ဒါကာ၊ အောက်တိုဘာ-၂၉-၂၀၂၅
မျိုးဆက်(VOM)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဝါမီလိဂ်ပါတီကို ရွေးကောက်ပွဲဝင်ခွင့်ပိတ်ပင်ထားတာကြောင့် ပါတီထောက်ခံသူ သန်းပေါင်းများစွာဟာ လာမယ့်နှစ် ရွေးကောက်ပွဲကို အကြီးအကျယ် သပိတ်မှောက်ကြလိမ့်မယ်လို့ ရာထူးကနေ ဖြုတ်ချခံရပြီး အိန္ဒိယကို ပြည်ပြေးအဖြစ် ရောက်ရှိနေတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ပြောပါတယ်။
အသက် ၇၈ နှစ်အရွယ် ဟာစီနာဟာ သူမရဲ့ပါတီကို ချန်လှပ်ထားတဲ့ ရွေးကောက်ပွဲတွေအပြီး ဖွဲ့စည်းမယ့် ဘယ်အစိုးရအောက်မှာမဆို ဘင်္ဂလားဒေ့ရှ်ကို ပြန်လာမှာမဟုတ်ဘူးလို့ ပြောပါတယ်။ သူဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကျောင်းသားတွေဦးဆောင်တဲ့ အုံကြွမှုမှာ အိန္ဒိယကို တိမ်းရှောင်နေခဲ့တာပါ။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မူဟာမက်ယူးနပ်စ် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရဟာ ဟာစီနာ ရာထူးမှ ဖယ်ရှားခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို အုပ်ချုပ်ခဲ့ပြီး လာမယ့်နှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ကတိပြုထားပါတယ်။
“အဝါမီလိဂ်ကို ပိတ်ပင်ခြင်းဟာ မတရားရုံသာမက ပိတ်ပင်သူတွေကိုယ်တိုင်လည်း ရှုံးနိမ့်စေလိမ့်မယ် ” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို ၁၅ နှစ်ဆက်တိုက် ဦးဆောင်ပြီး ရာထူးပြုတ်ကျခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဟာစီနာက ပြောပါတယ်။
နောက်အစိုးရဟာ ရွေးကောက်ပွဲဆိုင်ရာ တရားဝင်မှုရှိရမှာဖြစ်ပြီး လူသန်းပေါင်းများစွာဟာ အဝါမီလိဂ်ကို ထောက်ခံကြတာကြောင့် လက်ရှိ အခြေအနေအရ မဲပေးကြမှာမဟုတ်ဘူးလို့ ဟာစီနာက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၁၂၆ သန်းကျော်ရှိပါတယ်။ အဝါမီလိဂ်နဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ(BNP) တို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးကို ကြာမြင့်စွာ လွှမ်းမိုးထားပြီး BNP လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့မျှော်မှန်းထားပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဟာ မေလမှာတော့ အဝါမီလိဂ်ပါတီရဲ့ မှတ်ပုံတင်ကို ရပ်ဆိုင်းခဲ့ပါတယ်။ အစောပိုင်းမှာ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုတွေကြောင့် အဝါမီလိဂ်ထိပ်တန်းခေါင်းဆောင်တွေအပေါ် ရာဇ၀တ်ဆိုင်ရာ စုံစမ်းစစ်ဆေးခဲ့ပြီး ပါတီရဲ့ လှုပ်ရှားမှုတွေကို ပိတ်ပင်ခဲ့ပါတယ်။
Ref:Reuters
Photo:AFP
