖြစ်သွားသည်။ လမ်းပြဖို့ အတူပါလာသော နယ်ခံ ကိုသာ၀ စည်တိုချောင် ဝင်သည်။ စည်းဝါးက ညီအငယ် စိန်စောလွင်၊ နှဲက စိန်မောင်တင့် ဝိုင်းကနှဲ။ ဤသို့ဖြင့် အလှူဧည့်ခံကို စိန်ဘညိုအဖွဲ့က မန္တလေးမှလာပြီး ကူသည်။
မနေ့ည မန္တလေး မန္တလေးက မလင်းခင်ထွက်လာတာတဲ့။ ဒီနေ့ နေ့လယ် မွန်းမတည့်မီ ဘိသိတ်ခန်းမဝင်ခင် စိန်ဘညိုအဖွဲ့က အဘကို နှုတ်ဆက် ဘုန်းကြီးကို ကန်တော့ကာ ဂျစ်ကားလေးနှင့် ပြန်ကြပြီ။ ညနေ အရိပ်မထွက်ဘုရားနားက အလှူ ဆိုင်းဝင်အမီ ပြန်ရမှာတဲ့။ မုံရွာ ပေါ်ဦးဘိသိတ်ခန်းမှာ စိန်စောလွင်က ပတ်ဝိုင်းထိုင်သည်။
အဘကတော့ မန္တလေးကနေ တကူးတကန့် လာကာ အလှူ ကူတီးသလို မုံရွာက ညီတွေနှင့်လည်း အလှူအတွက် စီစဉ်ပေးသော စိန်ဘညိုကို ကျေးဇူးတင်လှသတဲ့။ အပြန်မှာလည်း ဂျစ်ကားပေါ် မတက်ခင် အဘကို ကန်တော့ပြီး အလှူကူငွေ ၂၀ လှူသွားသေးလို့ အားနာလိုက်တာတဲ့။ ဒါကြောင့် အဘအလှူက အလှူပိန်ပေမင့် ဆိုင်းက ၃ဆိုင်းဟု ပြောရပေမည်။
ကိုရင်လူထွက် ငါးပိချက်
—————————
ရွာအလှူက ပြန်လာပြီး ကိုရင်လူထွက် ငါးပိချက်ဖြစ်ခဲ့ပြီ။ သည်တစ်ခါတော့ အရင်တစ်ခါ ကိုရင်ဝတ်သလို တစ်ညမျှပင် အောင့်အည်း မခံနိုင်သူ မဟုတ်တော့။ ရွာတောင်ကျောင်းက ဦးဇင်းဆောင်းထံမှာ ၇ရက်ကြာခဲ့သည်။ ဦးဇင်းဆောင်းက ကိုရင်တွေကို ဘုရားရှိခိုးတွေသင်သလို ပုံပြင်ရှေးစကားတွေလည်း ပြောသည်။ နေ့လယ်နေ့ခင်းလည်း အိပ်ရသည်။
တစ်ခုပါပဲ မနက် ၄နာရီ တုံးမောင်းခေါက်လျှင် မဖြစ်မနေ အိပ်ရာက ထပြီး ဘုရားရှိခိုးကာ အရုဏ်ဆွမ်း စားရသည်။ ရွာကျောင်းမှာ ကိုရင်တစ်ပတ်လောက် ဝတ်တော့ အဘတို့ အမေတို့လည်း ရွာမှာ အေးအေးဆေးဆေး နေရတာပေါ့။ အမေက သူ့မိဘမွေးချင်းများဇာတိ တန်းတောရွာသို့လည်း သွားလည်သတဲ့။ တစ်ဆက်တည်း သူ့မောင်ကြီး ဘုန်းကြီးသီတင်းသုံးခဲ့သည့် ပေါက်ဆိန်ပေါက် ရွာကျောင်းသို့လည်း ဝင်ခဲ့သတဲ့။
ပေါက်ဆိန်ပေါက်နှင့် ထန်းတောရွာက ကပ်လျက် နှစ်ရွာ့တစ်ရွာတဲ့။ ပေါက်ဆိန်ပေါက်ရွာကျောင်းမှာ သီတင်းသုံးနေသော ဆရာတော် ဦးဝိသုဒ္ဓကလည်း အရင် ဘကြီးဘုန်းကြီး ဦးတိလောက၏ တပည့်ရင်း ဖြစ်သလို အမေ့ဆွေမျိုးလည်း တော်စပ်သည်။ ပေါက်ဆိန်ပေါက် ဆရာတော်က မန္တလေးမှာ စာလိုက်နေတာ တိပိဋက ၁ပုံအောင်ပြီးသားတဲ့။
ရွာက သူ့ဆရာပျံတော်မူလို့ ရွာပြန်ပြီး ကျောင်းထိုင်လိုက်ရသည်။ ဆရာတော်က ပိန်ပိန်ပါးပါး မျက်စိက အားနည်းသည်။ အမြဲ မျက်လွှာချနေသည်။ စကားကိုလည်း တိုးတိုးသက်သာပဲ ပြောသည်။ တရားဟောလည်း ကောင်းသတဲ့။ နယ်မှာ သြဇာရှိသတဲ့။
ပေါက်ဆိန်ပေါက် ဆရာတော်
————————————
ကျွန်တော်ကတော့ အရင်ကတည်းက မန္တလေးအိမ်ကို ပေါက်ဆိန်ပေါက် ဆရာတော် ကြွလာလျှင် အလွန်ပျော်သည်။ ဆရာတော်ကြွလာတာနှင့် ဝင်းပေါက် ဦးပုဆိုင်က ဘိလပ်ရည် တစ်လုံး ပြေးဝယ်ရသည်။ ကျွန်တော်က အစိမ်းရောင် ကရင်ဆိုဒါဝယ်သည်။ ဆရာတော်ကို အိမ်က ဖန်ခွက်ထဲ ဘိလပ်ရည်ထည့်ပြီး ကပ်တိုင်း ဆရာတော်က ကုန်အောင် ဘယ်တော့မှ ဘုန်းမပေး။ ဖန်ခွက်ထဲမှာ တစ်ဝက်လောက် ကျန်ကာ ပုလင်းထဲမှာလည်း ကျန်တော့ အကျန်အားလုံး ကျွန်တော် သောက်ရတာပေါ့။ ဘိလပ်ရည်ဆိုတာ နေမကောင်းမှသာ အထူးအခွင့်အရေးအနေနှင့် သောက်ရတော့ အခုလို ဆရာတော်ကြွလာသည်က ဘိလပ်ရည်သောက်ရဖို့ ရတောင့်ရခဲ အခွင့်အရေး ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ကြိုက်သော အစိမ်းရောင် ကရင်ဆိုဒါကို ပြေးဝယ်တာပေါ့။ နောက် ဆရာတော်ပြန်ကြွလျှင်လည်း “မောင်ကျော်ဆန်း ဒို့ကို ဝင်းပေါက်ထိပ် လိုက်ပို့ဦး” ဟု မိန့်သည်။
ဝင်းပေါက်ထိပ်ရောက်တော့ သင်္ကန်းကြားထဲက ကျပ်တန် အသစ်လေးတွေ အမြဲပေးသည်။ အနည်းဆုံ ၃ရွက်ပါပဲ။ တစ်ခါတရံ ၅ရွက်အထိ ရဖူးသည်။ ထိုအချိန်က ကျပ်တန်၃ရွက်က နည်းမှတ်လို့။ ထို့ကြောင့် ပေါက်ဆိန်ပေါက် ဆရာတော်ကြွလာလျှင် ကျွန်တော်က ဆော့နေလျှင်ပင် ပြန်ပြေးလာကာ အနားက မခွာတော့။ ထို့ပြင် ရွာပြန်သည့် အခေါက်တိုင်းလည်း ပေါက်ဆိန်ပေါက်ကျောင်းကို သွားကြသည်။ ကျောင်းက ထမင်းဟင်းစပယ်ရှယ်ကျွေးကာ ရွာမုန့် ရွာသီးနှံတွေ အလျှံပယ်ပေးလိုက်သည်။ ထို့ပြင် ညစာကိုကျ ရွာထဲက ဆရာတော့် မယ်တော် ဒေါ်မယ်ရာက သူ့အိမ်မှာ ကျွေးပြန်၏။
ဆူးငှက်
