ပြုံးယမ်း၊ အောက်တိုဘာ-၂၃-၂၀၂၅
ရတီ(VOM)
မြောက်ကိုရီးယားဟာ သူရဲ့ နောက်ဆုံးဒုံးကျည်စမ်းသပ်မှုမှာ အသံထက်မြန်သည့်စနစ်အသစ် ပါဝင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ တောင်ကိုရီးယားရဲ့ ကာကွယ်ရေးကို လွှမ်းမိုး ဖြတ်ကျော်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ လက်နက်တွေကို ဆက်လက်တည်ဆောက်နေပြီး ဒါဟာနျူကလီးယားစစ်ပွဲ အဟန့်အတားကို အားကောင်းစေရန် ရည်ရွယ်တယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။
မြို့တော် ပြုံယမ်းရဲ့ တောင်ဘက် ဧရိယာမှ ပဲ့ထိန်းဒဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားပြီး တရက်အကြာမှာ အသံထက်မြန်တဲ့ ဒုံးကျည်စနစ်နဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေက ထုတ်ဖော်တင်ပြလာတာဖြစ်ပါတယ်။
အဲဒီပဲ့ထိန်းဒုံးကျည်တွေဟာ အရှေ့မြောက်ဘက် ကီလိုမီတာ ၃၅၀ အထိ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပါအဝင် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲအတွက် တောင်ကိုရီးယားကို မလာရောက်မီ မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာပါ။
ပဲ့ထိန်းဒုံးကျည် ပစ်ခတ်မှုကို သိရှိကြောင်း တောင်ကိုရီးယားရှိ အမေရိကန်စစ်တပ်က ပြောဆိုထားပြီး မြောက်ကိုရီးယားအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ပင်ထားတဲ့ လက်နက်စမ်းသပ်မှုတွေလုပ်ပြီး မတည်မငြိမ်ဖြစ်စေတာကတွေကနေ ရှောင်ရှားဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့နေ့က စမ်းသပ်မှုမှာ အသံထက်မြန်တဲ့ ဒုံးကျည်နှစ်စင်း ပါဝင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေက ဆိုပါတယ်။ ဒုံးကျည်တွေကို နျူကလီယား ထိပ်ဖူးတွေ တပ်ဆင်ဖို့ ဒီဇိုင်းထုတ်ထားပြီး မဟာဗျူဟာမြောက် ဒုံးကျည်တွေလို့ ဆိုပါတယ်။
စမ်းသပ်ခဲ့တဲ့ ဒုံးကျည်စနစ်ရဲဲ့အမည်ကိုတော့ ကေစီအင်န်အေက ဖော်ပြခြင်းမရှိပါဘူး။ ယခုလအစောပိုင်းက စစ်ရေးပြအခမ်းအနားမှာတော့ မြောက်ကိုရီးယားဟာ အသံထက်မြန်တဲ့ စနစ်ပါဝင်တဲ့ တာတိုပစ်ဒုံးကျည်စနစ်တွေအပါအဝင် နောက်ဆုံးပေါ်လက်နက်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
Ref:CNA
