ကန်ပက်လက်မှာ လေကြောင်းဗုံးကြဲခံရပြီး လေးယောက်သေ၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရ

အောက်တိုဘာ ၂၄ ၊ ၂၀၂၅
GG (VOM)
ချင်းပြည်နယ် ၊ကန်ပက်လက်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၄ ရက်နေ့၊ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုက မြို့မ ၂ ရပ်ကွက် ၊ ၁၀ မိုင်ကုန်းမှာပြုလုပ်နေတဲ့ မင်္ဂလာဆောင်ပွဲထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ၊ မင်္ဂလာဆောင်ကတော့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ CDF-Kanpetlet မှ ဆလိုင်းအောင်လိန်းဆိုသူရဲ့မင်္ဂလာအခမ်းအနားကျင်းပနေတာ ဖြစ်တယ်လို့ ဒေသတွင်းသတင်းနဲ့ စစ်ရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။
” ပွဲလုပ်နေတဲ့အပေါ်တည့်တည့်ကိုကျတယ်သိရတယ်။ အခုသိရသလောက်ကတော့ အမျိုးသား သုံးယောက်နဲ့ အမျိုးသမီးတယောက်သေ ပါတယ်။ ဒဏ်ရာရသူလည်းများတယ်သိရတယ်။ ကျန်တဲ့ အခြေအနေ မသိရသေးဘူး။ ” လို့ စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။
လက်ရှိမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးဖို့လုပ်ဆောင်နေကြောင်း ၊ သေဆုံးနဲ့ထိခိုက်ဒဏ်ရာရ အခြေအနေကိုတော့ CDF-Kanpetlet မှထုတ်ပြန်တာမျိုးမတွေ့ရှိရသေးပါဘူး။
ကန်ပက်လက်မြို့ကတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ဒေသတွင်းလက်နက်ကိုင်တွေ ထိန်းချုပ်ထားခဲ့တဲ့ ဒေသဖြစ်ပါတယ်။
အောက်တိုဘာ ၂၁ ရက်ကလည်း ဟားခါးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရပြီး ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်းကလည်း ဟားခါးမြို့နယ်ရှိ ဗန်ဟာ ( Vanha) ရွာမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး နှစ်ယောက်​သေဆုံးကာ လူ ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၈ ရက်နေ့နဲ့ ၁၀ ရက်နေ့ကလည်း မင်းတပ်မြို့နယ်ထဲက ကျေးရွာအချို့မှာ လေကြာင်းတိုက်ခိုက်မှုရှိခဲ့ပြီး လေးယောက်သေဆုံးကာထိခိုက်ဒဏ်ရာရသူများပြားခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW