လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၂)

ဆူးငှက်
မှတ်မှတ်ရရ ကျွန်တော် လူထုကြီးပွားရေးစာအုပ်တိုက်ကို ၁၉၉၄ သြဂုတ်က စရောက်သည်။ ဒီ့မတိုင်ခင်က ကိုကျော်စိုးဝင်း အစီအစဉ်ဖြင့်လူထုကြီးပွားရေးနှင့် ထီးပေါင်းကားတိုက်ထုတ် စာအုပ်တွေအတွက် ကွန်ပြူတာ စာစီတွေကို ဖြတ်ညှပ်ကပ်layout လုပ်တာ၊ စာဖောင်ဖွဲ့တာ၊ ဖလင်တွေ ဖလက်တွဲတာတွေ ဆောင်ရွက်ခဲ့ရသည်။
မြန်မာ့မဟာဂီတ (၁၉၈၉)၊ ဆေးလိပ်နဲ့လူသား(၁၉၉၀)၊ မန္တလေးသူ မန္တလေးသားများ(၁၉၉၁)၊ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့ မန္တလေး (၁၉၉၃)၊ ထိုင်းဝတ္ထုတိုများ- ၂ (၁၉၉၃)၊ သာသနာ့တန်ဆောင်ဆရာတော်ကြီးများ(၁၉၉၄) တွေကို ဖလက်တွဲပေးရသည်။ မန္တလေးသူ မန္တလေးသားများ စာအုပ်နှင့်ဲ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့ မန္တလေး စာအုပ်ထဲက ဓာတ်ပုံ အချို့ ကူညီခွင့် ရခဲ့သည်။တိုက်ကိုရောက်ရောက်ချင်း ပထမဆုံး အတွေ့အကြုံက လူထုအမှတ်တရ လူထုဦးလှ စာအုပ်လေးကို လက်ခွဲဖလင်မှာ စပ်ရောင်များနှင့် မျက်နှာဖုံးရိုက်ရသည်။ ဘူတာကြီးအနောက်ဖက် ရွှေဟံသာစက်မှာပါ။
နောက် ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင်၏ လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်းသံ စာအုပ် မျက်နှာဖုံးကို လက်ခွဲဖလင်နဲ့ ရိုက်၍ရအောင် ဒီဇိုင်းဆင်ရသည်။ ထိုစဉ်က ကွန်ပြူတာကာလာခွဲကို နိုင်ငံခြားပို့ခွဲရလို့ အဖုံးဒီဇိုင်းကို လက်ခွဲနဲ့ရအောင်ပဲ စီစဉ်ကြခြင်းဖြစ်သည်။ ဒေါ်ဒေါ်၏ ကျွန်မတို့ငယ်ငယ်က စာအုပ်အဖုံးကို ၃လက်မ ပတ်လည်သာသာရှိသော ရှေးဟောင်းပန်းချီကားကိုပဲ ကွန်ပြူတာကာလာခွဲကာ ကျန်တာတစ်ရောင်ချင်း ပေါ့စတစ် ဖလင်ပြားအကြည်ကို ဂျပ်စက္ကူနှင့် ဖြတ်တောက် ဖုံးဖိပြီး ဂျပ်အဝါပေါ်ရိုက်ခဲ့သည်။ ၄ရောင်ဖလင် ၃လက်မ ပတ်လည်လေးကို ၁၁လက်မခွဲ × ၈မတ်တင်း ဖလက်မှာ တစ်ရောင်ချင်း light box ပေါ် မှန်ဘီလူးနဲ့ တွဲရတာ မှတ်မိနေပါ၏။ ၁၉၉၄ နိုဝင်ဘာ။
ကျွန်တော်မှတ်မိသလောက် ဒီ စာအုပ်တွေ ဆက်တိုက် ဆိုသလို စီစဉ် ထုတ်ဝေခဲ့သည်။
– လူထု အနှစ်(၅၀) ၁၉၉၆ ဧပြီ
– ပန်းချီဦးအောင်ခင် စာအုပ် ၁၉၉၆ ဇူလိုင်
– ပုဂံလက်သစ် ၁၉၉၆ စက်တင်ဘာ
– မြန်မာပုံပြင်၊
– ကမ္ဘာ့ အကြီးဆုံးကျောက်ဆင်းတု ၊
– ပြည်သူချစ်သော အနုပညာသည်များ (ပဉ္စမအကြိမ်) ၁၉၉၇ ဇန်နဝါရီ။
– အရက်သမားအမှားတစ်ထောင် ၁၉၉၇ ဧပြီ (ဒီစာအုပ်က စီစစ်ရေးဖြုတ်တာများလို့ မထုတ်လိုက်ရ)
– အမေ့ရှေးစကား ( ပတွဲ) ၁၉၉၇ မေ
– တောင်လေးလုံးမှ နတ်ကျွန်းသို့ ၁၉၉၇ ဇွန်
– တောင်အာရှ ပြတင်းပေါက် အိန္ဒိယဝတ္ထုတိုများ ၁၉၉၈ မတ်
– မြမဉ္ဇူ ၊ ၁၂ပွဲဈေးသည်၊
– ဟံသာဝတီဆောင်းပါးများ၊
– စစ်ပြီးစ ဗမာပြည်၊
– လွမ်းသူ့စာ ၁၉၉၈ သြဂုတ်
– ၈၃နှစ် ၈၃ခွန်း ၁၉၉၉ဇွန်
– နှစ်၉၀ပြည့်လူထုဦးလှ ၁၉၉၉ဇွန်
– လူထုချစ်သမျှ လူထုဦးလှ (၂) ၁၉၉၉ အောက်တိုဘာ
– မန္တလေးတောင် ၁၉၉၉နိုဝင်ဘာစသော စာအုပ်များကား မှတ်မှတ်ရရရှိခဲ့ပါ၏။
လူထုတိုက်ကိုရောက်တော့ ကျွန်တော် ပထမဆုံး ပရု(ပ်)ဖတ်ရသည့် စာအုပ်က ဒေါ်ဒေါ်၏ ကျွန်မတို့ ငယ်ငယ်တုန်းက စာအုပ်ဖြစ်သည်။ သည်စာအုပ်က စန္ဒာမဂ္ဂဇင်း၊ သဘင်မဂ္ဂဇင်းနှင့် လုံမလေးမဂ္ဂဇင်းတို့တွင် ဒေါ်ဒေါ်ရေးခဲ့သော ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်၏။ ဒေါ်ဒေါ်က မဂ္ဂဇင်းတိုက်များသို့ ဆောင်းပါးများပို့လျှင် လက်နှိပ်စက်ရိုက်ထားသော စာမူကိုပို့သည်။ ကနဦး ဒေါ်ဒေါ်ရေးထားသော လက်ရေးစာမူကို ဆရာကျော်ရင်မြင့်က လက်နှိပ်စက်ရိုက်သည်။ ထိုလက်နှိပ်စက် ကော်ပီကို ဒေါ်ဒေါ်က ပြန်စစ်သည်။ ပြီးမှ မဂ္ဂဇင်းတိုက်သို့ ပို့သည်။ ကွျွန်မတို့ ငယ်ငယ်က စာအုပ်ကို မူရင်းလက်နှိပ်စက်ကော်ပီမှ ဖောင်ဖွဲ့ထားသည့် ကွန်ပြူတာစာစီ များနှင့် တိုက်ဖတ်ရသည်။ လူထုတိုက်မူအရ ပရု(ပ်)ဖတ်ရာတွင် ၃ကြိမ် ၃ခါ ဖတ်ပါ၏။ ပထမဆုံး မူရင်းစာမူနှင့် တိုက်ဆိုင်ဖတ်သည်။ မူရင်းစာမူကို တစ်ယောက်က ကိုင်၍ အသံထွက်ဖတ်သည်ကို တစ်ယောက်ကလည်း ကွန်ပြူတာ စီထားသည့် စာမူကို ကိုင်ကာ ပြိုင်တူ အသံထွက်ဖတ်ရင်း အကျအပေါက် အဖြတ်အတောက်ကို ဦးစွာ စစ်သည်။
ထို့နောက် စစ်ပြီးစာမူကို ပြင်ချက်များပြင်ဆင်ပြီး ဒုတိယ အကြမ်းထုတ်သည်။ ဒုတိယအကြမ်းကို ပထမအကြမ်းက ပြင်ချက်များ မှန်မမှန်နှင့် သတ်ပုံများပြန်စစ်သည်။ မှင်နီတံ (ကျွန်တော်ရောက်ခါစက လက်သမားသုံး နီပြာတံ) ကိုင်ကာ ပထမပြင်ချက်များ ပြင်ပြီးမပြီးနှင့် ထပ်ပြင်ရန် သတ်ပုံနှင့် ခွဲထားများ မှတ်သား စစ်ဆေးရ၏။ ပြီးလျှင် ထို ဒုတိယအကြမ်း ပြင်ချက်များကို ထပ်မံပြင်ဆင်ပြီးမှ အချောထတ်သည်။ အကယ်၍ ဒုတိယ အကြမ်းမှာ ပြင်ချက်များက ရဲပတောင်းခတ်လောက်အောင် များနေလျှင် တတိယအကြမ်းပြန်ထုတ်ပြီး ပြန်စစ်ကာ စတုတ္ထအကြိမ်မှ အချောထုတ်ပါ၏။ ပထမတိုက်ဖတ်ချိန်တွင် နှစ်ယောက်ဖတ်ကြရာ၌ ဒေါ်ဒေါ်က ကိုယ်တိုင်ဖတ်သည်။ ဒေါ်ဒေါ်မအားမှ မမဒေါ်တင်ဝင်း၊ ဆရာကျော်ရင်မြင့်၊ တိုက်မှ ဒေါ်ဒေါ့်တူ ကိုဘိုလေးနှင့် ကျွန်တော်တို့ ဖတ်ကြသည်။ လူထုတိုက်မှာက ဘာသာရေးစာအုပ်များကိုလည်း ရိုက်နှိပ်ရသောကြောင့် ပါဠိဘာသာကျွမ်းကျင်သည့် ဦးကျော်သိန်း အမည်ရှိ အယ်ဒီတာကြီးတစ်ဦး လည်းရှိသည်။ ဆရာကြီးက လူထုသတင်းစာခေတ်ကတည်းက စာပြင်ကြီးလည်းဖြစ်သည်။ ဓမ္မာစရိယလူပြန်တော်ကြီးမို့ ပါဠိဘာသာသာမက မြန်မာစာလည်းကျွမ်းကျင်သည်။ ထို့ပြင် ဝါရင့် စာပြင်ဆရာကြီးမို့ ပညာတွေ မန္တလေးကနာမည်ကျော်စာအုပ်တိုက်၊ပုံနှိပ်တိုက်ကြီးမို့ဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိများ၊ဘာသာရေးစာအုပ်များအများဆုံးရိုက်နှိပ်ရသဖြင့်အလုပ်သဘောအရဘာသာရေးစာပေများနှင့်မဖြစ်မနေရင်းနှီးထိတွေ့ရသည်။
စာအုပ်အလုပ်ကြောင့်ဖတ်ရမှတ်ရတော့ ခြူးရေးချုံပါဆိုသလိုအသိဉာဏ် ဗဟုသုတတွေလည်းတိုးရသည်။မှတ်မှတ်ရရလူထုအယ်ဒီတာစားပွဲမှာလူထုဒေါ်အမာ၏သာသနာ့တန်ဆောင်ဆရာတော်ကြီးများစာအုပ်နှင့်ပထမရွှေကျင်ဆရာတော်ကြီးရာပြည့်အထိမ်းအမှတ်စာအုပ်များကိုကနဦးအစမှာပင်ထိတွေ့ခွင့်ရခဲ့သည်။ထို့နောက်ဆရာတော်ဦးမာနိတ(ကထိကရဟန်း)၊ဝါးချက်ဆရာတော်၊ ညောင်ရွှေဆရာတော်၊သုဗောဓာရုံဆရာတော်၊စစ်ကိုင်းပထမမဟာဂန္ဓာရုံဆရာတော်၊ဘုရားကြီးတိုက်ဆရာတော်ဦးဇောတိက၊ဘုရားကြီးတိုက်နယာကျောင်းဆရာတော်စသည့်ဆရာတော်ကြီးများ၏ကျမ်းစာအုပ်များလည်းအလုပ်ဖြင့်တွဲ၍ဖတ်ရှုခွင့်ရခဲ့သည်။ထို့နောက်ဆရာတော်ဦးပညာ(အမရပူရ) ကြီးကြပ်မှုဖြင့်ဆရာဦးအေးမြင့်(မြန်မာမှုဒီဇိုင်းသုတေသီ)၊ဆရာမောင်သစ်လွင်(လူထု)၊ဦးစိန်ထွန်းတို့နှင့်အတူအမရပူရမဟာဂန္ဓာရုံတိုက်အရှင်ဇနကာဘိဝံသရာပြည့်အထိမ်းအမှတ်မဂ္ဂဇင်းနှင့်သူငယ်တော်တာရဆယ်နှစ်ပြည့်အထိမ်းအမှတ်မဂ္ဂဇင်းများလည်းစာတည်းအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ကုသိုလ်ယူခဲ့ရပါ၏။
နောက်ပိုင်း ဒေါ်ဒေါ့်မြေး ဘိုဘို (ဘိုဘိုလန်းစင်) နှင့် အတူ ပရု(ပ်)ဖတ်ကြရသည်။ ဘိုဘိုက စကားလုံး၊ ဝါကျအထားအသိုကအစ စေ့စပ်တိကျသည်။
“ကျွန်မတို့ ငယ်ငယ်တုန်းက” စာအုပ်မှာ ဒေါ်ဒေါ်ရေးနေကျ စာပေအနုပညာ ယဉ်ကျေးမှု မဟုတ်ဘဲ ဒေါ်ဒေါ့် ငယ်ဘဝအစိပ်အပိုင်းဖြစ်လေတော့ စိတ်ဝင်စားစရာကောင်းလှသည်။ ငယ်ဘဝကို ရေးသားရင်း ကိုလိုနီခေတ် မန္တလေး၏ပုံရိပ်တွေကို အထင်းသားမြင်လာရသည်။ အထူးသဖြင့် ဒေါ်ဒေါ်က သူ့မိခင်၏မိဘများဇာတိ လက်တောင်းကြီးက အမျိုးတွေအကြောင်းရေးရာတွင် သရုပ်ပီလှလွန်းသောကြောင့် စာပြင်စာတည်းတာဝန်ကိုပင် မေ့လျော့ကာ လက်တောင်းကြီးက အမျိုးတွေဆီရောက်သွားပြီး စာမပြင်မိတာ သတိရမိသည်။တစ်ခါတစ်ရံ ထိုစာအုပ်ကို ဒေါ်ဒေါ်နှင့် ပရု(ပ်)ဖတ်ရလျှင် ငယ်ဘဝအကြောင်းများ၊ အမျိုးတွေ အကြောင်းများကို စာအုပ်ဘေးချပြီး ဒေါ်ဒေါ်က လွမ်းလွမ်းဆွတ်ဆွတ်ပြောပြတတ်သေးသည်။ ဒေါ်ဒေါ့်အဘွား ဒေါ်ရုပ်ဆိုးနှင့် လက်တောင်းကြီးက အဘွားညီအစ်မဝမ်းကွဲ ဒွေးခုံ၊ ဒွေးဆုံနှင့် ဒွေးလုံတို့ အကြောင်း။ ဒေါ်ဒေါ်ပြောပြသော အဘွားညီအစ်မဝမ်းကွဲတွေ အကြောင်းက စိတ်ဝင်စားဖွယ်ကောင်းလှသည်။ တကယ့် အညာကျေးလက်က ဗမာမကြီးများ စရိုက် အပီအပြင်ဖြစ်ပါ၏။ ကျေးလက်သူ ကြီးများ ပီပီ အသက်အရွယ်အိုမင်းချိန်အထိ ကျန်းမာသန်စွမ်း သွက်လက်ချက်ချာပုံတွေက ကြည်နူးပျော်ရွှင်စရာတွေချည်း ဖြစ်သည်။
မြို့က အလည်လာသော မြေးတွေကို ကျွေးဖို့ ပန်တော်ချင်းထန်းလျက်ခဲကြီးကို ကျောက်ပြင်ပေါ် သနပ်ခါးတုံးနှင့် တဒုံးဒုံးထုခွဲနေသော အဘွားဒွေးလုံ၊ မြို့က ဝမ်းကွဲညီအစ်မကပေးလိုက်သော အင်္ကျ ီလေးကို မဝတ်ရက်ဘဲ ခေါက်သိမ်းကာ မြေသောက်ရေအိုးဟောင်းကြီးထဲ မှောက်သိမ်းထားသော အဘွား ဒွေးခုံ၊ လင်းမြွေကြီးတစ်ကောင် အမြဲခိုနေသော ထင်းပုံကြီးအပေါ် ကျော်ခွနင်းကာ ဟိုဘက်ဝိုင်း ဒီဘက်ဝိုင်း ကူးလေ့ရှိသည့် သွက်လက်ချက်လှသော ခါးကုန်းကုန်းနှင့် အဘွား ဒွေးဆုံ။ ဒေါ်ဒေါ်၏ သူ့ဆွေမျိုးများအကြောင်း အရေးအသား တွေက သရုပ်ပေါ်လှသောကြောင့် ပရု(ပ်)မစစ်မိဘဲ စာနောက်မျောပါသွားမိသည်ချည်း ဖြစ်သည်။
ကျွန်မတို့ ငယ်ငယ်တုန်းက စာအုပ်မှာ ၁၉၉၄ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့ ဒေါ်ဒေါ့် ၇၉နှစ်မြောက် မွေးနေ့အမီ ထုတ်ဝေရမည့် စာအုပ်ဖြစ်သည်။ ထိုအချိန်က စာအုပ်တစ်အုပ်အတွက် စာမူကို စီစစ်ရေးတင်တာက အနည်းဆုံး ၆လကြာသည်။ အထူးသဖြင့် လူထုဒေါ်အမာစာမူဆိုလျင် ပို၍ ကြံ့ကြာသည်။ ဆီလို အပေါက်ရှာ အပြစ်ရှာ စစ်သည်။ စာမူ ခွင့်ပြုချက် ကျပါမှ မျက်နှာဖုံး ခွင့်ပြုချက်တင်ရ၏။ သည်တော့ နိုဝင်ဘာမီဖို့ အတော် လုံးပမ်းရသည်။ ဒါတောင် လူထုတိုက်စာမူများနှင့် ပတ်သက်၍ ရန်ကုန်မြို့မှ ဆရာ လူထုဦးစိန်ဝင်းက စီစစ်ရေးကိစ္စ လျင်မြန်ရေးကို ဒိုင်ခံကာ အားစိုက်ပေးနေသည်။ စာမူကလည်း အဖြတ်အတောက်မပါမဖြစ်ပါပြီး ခွင့်ပြုချက်ကျတော့ မျက်နှာဖုံးနှင့် အတွင်းသရုပ်ဖော်ပုံများ ထပ်တင်ရ၏။ အတွင်းပုံများကို ပန်းချီ ကိုချမ်းအေးက ရေးဆွဲပေးသည်။ မျက်နှာဖုံးက ရှေးဟောင်း ရွှေချည်ထိုးကားပုံကို တင်သည်။ အတွင်းသရုပ်ဖော်ပုံအချို့နှင့် မျက်နှာဖုံးကို စီစစ်ရေးက ခွင့်မပြု။ ရှေးဟောင်း ရွှေချည်ထိုးကားက ဒေါင်းပုံဖြစ်နေလို့ ခွင့်မပြုတာတဲ့။ အတွင်းသရုပ်ဖော် အချို့ကလည်း တက္ကသိုလ်နှင့် ပတ်သက်သော ပုံရိပ်တွေပါလို့တဲ့။ အတွင်း သရုပ်ဖော်ပုံ ခွင့်မပြုတာတော့ ဖြုတ်ရုံပေါ့။ မျက်နှာဖုံးကတော့ အသစ်ထပ်တင်ဖို့ အချိန်က အတော် ခက်ခဲသွားသည်။ သည်တော့ ရွှေချည်ထိုးဒေါင်းပုံအစား ရှေးဟောင်းထွက်တော်မူကြီး နံရံဆေးရေးပန်းချီထဲက အစိတ်အပိုင်းတစ်ခုကို အစားထိုးပြီး တင်လိုက်ရသည်။
ထိုစဉ် မျက်နှာဖုံး ကာလာခွဲကလည်း ကွန်ပြူတာကာလာခွဲဆိုပါက ရန်ကုန်မှတဆင့် နိုင်ငံခြားပို့ရသည်။ စရိတ်နှင့် အချိန်က အတော်စားသည်။ ပြန်လည်ထူထောင်ခါစ လူထုတိုက်အဖို့ အသားကျ အဆင်ပြေနေသော ယခင်ဖြန့်ချိရေးပုံစံ ဗွီပီပီစံနစ်က စတင်အဆင်မပြေစဉ်ကာလမို့ ဖြန့်ချီရေးက ကမောက်ကမ။ သည်လိုအချိန်မှာ တိုက်ထုတ်စာအုပ်များအတွက် စရိတ်စကကို အစစ စိစစ်နေရသည်။ သည်လိုအခြေအနေတွင် စာအုပ်များကို စီစဉ်ထုတ်ဝေခဲ့ရခြင်းဖြစ်သည်။ ကျွန်မတို့ငယ်ငယ်တုန်းက စာအုပ်မှာ မွေးနေ့အမီ ထုတ်ဝေရသည်မို့ နိုဝင်ဘာ ၂၇ရက်နှင့် ၂၈ရက်နေ့များတွင် ညလုံးပေါက် မိုးအလင်းရိုက်ရသည်။ ကျွန်တော်က ချက်ချင်းဖလက်တွဲ စက်ကချက်ချင်း ပလိတ်ကူး၊ ချက်ချင်းရိုက်တာမို့ ကျွန်တော်လည်း မိုးလင်းသည်။ ဒေါ်ဒေါ်က နံနက်အရုဏ်တက် ၄နာရီခွဲလျှင် လမ်းလျှောက်ထွက်တာမို့ ၂၈ရက်နေ့ နံနက်စောတွင် တိုက်အောက် အလုပ်ခန်း၌ ကျွန်တော့်ကို တွေ့တော့ “ သြ… မင်းက အိမ်မပြန်လိုက်ရဘဲ ဒီမှာ လင်းသွားတာလား၊ မင်းအိမ်ကိုရော ပြောခဲ့ရဲ့လားကွယ့်၊ အိမ်ကစိတ်ပူနေပါ့မယ်ကွယ်၊ မင်း ဇနီးရော သေချာပြောခဲ့ရဲ့လား” စသည်ဖြင့် မေးသည်။ ကျွန်တော်က အိမ်ကို ပြောခဲ့ပါကြောင်း၊ အိမ်ပြန်ကာ ပြောပြီးမှ လာပါကြောင်း၊ ဒေါ်ဒေါ် စိတ်မပူဖို့ ပြောပါသည်။ ထို့နောက် ဒေါ်ဒေါ်က စက်က ရိုက်ပြီးစာဖောင်တွေ ယူကြည့်သည်။ ခဏနေတော့ ဒေါ်ဒေါ်က သူ့ စာရေးစာပွဲရှိရာ အခန်းထဲ ဝင်သွားပြီး ကျွန်တော့်ကို လှမ်းခေါ်သည်။ “ အခုမှ ၄နာရီခွဲပဲ ရှိသေးတာကွယ့်၊ မလင်းသေးဘူး။ မင်း အိပ်ချိန်ရှိသေးတယ်၊ ဒီမှာ အိပ်ဦး၊ ၂နာရီလောက် အိပ်လို့ရသေးတယ်” ဟု ဆိုကာ စာပွဲဘေးက ခုတင်လေးကိုပြသည်။
တကယ်တော့ ထိုခုတင်လေးက နေ့လယ်နေ့ခင်း ဒေါ်ဒေါ် တစ်ရေးတမော အိပ်သည့် အိပ်ရာဖြစ်သည်။ ဖြူဖွေးသန့်စင်သော ခေါင်းအုံးပေါ်တွင် ပခုက္ကူချည်ထည် စောင်လေးတွေ သပ်ရပ်စွာ ခေါက်တင်ထားသည်။ ကမ္ဘာကျော် နိုင်ငံကျော် သတင်းစာဆရာ စာရေးဆရာမကြီး နေ့လယ်နေ့ခင်း အနားယူသော နေရာမှာ ဘယ့်နှယ်လုပ် ကျွန်တော် အိပ်ဝံ့ပါ့မလဲ။ ကျွန်တော် မဝံ့မရဲဖြစ်နေသည်။ “အိပ်ဦး၊ အိပ်ဦး၊ စောသေးတယ်၊ မပြန်နဲ့ဦး..” ဟု တိုက်တွန်းနေတော့ ဒေါ်ဒေါ်ကျေနပ်အောင် ဝင်အိပ်လိုက်ရသည်။ ဒေါ်ဒေါ်ထွက်သွားပြီး လမ်းလျောက်ထွက်ရန် သံတံခါးပိတ်သံကြားမှ ကျွန်တော် ခုတင်လေးပေါ်က အသာဆင်းပြီး စက်ဆရာမောင်သောင်းတို့နှင့် ၂၈လမ်း သံဖြူတန်းထိပ်က အလင်းဆိုင်သို့ ချီတက်ကြလေကုန်၏။
-ဝ- -ဝ- -ဝ-
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW