အောက်တိုဘာ ၂၅ – ၂၀၂၅
SN (VOM)
အခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရရှိဘူး ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။
ဒေါ်သက်သက်ခိုင် အနေနဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းတဲ့အတွက် ရွေးကောက်ပွဲ ယှဥ်ပြိုင်ခွင့်မရဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က “ကျမ အနေဖြင့် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီကို ကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) မှာ နိုင်သူအကုန်ယူစနစ် (FPTP) စနစ်မှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့ UEC ထံမှ တရားဝင် ခွင့်ပြုချက် ရရှိပြီဖြစ်ပါတယ်ရှင်” လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်။
ဒေါ်သက်သက်ခိုင်ရဲ့ဖုန်းကို VOM က ခေါ်ဆိုပေမယ့် ဖုန်းကိုင်ဖြေကြားပေးတာမျိုးမရှိပါဘူး။
ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ် (၂) မှာ ဗဟန်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း၊ လှိုင်၊ မရမ်းကုန်းနဲ့ မြောက်ဥက္ကလာပ စတဲ့ မြို့နယ် ရှစ်မြို့နယ်မှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ခုလို ကောလာဟလသတင်းထွက်ပတ်သက်လို့ PPP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက
“ဘာမှ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ပုံကြီးချဲ့နေကြတာလည်း ဖြစ်မှာပေါ့။ သတင်းဆိုတာကတော့ ဒီလိုပဲ ကောလာဟလတွေကတော့ ထွက်မှာပဲ။ နိုင်ငံရေးသမား ဆိုတာ ထုံးစံအတိုင်း တိုက်ခိုက်မှုတွေကတော့ ရှိမှာပဲလက်ရှိ ထွက်နေတဲ့သတင်းက ဒါက တိုက်ခိုက်တဲ့ သဘောလည်း ပါပါတယ်။ “လို့ ပြောပါတယ်။
အခုလို တိုက်ခိုက်ခံရတာမျိုးဟာ ရွေးကောက်ပွဲ နီးလာတဲ့အခါတိုင်း နိုင်ငံရေးသမားတွေ ကြုံလေ့ကြုံထရှိတဲ့ ကိစ္စရပ်ဖြစ်ပြီး ရွေးကောက်ပွဲကြီး ပြီးသွားတဲ့အခါကျရင်လည်း တိုက်ခိုက်မှုတွေက ဆက်ပြီး ရှိနေနိုင်သေးတယ်လို့ သူက ပြောပါတယ်။
ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ကနဦးကြေညာတဲ့ အမတ်လောင်း စာရင်းမှာ ဒေါ်သက်သက်ခိုင်နာမည် ပါဝင်ခဲ့ပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အပြီးသတ် ထုတ်ပြန်ချက်မှာ ပါဝင်မလာတာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစောထက်လင်းဦးကတော့ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ စာရင်းမှာ နာမည် မပါတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး အယူခံ ဝင်ရမှာ ဖြစ်ပြီး လက်ရှိမှာတော့ သတ်မှတ်ရက် ကျော်လွန်သွားပြီ ဖြစ်တယ်လို့ ပြောပါတယ်။
“ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံး ကန့်ကွက်လွှာတင်ရတာပါ။ ရွေးကောက်ပွဲ နည်းဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေနဲ့ ညှိစွန်းမယ် ဆိုရင်တော့ cancel ဖြစ်မှာပေါ့။ အခုချိန် အယူခံဝင်မယ် ဆိုရင်လည်း မရတော့ပါဘူး။ စက်တင်ဘာ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး အယူခံ ဝင်လို့ရတာလေ။ အခုကတော့ ရက်တွေလည်း ကျော်ကုန်ပြီ။ ကျွန်တော်တို့က ပြီးလို့ ကြေတောင် ကြေညာပြီးသွားပြီလေ” လို့ ပြောပါတယ်။
လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၀၊ ပုဒ်မ ၁၅၂၊ ပုဒ်မ ၁၆၉ တို့နဲ့ အဲဒီ ပုဒ်မတွေက ဆင်းသက်တဲ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ ပါ အရည်အချင်းတွေနဲ့ ပြည့်စုံသူ ဖြစ်ရမယ်လို့ သိရပါတယ်။
ဒါအပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၁ နဲ့ အဲဒီပုဒ်မက ဆင်းသက်တဲ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းသူ မဖြစ်ဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။
ဒါအပြင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ဃ) အရ လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်ဟာ နိုင်ငံတော်နဲ့ ပုဂ္ဂလိကကို မသင့်လျော်တဲ့ ပေးရန်တာဝန်တွေ ကင်းရှင်းသူဖြစ်ဖို့လည်း လိုအပ်ပြီး အထူးသတိပြုဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။
လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာနဲ့အတူ လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုယ်တိုင်က နိုင်ငံတော်နဲ့ ပုဂ္ဂလိကကို မသင့်လျော်တဲ့ ပေးရန်တာဝန်တွေ ကင်းရှင်းသူဖြစ်ကြောင်း ကိုယ်တိုင် ဝန်ခံချက် ပူးတွဲ တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။
လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်ချိန်မှာ အဲဒီ ပုဒ်မနဲ့ ငြိစွန်းကြောင်း ကန့်ကွက်ခံရပြီး မှန်ကန်ပါက လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးမှ အဲဒီပုဒ်မနဲ့ ငြိစွန်းကြောင်း တိုင်ကြားခံရပါကလည်း ရွေးကောက်ပွဲ ခုံအဖွဲ့ဖြင့် စစ်ဆေးချိန်မှာ မှန်ကန်ကြောင်း ပေါ်ပေါက်ပါက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် ရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။
Photo – CJ
