သူတို့အိမ် အခန်း – ၂၂

 

 

ကလေး လူကြီး
——————-

 

သည်တစ်ခေါက် အလှူအပြီး ရွာက ပြန်လာတော့ ကိုယ့်ကိုကိုယ် ကလေးလို့ မထင်တော့ဘဲ လူကြီးဖြစ်တော့မယ်ဟု စိတ်ထဲမှာ အလိုလိုဖြစ်နေ၏။ စာမေးပွဲအောင်စာရင်းထွက်အပြီး ၅တန်းတက်ရမှမို့ အလယ်တန်းကျောင်းသား ဖြစ်တော့မည်ဟု လူကြီးစိတ်ဝင်ချင်တာလည်းဖြစ်မည်။ ထို့ကြောင့် ရွာကအပြန် ခေါင်းတုံးနှင့် ကျွန်တော့်ကို တွေ့တဲ့သူတိုင်းက “ဟ ကျော်ဆန်းကြီး အသားတွေမည်းပြီး ဝလာတယ်၊ အရပ်လည်းမြင့်လာတယ်” ဟု ပြောကြတာ သတိထားမိသည်။ သည်တစ်ခါ ကျောင်းအပိတ်တွင် အဘက သူ့အလုပ်အားသည့် အချိန်ရောက်လျှင် ကျွန်တော့်ကို ခေါ်ကာ သူကိုင်နေကျ လွယ်အိတ်အဟောင်းလေးကို ထုံပြီး သစ်ဆိုင်တွေဆီသွားသည်။

 

 

စကားစပ်လို့ အဘကို သူအလုပ်အားသည့်အချိန်ဟု ဆိုရာ အဘ၏ ဆီစက်ဘွုင်လာမီးထိုးအလုပ်က မနက်ဆိုင်းဆိုလျှင် မနက် ၅နာရီက နေ့လယ် ၁နာရီအထိ၊ နေ့ဆိုင်းဆိုလျှင် နေ့လယ် ၁နာရီက ည ၉နာရီအထိ၊ ညဆိုင်းဆိုလျှင် ည ၉နာရီက မနက် ၅နာရီအထိ ဖြစ်သည်။ ထို့ကြောင့် တစ်ပတ်တစ်ကြိမ် အဆိုင်းအလှည့်ပြောင်းတာမို့ မနက်ဆိုင်းမှလွဲ၍ နေ့ဆိုင်းနှင့် ညဆိုင်းဆိုလျှင် မနက်ပိုင်းမှာ အဘ က အားသည်။ ထိုအချိန်တွေမှာ သစ်ဆိုင်တွေ သွားခြင်းဖြစ်၏။ မလွန် ဦးလှသိန်း ဗိမာန်နားက သစ်ဆိုင်၊ တရုတ်တန်း ဘုံကျောင်းကြီးနားက သစ်ဆိုင်၊ ပွဲကုန်းက သစ်ဆိုင်၊ မင်္ဂလာဈေးနားက သစ်ဆိုင်၊ ရွှေပြည်ဓမ္မာရုံနားက သစ်ဆိုင် စသည်ဖြင့် သစ်ဆိုင် အတော်များများသို့ သွားသည်။

 

 

ထိုစဉ်က သစ်ဆိုင်တွေမှာ အစိုးရသစ်ဆိုင်များ ဖြစ်ပြီး ပါမစ်နှင့်သာ ခက်ခဲစွာ ဝယ်ရ၏။ အဘက သစ်ဆိုင်များသို့သွားကာ ပါမစ်မလိုဘဲ ပယ်သားလေးတွေ ပေတိုလေးတွေ အဟောင်းသားလေးတွေရှိတာကို ရှာဖွေကာ ဝယ်ယူခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ခေါက်သွားမှ နှစ်တစ်လက်မလေး ၄ချောင်း ၅ချောင်း၊ သုံးတစ် လေးနှစ် အတိုလေူများ စသည်ဖြင့် စိတ်ရှည်လက်ရှည် စုသည်။ ကြာတော့ သစ်ဆိုင်က ဝန်ထမ်းတွေက အဘကို ရင်းနှီးလာကြပြီး အဘမလာခင် အသုံးတည့်လောက်မည့် အသားချောင်းလေးတွေ ဖယ်ထား စုထားပေးသည်။ အခါအခွင့် သင့်လျှင် အသာမာပေရှည် အခြားမာ ပေရှည်မျိုးတွေ လက်သိပ်ထိုး ရောင်းပေးလိုက်သည်။

 

အိမ်လေး အသစ်ဆောက်မလို့
————————————-

 

 

အဘက ဝယ်လာသမျှ သစ်သားတွေကို အိမ်မြောက်ဘက်ကြားထဲ သေချာစီ၍ ပုံထားသည်။ သစ်သားတွေ လိုသလောက် ဖြည်းဖြည်းချင်းစုပြီးနောက် အများအားသော ဥပုသ်နေ့ တစ်ရက်တွင် အမျိုး လူငယ်တွေ အိမ်ခေါ်ကာ အိမ်ဟောင်းလေး ဖျက်သည်။ ၃ပင်၂ခန်းပတ်လည် အိမ်မနှင့် ရှေ့ဇောင်းလေးက အမိုးကပ်တွေလည်း ဆွေး၊ ထရံတွေလည်း ကျိုးတိုးကျဲတဲ၊ တိုင် ထုပ်ယောက် စသော အသားတွေက ခြကိုက်မို့ တစ်ခဏချင်းမှာပဲ အိမ်ဟောင်းလေးက အမှိုက်ပုံ ဖြစ်သွားပေါ့။ ကိုသိန်းမောင် ကိုကိုစိန်လှိုင် ကိုဌေးအောင် ကိုထွန်းကြွယ် ကိုမွှတ်စိ ကအစ ကိုမောင်ထွေး ကိုမန်းမောင်တို့ပါ ဝိုင်းဝန်းကူညီကြသူတွေကို မမခင်လှက ဘဲဥဆီပြန် ပဲရာဇာဟင်း ငရုတ်သီးငါးပိကြော် သရက်ချဉ်သုတ်တို့နှင့် ထမင်းချက်ကျွေးသည်။

 

 

အဲ့ဒီညတော့ အိမ်ရှေ့ကုတင်ပေါ်နှင့် ကိုကိုစိန်လှိုုင့် အိမ်ရှေ့က ခုံရှည်တွေပေါ် ခွဲအိပ်ကြတာပေါ့။ နောက်ရက်မှာတော့ လက်ရွေးထဲကတဲ့ လက်သမားဆရာတစ်ယောက် လက်သမားပစ္စည်း ပုံးနှင့် ခပ်စောစော ရောက်လာ၏။ လက်သမားဆရာက ခပ်တုတ်တုတ် အရပ်ပြတ်ပြတ် ကတုံးဆံထောက်ကေနှင့် မျက်နှာ ဘယ်ဘက်ခြမ်းမှာ အမာရွပ်ကြီးကြီး ရှိသည်။ နာမည်က မောင်ကြိုင်တဲ့။ ကျွန်တော်တို့ ခေါ်တော့ ကိုကြိုင်ပေါ့။ အမေက စောစောထပြီး ဝယ်ထားသည့် ကန်တော့ပွဲနှင့် သပြေပန်းတွေ ပြင်ထားသည်။ အစ်မများက သနပ်ခါးတွေ အမေ့နံ့သာဖြူနှင့် ကရမက်တွေ သွေးကာ ငွေသောက်ရေဖလားထဲ ထည့်ထားသည်။

 

 

စကားမစပ်ပြောပါဦးမည်။ အိမ်မှာက အိမ်ရှေ့ဂွေးသီးပင်အောက်တွင် အဘ လက်ဖြစ်ရေအိုးစင်ရှိသည်။ ရေအိုးနှစ်လုံးတင်နိုင်ပြီး အမိုးနှင့် အောက်ဆင့် ပါသည်။ အပေါ်က ရေအိုးနှစ်လုံးတင်သည့် အကန့်မှာ အောက်က သံပြားခံထားပြီး သဲခင်းထားသည်။ ထိုသဲထဲ စပါးလုံးလေးတွေထည့်ထားလို့ စပါးပင်ပေါက် စိမ်းစိမ်းလေးတွေ မပြတ်ရှိသည်။ အောက်အဆင့်မှာလည်း ရေအိုးနှစ်လုံးရှိပြီး အအေးဓာတ်ရအောင် ရေကို အလျင်နှင့် ထည့်ထားသည်။ အပေါ်အိုးတွေ ရေကုန်လျှင် အောက်အိုးထဲက ရေပြောင်းထည့်ကာ အောက်အိုးထဲ ရေအသစ် ပြန်ဖြည့်သည်။

 

 

အောက်အိုးနှစ်လုံးရော အပေါ်အိုးနှစ်လုံးရော ကြွေရည်သုတ် သံပန်းကန်ပြားလေးတွေ အုပ်ထားပြီး အပေါ်အိုးက ကြွေရည်သုတ် ပန်းကန်ပြားပေါ်မှာ ဆယ့်နှစ်ရာသီ အရုပ်လေးတွေ ပန်းဖောင်းဖော်ထားသည့် ငွေဖလားလေး နှစ်လုံးရှိသည်။ ငွေဖလားလေးတွေက ငွေအစစ်ဖြစ်ကာ အမြဲ တိုက်ချွတ်ဆေးထားလို့ ဝင်းလက်နေသည်။ ဒီငွေဖလားလေးတွေက အစ်မကြီး မမခင်ရီ ငယ်ငယ်ကတည်းက ဝယ်ထားတာတဲ့။ အရိပ်ကောင်းသော သစ်ပင်တွေ အောက်ရှိ အမိုးပါသော ရေအိုးစင်က ရေအေးအေးတစ်ခွက်ကို ငွေဖလားလေးနှင့် သောက်ရတာ အသည်းအေး တာမို့ အိမ်ရှေ့ဖြတ်သူတိုင်း ရေသောက်ဖြစ်ကြသည်။

 

 

ခဏနေတော့ လက်သမားဆရာနှင့် အဘနှင့် ပန္နက်လျာတာ ကန်တော့ပွဲပေးတာ ရွတ်တာ ဖတ်တာ ငွေဖလားလေးထဲက သနပ်ခါးရည်တွေနှင့် ဦးရည်တိုင်ကို ပက်ပြီး တိုင်ထိပ်မှာ သပြေပန်းတွေ ချည်တာ တိုင်ထူတာ စသည့် လုပ်ဆောင်ဖွယ်ရာများ လုပ်ကိုင်ပြီးသည်နှင့် အိမ်အသစ်လေး စတင်ဆောက်ကြသည်။ လက်သမားခေါင်းဆောင က လက်ရွေးကြီးထဲက လက်သမားဆရာ ကိုကြိုင်ပေါ့။ နောက်လိုက် လက်သမားက အဘပေါ့။ တောက်တိုမယ်ရက ကျွန်တော်ပေါ့။

 

၃ပင် ၂ခန်း အိမ်သစ် စီမံကိန်းအစ
———————————–

အခု အသစ်ဆောက်မယ့် အိမ်လေးကလည်း အကျယ်အဝန်းက အရင်အိမ်လေးနှင့် အတူတူ ၃ပင်၂ခန်း ပတ်လည်လေးပဲ ဖြစ်သည်။ ရှေ့က တစ်ခန်းထုတ်သည့် ဇွယ်လေးလည်း အရင်အိမ်လိုပါမည်။ သို့သော် အခုအိမ်လေးက ခြေတံရှည် ဒူးတုပ် လေး ဖြစ်သည်။ ဒါမှ မိုးရေဝင်လွတ်မည်။ အမိုးနှင့် အကာကတော့ ထုံးစံအတိုင်း ဒေါ်သီလှ ဝါးကတ်ဆိုင်က ဝါးကပ်မိုးနှင့် ထုထရံပဲပေါ့။ ဒေါ်သီလှ သမီး မကြည်ကြည်က ဝါးကပ်အမိုး နှင့် ထရံတွေ သွားမှာကတည်းက ဝါးကောင်းကောင်းနှင့် ထူထူရက်ပေးမယ် ဟု ပြောလိုက်သည်။ ပြောထားသည့်နေ့မှာပဲ သူကိုယ်တိုင် လာပို့ပေးသည်။ လက်သမား ကိုကြိုင်က စကားသိပ်မပြော။ ကွမ်းလေးဝါးလိုက်၊ ဆေးလိပ်လေးဖွာလိုက်နှင့် အလုပ်ကို ပိပိရိရိ လုပ်ကိုင်သည်။ ကျွမ်းကျင် လက်သမားမို့ မြန်ဆန် တိကျသည်။ အဘက အနားကနေ လိုချင်တာတွေ ထိုင်ပြောသည်။ ဖြတ်စရာ တောက်စရာ ထွင်းစရာ အကြမ်းပိုင်းတော့ အဘက ကိုယ်တိုင် လုပ်သည်။ အချောပိုင်းမှ ကိုကြိုင်က လက်စသတ်သည်။ ကျွန်တော်က လွှယူပေး၊ ဆောက် ယူပေး၊ တူ ယူပေး ပေါ့။

 

 

နေ့လယ် ထမင်းစားတော့ ကိုကြိုင်ကို အိမ်ကပဲကျွေးသည်။ ထမင်းတစ်ဇလုံကို ရှိသည့် ဟင်း ပုံပက်ပြီး ခပ်သွက်သွက် စားသည်။ ပြီးလျှင် ရေနွေးကြမ်းလေး ၂ခွက်လောက်သောက် ကွမ်းလေးငုံကာ အလုပ်ဆက်လုပ်သည်။ အိမ်အပေါ်ပိုင်း ဒိုင်း မြားနှင့် အမိုးတန်း မြင့်မို တင်တာ ရိုက်တာတော့ ကိုကြိုင်ပဲ လုပ်သည်။ အောက်ခြေပိုင်း ထုပ်တွေ ဆင့်တွေကို အဘက ရိုက်သည်။ သည်လိုနှင့် အိမ်လေးက ရုပ်လုံးပေါ်လာပြီ။ မုံရွာက ဦးလှဘော်နှင့် မမခင်ရီကလည်း အိမ်ဆောက်နေတာ သိလို့ မုံရွာသစ်စက်က လျှာထိုးသစ်တွေ ပို့ပေးသည်။ ပို့လိုက်သော လျှာထိုးသစ်တွေက ကြမ်းခင်းအတွက်သာမက ရှေ့မျက်နှာစာ အကာအတွက်ပါ လုံလောက်သည်။

 

 

အိမ်လေး၏ အကြမ်းထည်လေး ပြီးလို့ ဝါးကပ်မိုးကြတော့ ကိုကြိုင်ဦးစီးပြီး အဘနှင့် ကိုကိုစိန်လှိုင်ပါ အပေါ်တက်ပြီး မိုးကြတော့ မကြာပါဘူး တစ်မနက်ခင်းပါပဲ။ အိမ်မိုးပြီး လျှာထိုးကြမ်း ခင်းကြတော့ အဘ က အသားလျာပေး၊ ကိုကြိုင်က ဖြတ်ပြီး ခင်းပေါ့။ လျှာထိုးခင်းသောအခါ စေ့နေ တောင့်နေစေဖို့ ဆင့်ပေါ်မှာ သပ်လေးရိုက်ကာ သပ်ပင်းပြီး သံရိုက်ရသည်။ သံကိုလည်း နဖားပေါ်မနေစေရန် မရိုက်မီ နဖားကို တေထားရသည်။ အဘနှင့် ကိုကြိုင် လျှာထိုးခင်းတာ တစ်မနက် ကြည့်ပြီးတာနှင့် ကျွန်တော် ကူလို့ ရသွားပြီ။ အစပိုင်းတော့ သံချက်မမှန်တာရှိသည်။ နောက်တော့ ကိုကြိုင်က သံကို အတည့် မလျာဘဲ နည်းနည်းလေး စောင်းပြီး လျာကာ ရိုက်ဟု ပြပေးတော့ အဆင်ပြေသွားသည်။

 

လက်သမား စက်ချုပ် စုတ်ထိုး ပယောဂကု
————————————————

ကျွန်တော်က ခပ်ငယ်ငယ်ကတည်းက လက်သမားပစ္စည်းတွေနှင့် မစိမ်းလှ။ အိမ်မှာ တူ၊ လွှ၊စူး၊ ဆောက်ပြား၊ ဆောက်ချွန်၊ ဆောက်ခုံး၊ ရွေဘော်၊ ဂျုတ်၊ ကျင်တွယ် တို့ရှိသည်။ အိမ်မှာရှိသော ကုတင်၊ ခုံရှည်၊ ထိုင်ခုံ၊ ကြောင်အိမ်၊ စင် စသည်တို့က အဘ လက်ဖြစ်ချည်း ဖြစ်သည်။ အဘက လက်သမား ဝါသနာပါသည်။ အားလျှင် တကုပ်ကုပ်နှင့် စာပွဲခုံအမြင့် အဝိုင်း အနိမ့် အမျိုးမျိုးစပ်နေသည်။ အမေ က အိမ်မှာ ထမင်းဆိုင်ဖွင့်မှာကျနေတာ၊ စာပွဲတွေရှိနေတာကို ဟု ပြောတော့သည်။ တစ်ခါကများ ခြောက်နှစ် ကျွန်းပြားလေး ၄ပေလောက် ရလာတော့ တစ်ပေအရှည်လောက်ရှိသည့် ကျမ်းစာအုပ် တင်ကြည့်ဖို့ သို့မဟုတ် ခေါင်းခုဖို့ လက်ယှက်ခုံလေး ထွင်းသည်။

 

 

သည်လိုခုံလေးက သစ်တစ်ပြားထဲကို လက်ယှက် လေးတွေ အဝင်အထွက် တွက်ချက် ထွင်းပြီး အပြားလိုက် အလယ်က လွှနှင့် ဖြတ်လိုက်ရုံနှင့် ဖွင့်လို့ ပိတ်လို့ရသော ခုံကလေးရသည်။ ကော်ပတ်စားပြီး ချိတ်ဆေး သုတ်လိုက်ရုံပါပဲ။ ပထမအချပ်မှာ လက်ယှက်ထွင်းတာ မှားသွားလို့ မအောင်မြင်။ ဒုတိယအချပ်မှာမှ အဆင်ပြေအောင်မြင်သွားကာ သဘောပေါက်သွားသည်။ ဒါနဲ့ နောက်ထပ် ကျွန်းပြားလေးတွေ ရတိုင်း ခုံလေးတွေ ထွင်းနေတော့သည်။

 

 

အဘက လက်သမားသာမက စက်ချုပ်လည်းဝါသနာပါသည်။ အိမ်မှာ မမခင်ရီ စက်ပန်းထိုးစဉ်က ကျန်ခဲ့သော စင်းကား အပ်ချုပ်စက်ဟောင်းလေး တစ်လုံးရှိသည်။ ကျွန်တော် ငယ်စဉ်က ဝတ်ရသည့် အင်္ကျီလေးတွေက အဘ လက်ရာချည်း ဖြစ်သည်။ ကမြစ်အင်္ကျီလေးတွေလည်း ချုပ်ပေးသည်။ ပုဆိုးမှန်သမျှ အဘ ချုပ်ပေးသည်။ အဘ က ခြင်ထောင်ချုပ် ကျွမ်းကျင်သည်။ သမဝါယမက ခြင်ထောင်ဇာ ခွဲတမ်းရလျှင် ခြင်ထောင်သစ် ချုပ်တော့သည်။ တစ်မိုးခြင်ထောင် တ့၊ဲ တစ်မိုးခွဲ ခြင်ထောင် တဲ့။ အသစ်မချုပ်ရလျှင်လည်း အဟောင်းတွေထဲက ကောင်းသည့် အပိုင်းတွေ ပြန်ဖြုတ်က စပ်ဟပ်ချုပ်ပြန်သည်။

 

 

နေဦး အဘ ဝါသနာ တစ်ခု ရှိသေးသည်။ သူဖတ်မှတ်ထားသော တိုင်းရင်းဆေးတွေဖော်ခြင်း ဖြစ်သည်။ ဟို အရင်က ဝင်းရှင် မမချစ်ဖော်ပေးခဲ့သော ငန်းဆေးတွေ ကုန်တော့ ငန်းဆေး အသစ်ဖော်သည်။ ထို့ပြင် သံပုရာရည်နှင့် ဖျော်၍ ကြေးစုတ်နှင့် ပေါက်ရသော ဆေးကိုလည်း ဖော်သည်။ ဦးကြီးဘထွန်းက တစ်လတစ်ကြိမ်လောက် စုတ်ပေါက်ခံသည်။ စုတ်ပေါက်တော့မည်ဆိုလျှင် ရေမိုးချိုးပြီး အင်္ကျီချွတ်ထားကာ သံပုရာရည်နှင့် ခပ်ပျစ်ပျစ်ဖျော် ထားသော ဆေးထဲ ကြေးစုတ်ကိုနှစ်၍ ဆေးယူပြီး ကျောအနှံ့ ပခုံး လက်ပြင် ဂုတ်ပိုး စသည့်နေရာများသို့ ပေါက်ရသည်။ စုတ်နှင့် ပေါက်ထားသောနေရာတွေက ညီညီညာညာစီရီကာ သွေးလေးတွေ စို့နေသည်။ အဘ၏ စုတ်ပေါက် ပင်တိုင်က ဦးကြီးဘထွန်းဖြစ်ပြီး တစ်ခါတရံ ဦးကြီးစာဗျောလည်း အပေါက်ခံသည်။ အခြားလူငယ်တွေလည်း ညောင်းကိုက်လျှင် အပေါက်ခံကြသော်လည်း ကြာကြာမခံနိုင်ကြ နာလှချည်ရဲ့တဲ့။

 

 

ထို့ပြင် အဘဆီမှာ အပမှီ ခေါစာပစ် ကျမ်းလည်း သူ့လက်ရေးနှင့် ကူးထားတာ ရှိသည်။ အမျိုးထဲက ကလေးငယ်တွေ အချိန်မတော် ချော့မရအောင် ငိုနေလျှင် ဘယ်နေ့သား ဘယ်နှလသား ဘယ်လိုငိုဆိုတာ စာအုပ်ထဲကြည့်ပြီး စာက ညွှန်းသည့်အတိုင်း ခေါစာကို ညွှန်းသည့် အချိန် ညွန်းသည့်နေရာ သွားပစ်ရသည်။ ခေါစာက ဘယ်လိုအရုပ်မျိုးထည့်ပါဆိုလျှင် ထိုအရုပ်ကိုလည်း အဘက မုန့်ညက်နှင့် လုပ်ပေးသည်။ ထိုမျှမက ခေါစာပစ်ရသည့် နှီးခြင်းလေးက အစ ရက်ပေးသည်။ ဒါတွေက ပိုက်ဆံရလို့မဟုတ် ဝါသနာပါလို့တဲ့။

 

 

ကျွန်တော် တော်တော်ကြီးလာတော့ အဘကို ခေါစာပစ်အရုပ်လေး လုပ်ပေးဖူးသည်။ မင်းအရုပ်က ပိုကောင်းတယ်ဟု ပြောလို့ ကျွန်တော့်မှာ သဘောတွေ ကျလို့။ တကယ်တော့ အဘက ခေါစာပစ်စာတွေနှင့် ခေါစာပစ် ကျွမ်းတာက ကျွန်တော်ငယ်ငယ်က အလွန်ချူချာပြီး တငိုတည်းငိုနေတတ်တော့ အဘိုးတို့ အရီးတို့ လူကြီးတွေက အဘနှင့် အမေကို “ နင်တို့သားက မဟုတ်တော့ဘူး၊ အပမှီ နေပြီထင်တယ်၊ မေးမြန်းပြီး ခေါစာ ပစ်ကြပါဦးဟာ..” ဟု တိုက်တွန်းသဖြင့် မကြာခဏ မေးမြန်းကာ ခေါစာ ပစ်ရလွန်းတာကြောင့် မာလကာခြံရပ်ထဲက ဆေးဆရာကြီး ဦးဘသင် က အဘကို “ ကိုင်း.. မောင်ပေါလူရေ .. ဒီစာသာ ကူးသွားတော့၊ နောက်တစ်ခါထပ်ဖြစ်ရင် ဒီစာထဲကအတိုင်းသာ လုပ်လိုက်တော့ကွယ်” ဟု ဆိုကာ ဆေးစာ ပေးလိုက်တော့သည်။

 

တစ်ထောင် ကုန် သတဲ့။
————————-

သည်တော့ အဘ အိမ်ဆောက်တာက နေဖို့သာမက သူဝါသနာပါလို့ ဆောက်ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် လက်သမားကို တစ်ဖွဲ့လုံးမအပ်ဘဲ ကိုကြိုင် တစ်ဦးတည်းကို ခေါ်ကာ သူ့ခြေ သူ့လက် လုပ်လိုခြင်းဖြစ်သည်။ ကိုကြိုင်ကလည်း အမိုး အကာ ကြမ်းခင်းနှင့် တံခါးများပြီးတာနှင့် သူ့ကဏ္ဍ ပြီးပြီ။ ကိုကြိုင်လက်စသတ်ပြီး သူ့ပစ္စည်းပစ္စယများ သိမ်းနေစဉ် အဘက “ကိုင်း.. မောင်ကြိုင် မင်းကိုလက်ခ အားလုံး ဘယ်လောက်ရှင်းပေးရမလဲ” ဟု မေးတော့ ကိုကြိုင်က ကွမ်းထွေးပြီး “ ဟာ .. ပြောရမယ့်လူတွေမှ မဟုတ်တာဗျာ၊ ဦးလေးလူ ကြိုက်သလောက်ပေးပါ” တဲ့။ နောက်ဆုံး နှစ်ယောက်သား မင်းပြောပါ၊ ဦးလေးလူ ပေးပါ နှင့် အပြန်အလှန် သုံးချီလောက် ပြောဆိုပြီးမှ ကိုကြိုင်က “ ၁၀၀ပဲ ပေးပါဗျာ၊ ကျွန်တော်က ယူရမှာကို အားနာလို့ပါ” ဟု ဆိုမှ ဈေးပြတ်တော့သည်။ အဘက လက်ခ ၁၀၀အပြင် နှစ်ခြောက်ဆယ် ချည်ပုဆိုးအသစ် တစ်ထည်လည်း ပေးလိုက်သည်။

 

 

နောက်ရက်တွေက စပြီး အိမ်ရှေ့က ဇောင်းလေးမှာ အမြင့် တစ်တောင် ဆင့်ရိုက်ပြီး ခြောက်ငါးမူးပြား ကြမ်းခင်းတာ၊ အိမ်ထဲမှာ အလယ်က အလျားလိုက် အခန်းကန့်ပြီး လျာထိုးပြားကာတာတွေ အဘက သူအားချိန် ဖြည်းဖြည်း လုပ်သည်။ ကျွန်တော်က လက်ထောက်ပေါ့။ နောက်ဆုံး လက်ကျန် အလုပ်ဖြစ်သော အိမ်ရှေ့က ဝရံတာလေးကိုတော့ အဘက ကိုကိုစိန်လှိုင် အားသည့်နေ့တွင် ပြုလုပ်ကာ အိမ်ရှေ့ဇောင်းထဲက ခေါင်းရင်းတွင် ဘုရားစင်လေး ဆင်ပြီး လက်စသတ်လိုက်သည်။ အဘက သူ့ထုံစံအတိုင်း ကုန်ကျစရိတ်တွေ မှတ်ထားပြီး ပေါင်းလိုက်တော့ အိမ်အသစ်ပြန်ဆောက်တာ စုစုပေါင်း ငွေ တစ်ထောင် နည်းနည်းစွန်းသတဲ့။ ရေနံချေးလည်း မရမ်းခြံမြစ်ဆိပ်က ဝယ်ပြီးသားမို့ မမခင်လှ ခင်ပွန်း ကိုသိန်းမောင်က သူနားသည့်နေ့ သုတ်ပေးမှာတဲ့။

Related posts

Leave a Comment

VOM News

FREE
VIEW