ဆိုးလ်၊ အောက်တိုဘာ-၃၀-၂၀၂၅
ရတီ(VOM)
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ တောင်ကိုရီးယားအတွက် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်း တည်ဆောက်ရန် အတည်ပြုခွင့်ပြုပေးလိုက်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီလိုခွင့်ပြုလိုက်တာကြောင့် တောင်ကိုရီးယားဟာ နျူကလီးယားရေငုပ် သင်္ဘောပိုင်ဆိုင်တဲ့ နိုင်ငံအနည်းငယ်ထဲက တနိုင်ငံဖြစ်လာတော့မှာပါ။ တောင်ကိုရီးယားကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာတဲ့ ဖီလာဒဲလ်ဖီးယားရှိ သင်္ဘောကျင်းမှာ ရေငုပ်သင်္ဘောတည်ဆောက်သွားမယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နဲ့ အခြားဒေသဆိုင်ရာ ခေါင်းဆောင်တွေနဲ့ အာရှခရီးစဉ်အတွင်း တွေ့ဆုံခဲ့တဲ့ သမ္မတထရန့်က တောင်ကိုရီးယားဟာ အမေရိကန်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အမြောက်အမြားကို ဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။
ထရန့်နဲ့ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်တို့ဟာ အောက်တိုဘာ ၂၉ ရက်က တောင်ကိုရီးယားမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးအတွင်း နှစ်နိုင်ငံအကြား ရှုပ်ထွေးတဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရဲ့ အသေးစိတ်အချက်အလက်တွေကို အပြီးသတ် သဘောတူခဲ့ကြပါတယ်။
တောင်ကိုရီးယားအနေနဲ့ နျူကလီးယားလောင်စာ ကိုယ်ပိုင်ထုတ်လုပ်ဖို့ အမေရိကန်၏ ခွင့်ပြုချက်ကိုလည်း သမ္မတလီဂျေးမြောင်က တောင်းဆိုခဲ့ပါတယ်။ နှစ်နိုင်ငံအကြား သဘောတူညီချက်အရ တောင်ကိုရီးယားဟာ အမေရိကန်ရဲ့ သဘောတူညီချက်မရှိဘဲ နျူကလီးယားလောင်စာ ထုတ်လုပ်ခွင့်မရှိပါဘူး။
လက်ရှိမှာ နှေးကွေးသော ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေအစား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်း တည်ဆောက်ဖို့ မိမိ ခွင့်ပြုချက်ပေးခဲ့တယ်လို့ ထရန့်က သူ့ရဲ့ လူမှုကွန်ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Ref:CNA
Photo:Reuters
