ရဲထွန်း(သီပေါ)
ဒုတိယ ကမ္ဘာစစ်ပွဲကြီးမှာ စစ်ရှုံးသွားတဲ့ ဂျာမန်၊ အီတလီ နဲ့ ဂျပန် ဖက်ဆစ် ဝန်ရိုးတန်း ( ၃ ) နိုင်ငံဟာ သူတို့ကျူးကျော် တိုက်ခိုက်ခဲ့ရာ ဒေသအလိုက် အသီးသီးလက်နက်ချ အရှုံးပေးလိုက်ပါတယ်။ အဲဒီလို အကြွင်းမဲ့လက်နက်ချ အရှုံးပေးလိုက်တဲ့နေ့တွေကို အောင် ပွဲနေ့ Victory Day အဖြစ်သတ်မှတ်ကြပါတယ်။
ဥရောပ ဖက်မှာဆိုရင် ဖက်ဆစ် ဂျာမနီက ပြင်သစ်နိုင်ငံ Reims မြို့နှင့် ဂျာမနီနိုင်ငံ ဘာလင်မြို့တို့ မှာ ချွင်းချက်မရှိလက်နက်ချ စာချုပ်လက်မှတ်ရေးထိုးလိုက်တဲ့ ၁၉၄၅ ခုနှစ်မေလ ( ၈ ) ရက်နေ့ကို ဥရောပ အောင်ပွဲနေ့ အဖြစ်သတ်မှတ်ပါတယ်။ အဲဒီတုံးက ဆိုဗီယက်ယူနီယံ ( ယခု ရုရှား နိုင်ငံ ) မှာတော့ လက်မှတ်ထိုးတဲ့ အချိန်ဟာ ဒေသစံတော်ချိန် အရ မေလ ( ၉ ) ရက်နေ့ဖြစ်တာကြောင့် ၁၉၄၅ ခု မေလ ( ၉ ) ရက်နေ့ဟာ အောင်ပွဲနေ့ ဖြစ်ပါတယ်။
အီတလီမှာတော့ ကျူးကျော်သိမ်းပိုက်ထားတဲ့ နာဇီဂျာမနီ နဲ့ ရုပ်သေး မူဆိုလိုနီ ကိုအောင်နိုင်တဲ့ နေ့အဖြစ် ၁၉၄၅ ခု ဧပြီလ ၂၅ ရက်နေ့ကို အီတလီ လွတ်လပ်ရေးနေ့ ( Liberation Day ( Italy ) လို့သတ်မှတ်ပါတယ်။
အာရှတိုက်ဘက်မှာတော့ ဂျပန်လက်နက်ချကြောင်း ကနဦးကြေညာတဲ့ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ ( အမေရိကန်မှာ ဒေသစံတော်ချိန်အရ သြဂုတ်လ ၁၄ ရက်နေ့ ) နဲ့ ချွင်းချက်မရှိလက်နက်ချကြောင်း တရားဝင်လက်မှတ်ရေးထိုးတဲ့ ၁၉၄၅ ခု စက်တင်္ဘာလ ၂ ရက်နေ့ ၂ ရက်လုံးကို Victory over Japan Day ဂျပန်အပေါ် အောင်ပွဲခံတဲ့ နေ့တွေအဖြစ် သတ်မှတ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့တော့ အဲဒီတုံးက တရုတ်သမတ နိုင်ငံရဲ့ အမျိုးသားအစိုးရ ( ချန်ကေရှိတ် အစိုးရ ) ကိုယ်စားလှယ်က တိုကျိုပင်လယ်ကွေ့ ထဲက ယူအက်စ်အက်စ် မစ်ဆူရီ သင်္ဘောပေါ်မှာ လုပ်တဲ့ ဂျပန်လက်နက်ချ လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ပြီး၊ စက်တင်္ဘာလ ၃ ရက်နေ့ကစတင်တဲ့ ၃ ရက်ကြာ (V-J Day) ဂျပန်ကို အောင်နိုင်ခြင်းနေ့ အလုပ်အားလပ်ရက်ကို ကြေညာခဲ့ပါတယ်။ နောက်တနှစ်ဖြစ်တဲ့ ၁၉၄၆ ခုနှစ်ကစပြီး၊ စက်တင်္ဘာလ ၃ ရက်နေ့ကို “ ဂျပန်ခုခံဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲနေ့ “ အဖြစ်သတ်မှတ် ကျင်းပခဲ့ပါတယ်။ အကြောင်းကတော့ ကမ္ဘာလုံး ဆိုင်ရာအရ ဂျပန်လက်နက်ချတာက စက်တင်္ဘာလ ၂ ရက်နေ့ဖြစ်ပေမဲ့ တရုတ်နိုင်ငံမှာရှိနေတဲ့ ဂျပန်တပ်တွေ တရားဝင်လက်နက်ချတဲ့ရက်က စက်တင်္ဘာလ ၃ ရက်နေ့ဖြစ်လို့ပါ။
၁၉၄၉ ခုနှစ် အောက်တိုဘာလမှာ ဥက္ကဌ မော်စီတုံးရဲ့ တရုတ်ကွန်မြူနစ်အစိုးရက ချန်ကေရှိတ်ရဲ့ အမျိုးသားအစိုးရကို တိုက်ထုတ်လိုက်ပြီး တရုတ်ပြည်မကြီး တခုလုံးရဲ့ အစိုးရဖြစ်လာပါတယ်။
အသစ်တက်လာတဲ့ တရုတ်ပြည်သူ့သမတနိုင်ငံအစိုးရဟာ သြဂုတ်လ ၁၅ ရက်နေ့ကို V-J Day ဂျပန်အပေါ်အောင်ပွဲခံတဲ့ နေ့အဖြစ် သတ်မှတ်ခဲ့သေးပေမဲ့ ၁၉၅၁ ခုနှစ်မှ စတင်ကာ စက်တင်ဘာလ ၃ ရက်နေ့ကိုဘဲ “တရုတ်ပြည်သူ့ခုခံစစ် အောင်ပွဲနေ့” (中国人民抗日战争胜利纪念日) အဖြစ် တရားဝင် ပြန်လည်သတ်မှတ်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၄ ခုနှစ်မှာတော့ အမျိုးသားပြည်သူ့ကိုယ်စားလှယ်များ အမြဲတမ်းကော်မတီမှ စက်တင်္ဘာလ (၃) ရက်နေ့ကို တရုတ်ပြည်သူ့ ဂျပန်ခုခံဆန့်ကျင်ရေးစစ် နဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ် အောင်ပွဲနေ့ အဖြစ်ဥပဒေအဖြစ် ပြဌာန်းအတည်ပြုပြီး နှစ်စဉ် အခမ်းအနားများကျင်းပခဲ့ပါတယ်။
အခုလာမဲ့ ၂၀၂၅ ခုနှစ် စက်တင်္ဘာလ ၃ ရက်နေ့မှာ ( ၈၀ ) ကြိမ်မြောက် အောင်ပွဲကို ပီကင်းမြို့က ထိန်အန်းမိန့် ရင်ပြင်မှာ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ကျင်းပမှာဖြစ်ပါတယ်။
ရုရှား၊ မြောက်ကိုရီးယားအပါအဝင် နိုင်ငံခေါင်းဆောင် ( ၂၆ ) ယောက်ကို အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ရဲ့ ကျူးကျော်တိုက်ခိုက်မှုကိုခံရတဲ့ အရှေ့တောင်အာရှက ဖိလစ်ပိုင်၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံခေါင်းဆောင်တွေပါဝင်ပါတယ်။
ဒီလိုဖိတ်ကြားထားတာကို သိရှိတဲ့ ဂျပန်အစိုးရက သူတို့ရဲ့ သံရုံးတွေကတဆင့် အဲဒီအစိုးရတွေကို ပီကင်းမှာပြုလုပ်မဲ့ အောင်ပွဲခံ အခမ်းအနားကို မတက်ရောက်ကြဘို့ တိုက်တွန်းထားပါတယ်။ အကြောင်းပြတာက အဲဒီပွဲဟာ “ သမိုင်းကို သိပ်ချဲ့ကားအာရုံစိုက်လွန်းတယ် “ ၊“ ဂျပန် ဆန့်ကျင်ရေး လေသံပြင်းထန်လွန်းတယ် “၊ ဒါကြောင့် ဂျပန်အစိုးရအနေနဲ့ သက်ဆိုင်ရာ အစိုးရတွေကို အဲဒီအစည်းအဝေး မတက် ရောက်ဖို့ စဥ်းစားစေချင်ပါတယ်လို့ ပြောဆိုထားကြောင်း ဂျပန် ကျိုဒို သတင်းဌာနက ဖေါ်ပြပါတယ်။
ဒီသတင်းက အမှန်တကယ်ဖြစ်ခဲ့တာဆိုရင် ဂျပန်အစိုးရဟာ ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းကြောင်းအပေါ် ရှုမြင်ပုံနဲ့ တရုတ်ပြည်အပေါ် သဘော ထား မှားယွင်းနေပြီလို့ ဆိုရမှာပါ။ အဲဒီအချိန်က ရက်ရက်စက်စက် ကျူးကျော်သတ်ဖြတ်ခံရတဲ့ တရုတ်ပြည်နဲ့ အရှေ့တောင်အာရှပြည်သူများရဲ့ ခံစားချက်ကိုလည်း နားမလည်ဘူးလို့ ဆိုရမှာပါ။
ဖက်ဆစ်ဂျပန်က ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ အဲဒီစစ်ပွဲအတွင်းမှာ သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ ပြည်သူတွေ သောက်သောက်လဲ သေကြေ ပျက်စီးခဲ့ရပါတယ်။
ဂျပန်ရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ၁၉၃၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ( ၁၄ ) နှစ်တိုင် ခံလာခဲ့ရတဲ့ တရုတ်ပြည်မှာ စစ်ပွဲ ကြောင့် သေဆုံးသူ ၁၅ သန်းမှ သန်း ၂၀ ကြားနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၅ သန်းကျော်ရှိပါတယ်။ ၁၉၃၇ ခုနှစ် ဒီဇင်္ဘာလမှ ၁၉၃၈ ခုနှစ် ဇန္နဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ နာမည်ကျော် နန်ကျင်း လူသတ်ပွဲ တခုထဲမှာတင် တရုတ်လူမျိုး ၂၀၀,၀၀၀ နဲံ ၃၀၀,၀၀၀ ကြားအသတ်ခံခဲ့ရပါတယ်။
ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်ပျက်စီးမှုက ယနေ့ ငွေကြေးတန်ဘိုးနဲ့ တွက်မယ်ဆိုရင် ၁၈၇ ဘီလျံဒေါ်လာခန့်ရှိပါတယ်။ ဂျပန်စစ်တပ်အတွက် ဇိမ်မယ်အဖြစ် ပျော်တော်ဆက်ဖို့ ခေါ် ဆောင် ဖျက်ဆီးခံရတဲ့ တရုတ် အမျိုးသမီးပေါင်း ၂၀၀၀၀ ခန့်ရှိပါတယ်။ ထိုင်ဝမ်ကျွန်းပေါ်က အမျိုးသမီးက ၁၀၀၀ လောက်ပါဝင်ပါတယ်။
၁၉၁၀ ခုနှစ်ကထဲက ကိုလိုနီအဖြစ် အသိမ်းပိုက်ခံရပြီး ဖိနှိပ်ခံခဲ့ရတဲ့ ကိုရီးယားကျွန်းဆွယ်ကတော့ စစ်ပွဲအတွင်း သေဆုံးသူ ၄၃၈,၀၀၀ ခန့်နဲ့ ချွေးတပ်ဆွဲခံရတဲ့ အလုပ်သမားပေါင်း ၇၂၀,၀၀၀ ခန့်ရှိပါတယ်။ ဂျပန်စစ်တပ်အတွက် ဇိမ်မယ်အဖြစ် ပျော်တော်ဆက်ဖို့ ခေါ်ဆောင်ဖျက်ဆီးခံ ရတဲ့ ကိုးရီးယား အမျိုးသမီးပေါင်း ၁၄၀,၀၀၀ ကနေ ၁၆၀,၀၀၀ ကြားရှိပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဂျပန်ကျူးကျော်တိုက်ခိုက်မှုကြောင့် လူပေါင်း တသန်းကျော် သေကြေ ဒဏ်ရာရပြီး မြို့တော်မနီလာရဲ့ ၈၀ ရာခိုင်နှုန်းဟာ ပျက်စီးသွားပါတယ်။ လိင်ကျွန်အဖြစ် ခေါ်ဆောင်အသုံးချ ဖျက်ဆီးခံရတဲ့ ဖိလစ်ပိုင်အမျိုးသမီးပေါင်း၁၀၀၀ ကျော်ရှိပါတယ်။
အင်ဒိုနီးရှားမှာတော့ ဂျပန်ကျူးကျော်စစ်ကြောင့် သေဆုံးသူ ၃ သန်းနဲ့ ၄ သန်းအကြားမှာ ရှိပြီး လိင်ကျွန်အဖြစ် အသုံးချခံရတဲ့ အမျိုးသမီး ၂၀၀ ခန့်ရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ ဂျပန်ကျူးကျော်စစ်ကြောင့် လူဦးရေ၂၅၀,၀၀၀ မှ တသန်းကြား သေကြေ ဒဏ်ရာရပြီး လိင်ကျွန်အဖြစ် အသုံးချခံရတဲ့ အမျိုးသမီးဦးရေက မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား အားလုံးပေါင်း ၁၀၀၀ ခန့်ရှိပါတယ်။ ဂျပန်ကျူးကျော်စစ်ကြောင့် မြန်မာပြည်ရဲ့ စီးပွားရေးက အထူးသဖြင့် ဆန် စပါးထွက်ရှိမှုက ၃၅ % ကျဆင်းသွားပါတယ်။
ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား တို့မှာ ဂျပန်ကျူးကျော်စစ်ကြောင့် လူဦးရေ ၁.၅ သန်းမှ ၂ သန်းအကြား သေဆုံးပါတယ်။ စစ်ပွဲအတွင်း ၁၉၄၄-၄၅ မှာ ဗီယက်နမ်မြောက်ပိုင်းမှာ လူဦးရေ ၂ သန်းခန့် အငတ်ဘေးကျရောက်ခဲ့ပါတယ်။
ပစ္စိဖိတ်ကျွန်း ဒေသနိုင်ငံများမှာ ဂျပန်ကျူးကျော်စစ်ပွဲကြောင့် လူဦးရေ ၁ သန်းခန့်သေကြေခဲ့ပါတယ်။
စစ်ပွဲအတွင်း ဂျပန် အဖမ်းဆီးခံရတဲ့ စစ်အကျဥ်းသားများ နှိပ်စက်ညှဥ်းပန်းခံရပြီး သေဆုံးခဲ့တာ ၂၇ % အရေအတွက်အားဖြင့် ၃၅၇၅၆ ဉီးရှိပါတယ်။ အဓိကသေဆုံးရတဲ့ အကြောင်းရင်းများက ငတ်မွတ်ခေါင်းပါးမှု၊ ဝမ်းရောဂါ ငှက်ဖျားရောဂါ ဖြစ်ပွားမှု၊ ညှဉ်းပန်းနှိပ်စက်မှုများနဲ့ လုပ်ငန်းခွင် ထိခိုက် အနာတရဖြစ်မှု များကြောင့်ဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ ဥရောပမှာရှိတဲ့ ဂျာမန် စစ်သုံ့ပန်းစခန်းများမှာ သေဆုံးနှုန်း ( ၄ % ) ထက် သိသိသာသာ များပြားလွန်းနေပါတယ်။
အထက်ပါအချက်တွေဟာ ဖက်ဆစ်ဂျပန်တွေ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို သတိရစေတဲ့ ဝမ်းနည်းဖွယ်ရာ သမိုင်းဝင် ဖျက်မရတဲ့ မှတ်တမ်းတခုပါဘဲ။
ဒီလို ခိုင်မာတဲ့ အထောက်အထားတွေကြောင့် ကိုင်ရိုကြေငြာချက် လို၊ ပို့စ်ဒမ် ကြေငြာချက်လို နိုင်ငံတကာ စာချုပ်စာတန်းတွေ ထဲမှာ ဂျပန်နိုင်ငံကို ဒီလိုငြင်းပယ်လို့မရတဲ့ သမိုင်းအကျိုးဆက်တွေကို အသိအမှတ်ပြုလက်ခံဘို့ တောင်းဆို တိုက်တွန်းထားပါတယ်။ တရုတ်ပြည်ရဲ့ ဒီအောင်ပွဲ နှစ်ပတ်လည်အခမ်းအနားကျင်းပမှုဟာလည်း စစ်ဒဏ်ခံစားခဲ့ရတဲ့ နိုင်ငံတကာ ပြည်သူတွေနဲ့ စွန့်လွှတ်အနစ်နာခံခဲ့တဲ့ အာဇာနည်တွေကို တရားဝင် ဂုဏ်ပြုတာဖြစ်သလို ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ဖို့ စစ်ဝါဒီတွေ ပြန်လည်ထကြွမလာအောင် သတိပေးနှိုး ဆော် တာလည်း ဖြစ်ပါတယ်။
ဒီလို နှစ်ပတ်လည် အခမ်းအနားကျင်းပတာကို “ ဂျပန် ဆန့်ကျင်ရေး “ လုပ်ရပ်လို့ တံဆိပ်ကပ်တာက ဂျပန် လက်ယာနိုင်ငံသမားတွေရဲ့ အဖြစ်အပျက်အမှန်တွေကို ပုံဖျက်ဖို့ ပြုလုပ်နေကျ နည်းပရိယာယ် တရပ်ပါ။ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ အဲဒီဂျပန်လက်ယာစွန်း နိုင်ငံရေး သမားတွေက “ ဂျပန်စစ်ဝါဒ “ ကို “ ဂျပန်လူမျိုး “ နဲ့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပေါင်းစပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဂျပန်လူမျိုးတွေကို ဒီလို မမှန်မကန် သွေးထိုးပြီး စစ်လိုလားသူတွေဖြစ်အောင် လှုံ့ဆော်ခဲ့ကြပါတယ်။
အမှန်တကယ်က တရုတ်ပြည်သူများနဲ့ အရှေ့တောင်အာရှ ပြည်သူများ လိုဘဲ ဂျပန်ပြည်သူများဟာလည်း ဂျပန်စစ်ဝါဒီတွေ စခဲ့၊ မီးမွှေးခဲ့တဲ့ ကျူးကျော်စစ်ပွဲရဲ့ ရလဒ်တွေ ဒုက္ခတွေကို ခါးစည်းပြီးခံစားခဲ့ကြရတာပါ။
သမိုင်းဆိုင်ရာ အချက်အလက်မှန်တွေ ပြန်လည်ပြင်ဆင်ရေး ပရိယာယ်တွေကို ဂျပန်အစိုးရက ပြောင်ကျကျ လုပ်လာမယ်ဆိုရင် ဂျပန်ရဲ့ လက်ယာစွန်း အင်အားစုတွေက ပုံဖျက်ခြင်းနဲ့ သမိုင်းကို အသစ်ပြန်ရေးဖို့ ကြိုးပမ်းနေဆဲဖြစ်တယ် ဆိုတာကို အတည်ပြုလိုက်ရာ ရောက်ပါတယ်။ သူတို့ ရဲ့ အန္တိမ ရည်မှန်းချက်ကတခုတည်းပါဘဲ။ အဲဒါကတော့ သူတို့ဟာ ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းမှတ်တမ်းဝင် လက်သည်တရားခံတွေဖြစ်တယ် ဆိုတာကို ငြင်းပယ်ဖို့ဘဲဖြစ်ပါတယ်။
ဥရောပနိုင်ငံတွေမှာလည်း နာဇီဆန့်ကျင်ရေး နှစ်ပတ်လည် အခမ်းအနားတွေကို ပုံစံမျိုးစုံနဲ့ ကျင်းပနေကြတာပါဘဲ။ ဥပမာ အော့ဇဝစ်မှ လွတ် မြောက်ရေးနှစ်ပတ်လည်နေ့၊ နော်မန်ဒီကမ်းတက်ခြင်း နှစ်ပတ်လည်နေ့ စသဖြင့် ကျင်းပကြလေ့ရှိပါတယ်။ ဒီပွဲတွေဟာ နာကြဥ်းဖွယ်ရာ သမိုင်း သင်ခန်းစာတွေကို အမှတ်ရစေဖို့နဲ့ ဒီလိုကြေကွဲဖွယ်ရာတွေ ထပ်ပြန်တလဲလဲ ဖြစ်မလာစေရေးအတွက် “ သမိုင်းအပေါ် အာရုံ ပြုထားမှု “ တွေပါဘဲ။
ဂျာမနီဟာလည်း ဒုတိယကမ္ဘာစစ်ပွဲမှာ စစ်ရှုံးတဲ့ နိုင်ငံတနိုင်ငံပါ။ ယခင်က အနောက်ဂျာမနီ ဝန်ကြီးချုပ် ဟောင်း ဝီလီဘရန့် ဆိုရင် ပိုလန်နိုင်ငံ ဝါဆောမှာ ဒူးထောက်ခဲ့ပြီး၊ ဝန်ကြီးချုပ်ဟောင်း ဟဲမွတ် ခိုးလ် ဆိုရင်လည်း ပြင်သစ်သမတဟောင်း ဖရန်ဆွာ မိတာရွန်း ကို ဗာဒွန် မြို့မှာ လက်ဆွဲကိုင်ကာ အားပေးနှစ်သိမ့်မှုကို ပြသခဲ့ပါတယ်။ နောက် ဂျာမန်ဝန်ကြီးချုပ်ဟောင်း ဂါးဟတ် ရှရိုးဒါး ကလည်း နော်မန်ဒီကမ်း တက်ခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဂျာမန်ဝန်ကြီးချုပ်ဟောင်း အင်ဂျလာ မာကဲလ် ကလည်း အော့ဇ်ဝစ် အကျဥ်း စခန်းဟောင်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
ဒီဂျာမန်အစိုးရခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ သမိုင်းကပေးတဲ့ ဝန်ထုပ်ဝန်ပိုးကို တာဝန်ယူကြောင်းပြသတာပါ။ ဥရောပရဲ့ယုံကြည်မှုကို ရယူကာ နိုင်ငံတကာက ဂျာမနီကို တာဝန်သိမှုရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် ရှုမြင်လာစေပါတယ်။ ပြောင်းပြန်အားဖြင့် ဂျပန်ဟာ သူ့ကျူးကျော်မှုကြောင့် ဒုက္ခရောက်ကြရတဲ့ တရုတ်နဲ့ တောင်ကိုရီးယားတို့လို နိုင်ငံတွေနဲ့ အတူ အောင်ပွဲနှစ်ပတ်လည် အခမ်းအနားတွေ တက်ရောက်တာ မရှိသလောက်ရှားလှပါတယ်။ မကြာခဏဆိုသလို ဆန့်ကျင်ဘက် သင်္ကေတတွေ ပြတတ်ပါသေးတယ်။ ဥပမာ ဒီလိုပွဲမျိုးတွေက “ ဂျပန်ဆန့်ကျင်ရေး” ဆိုတာမျိုး၊ “ သမိုင်းကို အလွန်အကျွံတွေပြောနေတာပါ” ဆိုတာမျိုး အချက်အလက်မှန်တွေကို ပုံဖျက်ပြီး ဆန့်ကျင်တတ်ပါတယ်။
ဂျပန်သတင်းဌာနတွေက ဖေါ်ပြတဲ့ အဲဒီလိုသတင်းတွေက သမိုင်းပြန်ပြင်ရေးဝါဒနဲ့ သမိုင်းမှာရေးထားတာတွေက တကယ်မဟုတ်ပါဘူးဆိုတဲ့ နတ္ထိဝါဒဟာ ဂျပန်မှာပျောက်ကွယ်မသွားသေးဘူးဆိုတာ တရုတ်ပြည်သူတွေကို သတိပေးနေပါတယ်။
ဒါကြောင့် ဒီလိုအောင်ပွဲနေ့ကျင်းပရတာဟာ သမိုင်းကိုခုခံကာကွယ်တာဖြစ်သလို၊ လူ့ကျင့်ဝတ်အရတာဝန်ထမ်းဆောင်ခြင်းလည်းဖြစ်ပါတယ်လို့ သြဂုတ်လ ၂၆ ရက်နေ့ထုတ် ဂလိုဘယ်တိုင်းမ်စ်ရဲ့ အယ်ဒီတာက ရေးသားဖေါ်ပြထားကြောင်းပါ။
ရဲထွန်း ( သီပေါ )
ကိုးကား – Global Times,Aug 26, 2025
– wikipedia
